ပုစွန်မွေးမြူရေး ဖွံ့ဖြိုးတိုးတက်‌ရေးဆိုင်ရာစီမံကိန်း ဆောင်ရွက်မည်

29/10/2019 15:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ရန်ကုန်၊ အောက်တိုဘာ ၂၄

   ထိုင်းနိုင်ငံ၏ ‌ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာတစ်သန်းခန့်ဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရေချမ်းပြင် ပုစွန်သား ပေါက်စခန်းတွင် ပုစွန်မွေးမြူ ရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာစီမံကိန်းဆောင်ရွက်မည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။ 

   အဆိုပါစီမံကိန်းကို ၂၀၂၀ မှ ၂၀၂၃ ခုနှစ်အထိ ဆောင်ရွက်မည်ဖြစ်ပြီး ရေချမ်းပြင် ပုစွန်သားပေါက်စခန်းတွင် ခေတ်မီသည့် အဆောက်အဦအသစ်များ ပြန်လည်တည်ဆောက်ခြင်း၊ ပုစွန်မွေးမြူ ရေးနှင့်ပတ်သက်သည့် အချက်အလက်များကို ထိုင်းနိုင်ငံမှပညာရှင်များဖြင့် နည်းပညာအထောက်အပံ့များ ပေးအပ်သွားမည်ဖြစ်‌ကြောင်း သိရသည်။

   “အမှန်တစ်ကယ်‌တော့ ဒီဘဏ္ဍာနှစ်ကတည်းကစရမှာ။ ထိုင်းထောက်ပံ့ငွေက နောက်ကျနေတဲ့အတွက် မစနိုင်တာဖြစ်တယ်။ ရေချမ်းပြင်စခန်းမှာ အဆောက်အဦတွေက ဆွေးမြည့်ပြီးပျက်စီးနေပြီ။ အဲဒါတွေကို အကုန်လုံး ပိုပြီးခေတ်မီတဲ့အဆောက်အဦတွေ ပြန်ဆောက်ပေးမယ်။ သင်တန်းတွေပေးမယ်။ ထိုင်းနည်းပညာနဲ့ ဒီကပညာရှင် တွေပူးပေါင်ပြီး နည်းပညာအထောက်အပံ့ပေးမယ်။ ဒေသကသူတွေကို ဘယ်လိုမွေးရတယ်ဆိုတာတွေကို သင်တန်းတွေပေးမယ်။ ရခိုင်ပြည်နယ်မှာ ပုစွန်ကန်တွေက များတယ်။” ဟု  ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဇင်ထူးက ‌ပြောသည်။

   ရခိုင်ပြည်နယ်တွင် ပုစွန်သားဖောက်မွေးမြူသည့် ပုစွန်မွေးမြူ ရေးကန်များခြင်း‌ကြောင့် မျိုးကောင်းမျိုးသန့်  ပုစွန်သားပေါက်များ တိုးတက်ထုတ်လုပ်နိုင်ရန် ထိုင်းနိုင်ငံမှ ငါးလုပ်ငန်းဆိုင်ရာဌာနနှင့် မြန်မာနိုင်ငံမှ ငါးလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ ထိုင်းနိုင်ငံမှ Thailand International Corporation Agency ထောက်ပံ့ငွေဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

   ထိုင်းနိုင်ငံ၏ ‌ထောက်ပံ့ငွေအပြင် မြန်မာနိုင်ငံဘက်မှလည်း ကျပ်သန်း ၁၆၀ ခန့်အသုံးပြု ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းဒေသရှိ ပုဂ္ဂလိကကဏ္ဍမှ ပုစွန်မွေးမြူ ရေးလုပ်ငန်းရှင်များကိုလည်း ထိုင်းနိုင်ငံ၏နည်းပညာဖြင့် သင်တန်းများ ပို့ချပေးသွားမည်ဖြစ်ကြောင်း ငါးလုပ်ငန်းဦးစီးဌာနထံမှ သိရသည်။

   မြန်မာနိုင်ငံအတွင်းရှိ ပုစွန်သားပေါက် မွေးမြူထုတ်လုပ်သည့်လုပ်ငန်းများသည် အမည်မသိရောဂါကျရောက်ကာ ပုစွန်သားပေါက်ထုတ်လုပ်မှု မအောင်မြင်ခြင်း‌ကြောင့် အဆိုပါစီမံကိန်းသည် ပြည်တွင်းပုစွန်သားပေါက် မွေးမြူထုတ်လုပ်မှုကို အထောက်အပံ့ဖြစ်စေမည်ဖြစ်ကြောင်း သိရသည်။ 

အေးအေးမြင့်(ABM)

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်