အာဟာရ ခလုတ်

30/07/2020 17:00 PM တွင် ထွန်းဝင်းကျော် ထွန်းဝင်းကျော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အာဟာရ အုပ်စု (၃) စု ရှိတယ်မဟုတ်လားဟေ့။ 

ကြီးထွား အားဖြစ် ရောဂါ ကာကွယ် ဆိုပြီး မှန်တယ် မို့လားဝေ့။ 

အဲ့အာဟာရအုပ်စု (၃) စုလုံးမှာ အပင်တွေပါကြတာ ဟုတ်တယ်နော်။။ 

     ကဲကဲ ဖြေနိုင်တဲ့ မေးခွန်းလေးတွေ မေးပြီးပြီဆိုတော့ အာဟာရ ကို အပင်တွေကချည်း ယူရမှာလား သူတို့ကရော ပြန်မယူဘူးလားဆိုတာကို ဆက်ပြောကြည့်ရအောင်

ပုံစံ (၂) မျိုး

     အာဟာရ ရယူတဲ့ သတ္တဝါတိုင်းမှာ ပုံစံ (၂) မျိုးရှိပါတယ်။ 

     ပထမတစ်မျိုးကHeterotrophs ဖြစ်ပြီးတော့ နောက်တစ်မျိုးက Autotrophs ပါ။

Heterotrophs

     Heterotrophs ဆိုတာကတော့ သူတို့ဖြစ်ထွန်းဖို့အတွက်ကို တစ်ခြားသူဆီက အစာတွေ ယူရတဲ့ သူပါ။  သူတို့ကိုယ်တိုင် အစာချက်လုပ်နိုင်တာမျိုး မဟုတ်ပါဘူး။  စဉ်းစားကြည့်ပါအုန်း။  အပင်တွေလိုသာ လေထဲက ဓာတ်ငွေ့တွေစုပ်ယူပြီးတော့ အစာချက်လုပ်နိုင်ကြမယ်ဆိုရင်လေ ကြက်သားကြော်လေး ငါးဟင်းလေး ငပိရည်လေးတွေ စားရတော့မှာ မဟုတ်ဘူးလေ။ အဲ့ စားဖို့ သောက်ဖို့ အတွက်လည်း  ပိုက်ဆံ မကုန်တော့ဘူးပေါ့။  ဟဲ ဟဲ။ 

     ကဲကဲ အဆုံးသတ်ကတော့ လှုပ်ရှားတယ် ရုန်းကန်တယ် ကြီးထွားတယ် စတဲ့ အသက်ရှင်ဖို့ လှုပ်ရှားတဲ့ ဇီဝကမ္မဖြစ်စဉ်တိုင်းမှာ တစ်ခြားသူ ချက်လုပ်ထားတဲ့ အစားအစာကို အားကိုးကြရတဲ့ သက်ရှိတွေကို Heterotrophs လို့ ခေါ်ပါတယ်။ မှီခိုသူများပေါ့။ အရမ်းသနားစဖွယ်ဆိုရင်တော့ အားကိုးရာရှာကြရသူများပေါ့လေ။  ဇာတ်နာအောင်ပေါ့။  

Heterotrophs မှာ (၃) မျိုး 

Herbivores - အပင်ပဲစားတယ်။ 

     အစာထုတ်ပေးတဲ့ အပင်တွေကိုပဲစားပြီးတော့ ရှင်သန်ကြီးထွားကြတဲ့ သက်ရှိတွေကို ဆိုလိုပါတယ်။ ဥပမာပြောရရင် နွားတို့ ကျွဲတို့ပေါ့။  သူတို့က အပင်တွေကိုပဲစားတယ် မြက်စားတယ် ကောက်ရိုးစားတယ်။  သက်သက်လွတ်သမားတွေပါ။ သူတို့စားလိုက်တဲ့ စွမ်းအင်ကိုမှ ပြန်ပြောင်းပြီးတော့ နို့ တို့ အသားတို့ ဖြစ်ထွန်းလာတာပါ။ 

Omnivores - အပင်ရော အသားရော စားတယ်။ 

     အထင်ရှားဆုံး ဥပမာက ဘာရှိလို့လဲ။  လူပေါ့။  အရွက်လည်းစားတယ် အသားလည်းစားတယ်။ စုံနေအောင်စားတယ်။  သူတို့က autotrophs တွေအပြင်ကို heterotrophs အချင်းချင်းလည်း ပြန်စားကြပါတယ်။ အာဟာရအားဖြင့် အားကိုးကြရပါတယ်။ 

Carnivores - အသားပဲစားတယ်။  

     Lion ကြီးတို့ အုပ်စု။ သူတို့ကျ အစာချက်လုပ်ပေးတဲ့ အဓိကရင်းမြစ်ကို မစားပါဘူး။  အဲ့ရင်းမြစ်ကို စားပြီးပြောင်းလဲလာတဲ့ အသားကိုပဲ စားတာပါ။  

     ဒါပေမဲ့ သူတို့ကလည်း မှီခိုကြရတဲ့သူတွေပါပဲ။ တိုက်ရိုက်အားဖြင့် မှီခိုတာမဟုတ်ပဲနဲ့ သွယ်ဝိုက်သော နည်းအားဖြင့် မှီခိုတာပါ။ မြက်ကို နွားစား၊ နွားကို ကျားကိုက်။  အဲ့ဒါပါပဲ။ 

Heterotrophs တွေထဲမှာ အပင်တွေပါသလား။ 

     ပါတာပေါ့။  ကပ်ပါးပင်တွေ ရှိပါတယ်။  သူတို့က တစ်ခြားအပင်တွေမှာ ကပ်နေပြီး ကပ်နေတဲ့ အပင်ကနေပဲ အစာနဲ့ရေကိုယူပြီး ရှင်သန်ကြတာပါ။  အဲ့အပင်တွေဆို အစာချက်လုပ်နိုင်တာမျိုးမရှိပါဘူး။  နောက်တစ်ခုကမှိုတွေပါ။  မှိုတွေက သူတို့ကိုယ်တိုင် အစာချက်ပြီး ကြီးထွားလာတာမျိုးမဟုတ်ပဲနဲ့ တစ်ခြား အပင် အသားတွေကနေ အစာအာဟာရကို ယူပြီးတော့ ရှင်သန် လာကြတာပါ။  အဲ့အတွက် သူတို့ကလည်း အစာကို ဖန်တီးထုတ်လုပ်တဲ့ သူတွေထဲမှာ မပါပါဘူး။ 

     နောက်တစ်ခုကတော့ အရောင်အသွေးတွေစုံလင်ပြီး လှပတဲ့ အင်းဆက်စားအပင်တွေပါ။  နတ်သမီးထောင်ချောက်လို အင်းဆက်ကိုစားပြီး အာဟာရပြန်ယူတဲ့ အပင်တွေဟာ အစာကို ကိုယ်တိုင် ပြန်မချက်လုပ်နိုင်ကြပါဘူး။  အဲ့လို အပင်တွေလည်းရှိပါတယ်။ 

Autotrophs

     အားကိုးအားထားရာကြီးကတော့ Autotrophs ပါ။ သူတို့အတွက် အစာကို သူတို့ကိုယ်တိုင် ချက်လုပ် ဖန်တီးနိုင်ပါတယ်။ ပြေးမြင်မိတာ အပင်တွေ မဟုတ်လား။  အပင်တွေမှာ အစိမ်းရောင်ခြယ်ပစ္စည်းဖြစ်တဲ့ ကလိုရိုဖီလ်း ပါတာကြောင့် နေရောင်ခြည်စွမ်းအင်နဲ့ ကာဗွန်နဲ့ရေတို့ကို အစာအဖြစ်ပြောင်းလဲနိုင်စွမ်းရှိကြပါတယ်။ အပင်တွေပဲလားဆိုတော့ မဟုတ်ပါဘူးတဲ့။ တစ်ချို့ ဘက်တီးရီးယားလေးတွေကလည်း ကိုယ်တိုင် အစာချက်လုပ်နိုင်ကြပါတယ်တဲ့။ တကယ်လို့များ autotrophs တွေများ မရှိဘူးဆိုရင် ရေပဲသောက် လေပဲရှု ကြရတော့မှာပါ။  အဲ့ဒါဆိုတော့ တကယ် အရေးကြီးတာက autotrophs တွေပေါ့။ 

     ခုဏ ကပြောခဲ့သလိုပဲ အပင်တိုင်းက အစာမချက်ကြပါဘူးနော်။  အစာမချက်ပဲ သူများဆီက အာဟာရကို ယူပြီးရှင်သန်ကြတဲ့ အပင်တွေလည်းရှိပါတယ်။

     ကလေးတွေကို လက်ဆင့်ကမ်းပါ။  အရေးကြီးတာ တိုက်တွေတာတွေ မဟုတ်ပါဘူး။  ဂေဟစနစ် တည်တံ့ဖို့ဖြစ်ပါတယ်။  ပန်းတွေ ဆီက ဝတ်မှုန်စုပ်တဲ့ပျားကလေးတွေရှိလို့လည်း ပန်းကလေးတွေ ဖြစ်ထွန်းနေတာပါ။ အရာရာဟာ နင်ပြီးရင် ငါ့အလှည့်ချည်းပါပဲ။ ကိုယ် စိုက်တာ ကိုယ် လက်ခံရမှာပါ။ 

ချစ်မြတ်နိုးပြီး တန်ဖိုးထားတတ်ကြပါစေ။ 

ထွန်းဝင်းကျော်

Reference

https://study.com/academy/lesson/nutrition-autotrophic-heterotrophic.html

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်