အာဖရိကဝက်အပြင်းဖျားရောဂါ မြန်မာနိုင်ငံသို့ မကူးစက်လာစေရန် ကြိုတင်ကာကွယ်ရေးဆောင်ရွက်

14/03/2019 10:21 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် အာဖရိကဝက်အပြင်းဖျားရောဂါ မြန်မာနိုင်ငံသို့ မကူးစက်လာစေရန် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားမှုများနှင့်ပတ်သက်၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲထွန်းဝင်းနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြအပ်ပါသည်။

မေး။ ။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက အာဖရိကဝက်အပြင်းဖျားရောဂါနဲ့ပတ်သက်ပြီး ကြေ ညာချက် ထုတ်ပြန်ထားပါတယ်။ ဒီလိုထုတ်ပြန်ထားရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး သိရှိပါရစေ။

ဖြေ။ ။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေနဲ့ အိမ်နီးချင်း တရုတ်နိုင်ငံမှာ ရောဂါဖြစ်ပွာကြောင်း တွေ့ရှိရတာကြောင့် မြန်မာနိုင်ငံကို ရောဂါမကူးစက်လာစေဖို့ အာဖရိကဝက်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်ရေးအတွက် တိရစ္ဆာန်ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးဥပဒေ (၁၇/၉၃)အရ ပထမဦးစွာ ဒီရောဂါကို (ခ) စာရင်းဝင် ကူးစက်ရော ဂါအဖြစ် သတ်မှတ်ကြောင်း ကြေညာချက်ကို ဖေဖော်ဝါရီ ၂ဝ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ မဖြစ်ပွားသေးသော်လည်း ရောဂါအချိန်မရွေး ဝင်ရောက် လာနိုင်တဲ့အတွက်ကြောင့် ဒီရောဂါကို အသင့်အနေထားနဲ့ ရောဂါကာကွယ်ရေး ကြိုတင်ပြင်ဆင်မှုတွေနဲ့ စောင့်ကြည့်လျက်ရှိပါတယ်။

မေး။ ။ မွေးမြူရေးနှင့် ကုသရေးရဲ့ရည်ညွှန်းချက်စာနဲ့ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက ဝက်နဲ့ ဝက်ထွက်ပစ္စည်းတွေ တင်သွင်းမှုကို ကန့်သတ်ကြောင်း သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး သိပါရစေ။

ဖြေ။ ။ တရားမဝင် ဝက်နဲ့ ဝက်ထွက်ပစ္စည်းတွေကို သယ်ဆောင်ခြင်းနဲ့ စားသုံးဖို့ တစ်နိုင်တစ်ပိုင်သယ်ယူခြင်းတွေကနေ ရောဂါကူးစက်မှုတွေ ဖြစ်ပွားနိုင်တာကြောင့် လေကြောင်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနကို ဝက်နဲ့ ဝက်ထွက်ပစ္စည်းတွေ တင်သွင်းမှုကို ကန့်သတ်ဖို့အတွက် ညှိနှိုင်း အကြောင်းကြားရခြင်းဖြစ်ပါတယ်။

တားဆီးကန့်သတ်ခြင်းတွေ လုပ်ဆောင်

တရုတ်၊ ဗီယက်နမ်၊ မွန်ဂိုလီးယားနိုင်ငံတို့က ဝက်နဲ့ ဝက်ထွက်ပစ္စည်း (ဝက်သား၊ အေးခဲသား၊ ဝက်ပေါင်ခြောက်၊ ဝက် အူချောင်းနှင့် အခြားဝက်ထွက် ပစ္စည်း)တွေကို လေဆိပ်၊ ရေဆိပ်၊ နယ်စပ်ဂိတ်တွေကနေ မဝင်ရောက်လာစေဖို့အ တွက် မတ် ၅ ရက်မှာ လေဆိပ်ပူးပေါင်းညှိနှိုင်းရေးကော်မတီ၊ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ အကောက်ခွန်ဦးစီးဌာနတွေကို အကြောင်းကြားထားပြီး တားဆီးကန့်သတ်ခြင်းတွေ လုပ်ဆောင်လျက် ရှိပါတယ်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ပြည်ပဆိုက်ရောက်လေဆိပ်ခန်းမမှာ ဝက်သား၊ အေးခဲသား၊ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်း၊ အခြားဝက်ထွက်ပစ္စည်းတွေကို မြန်မာနိုင်ငံအတွင်း သယ်ဆောင်ခွင့်မပြုကြောင်းကို Notifiable Screen Advertisement မှာ ၁ဝ မိနစ်တစ်ခါနှုန်းနဲ့ Slide show ပြသပြီးတော့ အသိပညာပေး လုပ်ဆောင်လျက်ရှိပါတယ်။

မေး။ ။ မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာလည်း အာဖရိကဝက်အပြင်းဖျားရောဂါ ဖြစ်ပွားနေတဲ့အတွက် မြန်မာနိုင်ငံအနေနဲ့ရော ကြိုတင်ပြီး ဘာတွေလုပ်ဆောင်နေပါသလဲ။

ဖြေ။ ။ ဝက်ရောဂါ စူးစမ်းလေ့လာရေးသင်တန်းကို အန္တရာယ်အလားအလာ မြင့်မားတဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးက ဝန်ထမ်းတွေကို သင်တန်းပို့ချခဲ့ပြီးဖြစ်ပါတယ်။

ဝက်ရောဂါ စူးစမ်းလေ့လာခြင်းလုပ်ငန်းကို တိုင်းဒေသကြီး၊ ပြည်နယ် ခုနစ်ခုမှာ ဆောင်ရွက်လျက်ရှိပါတယ်။ ရောဂါနဲ့ပတ်သက်ပြီး အသိပညာပေးခြင်း awareness တွေအတွက် လက်ကမ်းစာစောင်တွေကို ဖြန့်ဝေထားပါတယ်၊ ရောဂါဖြစ်ပွားတဲ့ နိုင်ငံတွေက ဝက်နဲ့ ဝက်ထွက်ပစ္စည်းတွေကို ယာယီတားမြစ် ပိတ်ပင်ထားပြီးတော့ ရောဂါဖြစ်ပွားခြင်းမရှိသေးတဲ့ နိုင်ငံတွေကသာလျှင် လိုအပ်ချက်အရ တင်သွင်းခွင့်ကို စိစစ်ခွင့်ပြုလျက်ရှိပါတယ်။

ပြီးတော့ နယ်စပ်ဒေသကုန်သွယ်ရေး ဝင်ပေါက်၊ ထွက်ပေါက်တွေမှာ စစ်ဆေးကြပ်မတ်ခြင်းတွေ ပိုမိုအားကောင်းလာစေဖို့ တိုးမြှင့်ဆောင်ရွက်သွား ရပါမယ်။

မေး။ ။ စားသုံးသူပြည်သူတွေအနေနဲ့လည်း စိုးရိမ်မှုတွေရှိနေပါတယ်။ ဒါကြောင့် အာဖရိကဝက်အပြင်းဖျားရောဂါလက္ခဏာတွေနဲ့ ဘယ်လို ကူးစက်တယ်ဆိုတာ သိပါရစေ။

ဖြေ။ ။ ကမ္ဘာ့တိရိစ္ဆာန်ကျန်းမာရေးအဖွဲ့ကနေ အာဖရိကဝက်အပြင်းဖျားရောဂါဟာ လူကိုကူးစက်တတ်သောရောဂါမဟုတ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာထားခဲ့ပါတယ်။ ဒါကြောင့် ဒီရောဂါဟာ လူကို မကူးစက်နိုင်ပါဘူး။ ဒီရောဂါဟာ တိရစ္ဆာန်တွေမှာသာ ဖြစ်ပွားတဲ့ ရောဂါဖြစ်တာကြောင့် ပြည်သူလူထုအနေနဲ့ ရောဂါကူးစက်မှာကို စိုးရိမ်ဖို့မလိုပါဘူး။

စီးပွားရေးကို ဆုံးရှုံးထိခိုက်စေ

ဒီရောဂါဟာ ဝက်အုပ်စုအတွင်း ကူးစက်ကျရောက်ရင် ရောဂါကူးစက်ခံရတဲ့ ဝက်အားလုံး သေစေနိုင်ပြီးတော့ သေဆုံးနှုန်း ၁ဝဝ ရာခိုင်နှုန်းရှိတာကြောင့် ဝက်မွေးမြူသူတွေရဲ့ စီးပွားရေးကို ဆုံးရှုံးထိခိုက်စေပါတယ်။

အဓိကအနေနဲ့ ဒီရောဂါဟာ ရောဂါကူးစက်ခြင်းခံရတဲ့ဝက်၊ အညစ်အကြေး၊ ဝက်ထွက်ပစ္စည်းတွေနဲ့ တိုက်ရိုက်ထိတွေ့ခြင်း၊ မွှားလို ကြားခံလက်ခံကောင် တွယ်ခြင်းကိုက်ခြင်း၊ ရောဂါပိုးနဲ့ထိတွေ့ထားတဲ့ ဆေးထိုးအပ်၊ အသုံးဆောင်ပစ္စည်းတွေနဲ့ ယင်တို့ကတစ်ဆင့် ကူးစက်ပျံ့နှံ့ခြင်းတို့ဖြစ်ပါတယ်။

ရောဂါပိုးကူးစက်ခံထားရတဲ့ အေးခဲဝက်သားတွေနဲ့ ထိတွေ့မိခြင်းကနေ ကူးစက်နိုင်ပါတယ်။ ဝက်တွေမှာကတော့ ရောဂါလက္ခဏာတွေက ခြေလက် အဆစ်ရောင်ခြင်း၊ အရေပြားအနာဖြစ်ခြင်း၊ အရေပြား(နားရွက်၊ အမြီး၊ ဝမ်းဗိုက်) နီရဲခြင်း၊ ကိုယ်ပူချိန်မမှန်ခြင်း၊ အစာအနည်းငယ်သာစားခြင်း၊ အလေးချိန် လျော့ကျခြင်း၊ ပျို့အန်ခြင်း၊ သွေးဝမ်းသွားခြင်း၊ ဇီးဝက်များမှာ သားလျှောခြင်း၊ အသက်ရှူလမ်းကြောင်းဆိုင်ရာလက္ခဏာ တွေ့ရခြင်းတို့ဖြစ်ပါတယ်။

ဒီရောဂါဟာ ဝက်နားရွက်ပြာရောဂါ၊ ဝက်ဝမ်းကျရောဂါတွေ၊ တခြား ရောဂါတွေနဲ့ ရောဂါလက္ခဏာဆင်တာကြောင့် မျက်မြင်အားဖြင့် ရောဂါကို အတည်ပြုမခွဲခြားနိုင်ပါဘူး။ ဒါကြောင့် ဓာတ်ခွဲခန်းတွေကို နမူနာပစ္စည်း ပေးပို့စစ်ဆေးဖို့ လိုအပ်ပါတယ်။

မေး။   ။ အိမ်နီးချင်းနိုင်ငံတွေနဲ့ သက်ဆိုင်ရာနိုင်ငံတကာ အဖွဲ့အစည်းတွေက ရောဂါဖြစ်ပွားမှုနဲ့ပတ် သက်ပြီး ဆက်သွယ်လာတာမျိုးရှိပါသလား။ ဒီလိုအဖွဲ့အစည်းတွေနဲ့ ဘယ်လိုဆက်သွယ် ဆောင်ရွက်နေတယ်ဆိုတာနဲ့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေနဲ့ မြန်မာနိုင်ငံမှာ ကူးစက်ဖြစ်ပွားမှုမရှိ အောင် ဘယ်လိုတွေ ဆောင်ရွက်နေတယ်ဆိုတာ သိပါရစေ။

ဖြေ။   ။ OIE အဖွဲ့ကြီးက နောက်ဆုံးအခြေအနေတွေကို ဖြန့်ဝေပေးလျက် ရှိပါတယ်။ FAO အဖွဲ့က အာဖရိကဝက်ရောဂါဖြစ်ပွားမှု အခြေအနေတွေကို သတင်းပေးပို့ခြင်းနဲ့ ရောဂါကြိုတင်ကာကွယ်ရေးနဲ့ ရောဂါရှာဖွေရေး အတွက် နည်းပညာပံ့ပိုးကူညီမှုတွေကို လုပ်ဆောင်လျက်ရှိပါတယ်။

ကောင်းမွန်တဲ့ဇီဝလုံခြုံမှုများ ပြုလုပ်ရန်လိုအပ်

ဒါ့အပြင်FAO က Dr.LeeMyers ကနေ မြန်မာနိုင်ငံအနေနဲ့ ASF ရောဂါကြိုတင်ကာကွယ်ရေးနဲ့ Contingency Plan ရေးဆွဲရေးအတွက် လာရောက်ညှိနှိုင်းပြီး “Emergency Preparedness Training For African Swine Fever” သင်တန်းကို မတ် ၁ ရက်က နေပြည်တော် မင်္ဂလာသီရိဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

မေး။ ။ ညွှန်ကြားရေးမှူးချုပ်အနေနဲ့ ပြည်သူတွေသိရှိအောင် ဖြည့်စွက် ပြောကြားပေးချင်တာရှိရင်လည်း ပြောကြားပေးပါ။

ဖြေ။ ။ ရောဂါဖြစ်ပွားလျက်ရှိတဲ့ နိုင်ငံတွေက ခရီးသွားလာသူတွေအနေနဲ့ တစ်နိုင်တစ်ပိုင်စားသောက်ဖို့ ဝက်နဲ့ ဝက်ထွက်ပစ္စည်းတွေ သယ်ဆောင်မလာဖို့၊ မွေးမြူသူတွေအနေနဲ့ ကိုယ့်ဝက်ခြံအတွင်းကောင်းမွန်တဲ့ ဇီဝလုံခြုံမှုများပြုလုပ်ဖို့ လိုအပ်ပါတယ်။

ပြန်လည်ကျိုချက်သင့်

တစ်နိုင်တစ်ပိုင် ဝက်မွေးမြူသူတွေအနေနဲ့ ကိုယ့်ရဲ့ဝက်တွေကို တခြားသော အိမ်မွေးဝက်၊ တောဝက်တွေနဲ့ မထိတွေ့စေဖို့နဲ့ အစာကြွင်း အစာကျန်တွေ ကျွေးမယ်ဆိုရင် ပြန်လည်ကျိုချက်သင့်ပါတယ်။

မီးဖိုချောင်ထွက် အသားအပိုင်းအစတွေကို အစာကြွင်းကျန်ထဲ မထည့်ဖို့နဲ့ အိမ်မွေးဝက်တွေ မကျွေးဖို့၊ တောဝက်တွေကို ဖမ်းဆီးသတ်ဖြတ်ခြင်းမပြုဖို့၊ ဝက်တွေ နေမကောင်းခြင်းနဲ့ သေဆုံးခြင်းတွေ ကိုယ့်ရဲ့ပတ်ဝန်းကျင်နဲ့ ဝက်ခြံအတွင်းတွေ့ရှိရင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနကို ဆက်သွယ် အကြောင်းကြားပေးဖို့နဲ့ ရောဂါနမူနာပစ္စည်းတွေ ဓာတ်ခွဲခန်းတွေကို ပေးပို့ပေးဖို့ ပြောကြားလိုပါတယ်။

အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ကြေးမုံသတင်းစာ


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်