နှမ်းပင်တွင်ကျရောက်သော ပိုးစေးနှဲ

21/09/2021 20:00 PM တွင် U Aye Naing U Aye Naing မှ ရေးသား

    နှမ်းသီးနှံတွင်အဓိကကျရောက်တတ်သောရောဂါများမှာ နှမ်းရိုးမဲရောဂါ၊ နှမ်းဖိုရောဂါနှင့် နှမ်းပင်ညှိုးရောဂါဖြစ်ပြီး ဖျက်ပိုးများမှာ နှမ်းဖြုတ်ပိုး၊ ရွက်လိပ်ပိုး၊ နှမ်းသီးဖောက်ပိုး၊ နှမ်းကျိုင်းနက်နှင့် နှမ်းစေ့စုပ်ဂျပိုးတို့ဖြစ်ပါသည်။ ထို့အပြင်ကျရောက်ဖျက်ဆီးပါက ရာခိုင်နှုန်းပြည့်နီးပါးပျက်စီးစေသော ပိုးတစ်မျိုးရှိပါသည်။ ၎င်းပိုးမှာ ပိုးစေးနှဲ (သို့မဟုတ်) မီလီဂျပိုးဖြစ်ပါသည်။

    ပိုး၏အမည်မှာ မီလီဂျပိုးဖြစ်ပြီး ဒေသအခေါ်အားဖြင့် ပိုးစေးနှဲဖြစ်ပါသည်။ စုပ်စားပိုးတစ်မျိုးဖြစ်ပြီး အဓိကကျရောက်သောသီးနှံများမှာ အိမ်ခြံတွင်းစိုက်သီးနှံများနှင့် ဥယျာဉ်ခြံသီးနှံများ (ကြံ၊ သံပုရာ၊ သင်္ဘော၊ စပျစ်) တို့ဖြစ်ပါသည်။ ကျန်သီးနှံများတွင်လည်း အနည်းအကျဉ်းကျရောက်ဖျက်ဆီးလေ့ရှိပါသည်။ ပိုးစေးနှဲသည် ပူအိုက်စွတ်စိုသောရာသီဥတုကို ကြိုက်နှစ်သက်သောကြောင့် နွေစိုက်သီးနှံများနှင့် မိုးကြိုစိုက်သီးနှံများတွင် ကျရောက်ဖျက်ဆီးတတ်ပါသည်။ ထို့ကြောင့် မိုးကြိုနှမ်း၊ နွေနှမ်းစိုက်ခင်း၌ မိုးဆက်တိုက်ရွာချိန်တွင် ကျရောက်တတ်သည်။

ရုပ်သွင်ပြင်လက္ခဏာ

    အရွယ်အစားမှာအလွန်သေးငယ်ပြီး ပျမ်းမျှအရှည် ၂ မီလီမီတာမှ ၄ မီလီမီတာရှိပြီး သာမန်မျက်စိဖြင့် သေချာစွာကြည့်မှသာမြင်နိုင်ပါသည်။ တစ်နည်းအားဖြင့် နှမ်းစေ့အရွယ်ပမာဏခန့်သာရှိပါသည်။ ခန္ဓာကိုယ်မှာ ရှည်မျောမျောဘဲဥပုံဖြစ်ပြီး ဦးခေါင်းမှအမြီးဘက်သို့ ရှူးသွားပါသည်။ ပျော့ပြောင်းသောခန္ဓာကိုယ်တွင် အဆစ်ပိုင်းများပါရှိသော်လည်း ဝါဂွမ်းကဲ့သို့အဖြူရောင်အမှုန့်များ ကျောဖက်ပိုင်းကို ဖုံးအုပ်ထားသောကြောင့် အဆစ်အပိုင်းကို မမြင်နိုင်ချေ။ တစ်ကောင်ချင်းတွေ့ရှိရမှုနည်းပြီး အစုအဝေးဖြင့်နေထိုင်စားသောက်ကြပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကို အဖြူရောင်အမှုန့်များနှင့် ပျားဖယောင်းကဲ့သို့ စစ်ထုတ်ရည်များဖြင့် ဖုံးအုပ်ထားသောကြောင့် အပင်ပေါ်တွင် အပြင်လိုက်တွေ့ရတတ်ပါသည်။

ဘဝစက်ဝန်း

    ပိုးစေနှဲအမသည် ဥများကိုအရွက်၊ အညွှန့်အဖူး၊ အကိုင်း၊ ပင်စည်နှင့် အပင်အောက်ခြေပိုင်းစသည်ဖြင့် နေရာစုံအုတတ်ပါသည်။

    ဥပေါင်း (၁၀၀)မှ (၆၀၀) အထိအုတတ်ပြီး ပျမ်းမျှ ဥ (၃၀၀) အုလေ့ရှိပါသည်။ ဥအရောင်မှာ အဝါဖျော့ရောင်၊ ပန်းရောင်အဖျော့ဖြစ်ပါသည်။ အုပြီး (၇) ရက်မှ (၁၀) ရက်အကြာတွင် အကောင်ငယ်များပေါက်လာပါသည်။ အမဖြစ်လာမည့် ပိုးမမည်(ပိုးတုံးလုံး) များသည် အဆင့် ၃ ဆင့်ဖြစ်ပေါ်ပြီးမှ အရွယ်ရောက်အကောင် အမအဖြစ်သို့ရောက်ရှိပါသည်။ အရွယ်ရောက်အမသည် ဥများအုပြီးသွားပါက သေဆုံးသွားပါသည်။ အထီးဖြစ်လာမည့်ပိုးမမည်များသည် ရုပ်ဖုံးအိမ်တည်ဆောက်ပြီး ရုပ်ဖုံးကောင်ဘဝအဖြစ် နေထိုင်ပြီးမှ အရွယ်ရောက်အထီးအဖြစ်ရောက်ရှိကြပါသည်။

    အရွယ်ရောက်အထီးသည် ပါးလွှာသောအတောင်ပါရှိပြီး အပင်ပေါ်တွင်တွေ့ရခဲပါသည်။ ဘဝစက်ဝန်းအနေဖြင့် (၆)ပတ်မှ (၂) လအထိရှိပါသည်။ အရွယ်ရောက်အမနှင့် ပိုးမမည်များသည် အပင်၏သစ်ရည်ကို စုပ်ယူစားသောက်ဖျက်ဆီးပါသည်။ လက်ခံပင်မရှိပါက ၂ ပတ်-၃ ပတ် အထိအသက်ရှင်နေထိုင်နိုင်ပါသည်။

အပင်ကိုကျရောက်ဖျက်ဆီးမှု

    ဥမှပေါက်လာသော ပိုးမမည်များမှာ ဥမှပေါက်လာသောအခါ အစားအစာအတွက် သစ်ရည်ကိုအစုလိုက်အပြုံလိုက်နေထိုင်ကြပြီး စုပ်ယူကြပါသည်။ ထို့နောက် ခန္ဓာကိုယ်မှာ ပျားဖယောင်းကဲ့သို့ စစ်ထုတ်ရည်ကိုစစ်ထုတ်ပြီး ခန္ဓာကိုယ်အစုအဝေးကို ဖုံးအုပ်ကြပါသည်။ အဖြူရောင်စစ်ထုတ်ရည်ကို ပုရွက်ဆိတ်များမှ လာရောက်စားသောက်ကြသောကြောင့် ပိုးစေးနှဲများသည် ၎င်းတို့ကိုစားသောက်မည့် သားရဲကောင်များ၊ အင်းစက်ပိုးများရန်မှ ကင်းလွတ်နေသဖြင့် အပင်ကို လွတ်လပ်စွာ ကျရောက်ဖျက်ဆီးနေနိုင်ခြင်းဖြစ်ပါသည်။ ထို့ကြောင့် ပိုးစေးနှဲကျရောက်ဖျက်ဆီးပါက ၁ ပတ် ၂ပတ်အတွင်း အပင်များဆိုးရွားစွာပျက်စီးပြီး သေသည်အထိဖြစ်ရပါသည်။ ပိုးစေးနှဲအစုအဝေးသည် ဖယောင်းလွှာအပြင်လိုက်ဖုံးအုပ်ထားသဖြင့် ပိုးသတ်ဆေးပက်ဖျန်းပါကလည်း ထိရောက်မှုမရှိချေ။

ဖျက်ဆီးမှုလက္ခဏာများ

    ပိုးစေးနှဲသည် အပင်သစ်ရည်ကိုစုပ်ယူစားသောက်သော ဂျပိုးအမျိုးအစားဖြစ်ပါသည်။ ထိုသို့သစ်ရည်ကို အစုလိုက်အပြုံလိုက် စုပ်ယူစားသောက်သောကြောင့် အရွက်များ ပုံမမှန်ဖြစ်လာပြီး ညှိုးလာပါသည်။ ထို့နောက် အရွက်များ ဝါခြောက်လာကာ ကြွေကျကုန်ပါသည်။ အပင်၏သစ်ရည်ကို စုပ်စားမှုကြောင့် အပင်ကြီးထွားမှုရပ်တန့်သွား၍ အပင်များပုလာပါသည်။ အကိုင်းအခက်များတွင် အမဲရောင်ကြပ်ခိုးများဖြစ်လာပါသည်။ ပိုးကျရောက်မှုပြင်းထန်လာသောအခါ အပင်များမဲခြောက်လာပြီး သေကုန်ပါသည်။ အချိန်မီကာကွယ်နှိမ်နင်းမှုမရှိပါက ပျက်စီးဆုံးရှုံးမှုမှာ ရာခိုင်နှုန်းပြည့်နီးပါးဖြစ်နိုင်ပါသည်။

ကူးစက်ပျံ့နှံ့ပုံ

    ပိုးစေးနှဲများ၏ ပိုးမမည်များနှင့် အမကသာ အပင်ကိုကျရောက်ဖျက်ဆီးပါသည်။ ၎င်းတို့၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံနှင့် နေထိုင်စားသောက်မှုပုံစံတို့ကြောင့် အပင်တစ်ပင်မှတစ်ပင်သို့ ကူးသန်းပြီး ကျရောက်ဖျက်ဆီးမှု အလွန်နည်းပါသည်။ စိုက်ခင်းတွင် ပိုးစေးနှဲများ လျင်မြန်စွာ ကူးဆက်ကျရောက်ရခြင်းမှာ အောက်ပါအချက်များကြောင့်ဖြစ်ပါသည်။

၁။ လေတိုက်ခတ်မှုကြောင့် လွှင့်ပါးကူးစက်ခြင်း

၂။ ပုရွက်ဆိတ်များသယ်ဆောင်ခြင်းမှတဆင့် ကူးစက်ခြင်း

၃။ လူတို့၏သွားလာလှုပ်ရှားမှုမှတဆင့် ကူးစက်ခြင်း

၄။ လယ်ယာသုံးပစ္စည်းကိရိယာများတွင် ကပ်ပါသွား၍ကူးစက်ခြင်း

၅။ ပိုးကျရောက်ပြီးသော အပင်၏အစိိတ်အပိုင်းများ (အစေ့၊ အသီးတောင့်၊ အကိုင်း၊ ရိုးပြတ်) သယ်ဆောင်ခြင်း သိုလှောင်ခြင်းများမှတဆင့် ကူးစက်ခြင်း

ကာကွယ်နှိမ်နင်းနည်း

    ပိုးစေးနှဲကျရောက်ပြီဆိုပါက စတင်တွေ့ရှိသည်နှင့် အကောင်အစုအဝေးနည်းပါးချိန်တွင် ကျရောက်သော အပင်အစိတ်အပိုင်းများကိုဖယ်ရှားပြီး မီးရှို့ဖျက်ဆီးရပါမည်။ ထိုသို့ စတင်ကျရောက်ချိန်တွင် မနှိမ်နင်းခဲ့ပါက ပိုးစေးနှဲကျရောက်မှု များပြားစွာဖြစ်ပေါ်လာပြီး ဖယောင်းလွှာကလည်းဖုံးအုပ်ထားသဖြင့် ပိုးသတ်ဆေးပက်ဖျန်းနှိမ်နင်းမှုသည် ထိရောက်မှုနည်းပါသည်။ ထို့ကြောင့် မိမိစိုက်ခင်းကို မနက်တစ်ကြိမ် ညနေတစ်ကြိမ် ပုံမှန်စစ်ဆေးသင့်ပါသည်။ အထူးသဖြင့် နွေနှမ်းနှင့် မိုးကြိုနှမ်းစိုက်ခင်းများတွင် နေပူပြင်းပြီး မိုးဆက်တိုက်ရွာပါက ပိုးကြိုက်သောအခြေအနေဖြစ်သောကြောင့် သတိထားသင့်ပါသည်။ အကောင်းဆုံးမှာ ကြိုတင်ကာကွယ်ခြင်းဖြစ်ပါသည်။

၁။ ပိုးစေးနှဲသည် သစ်ရည်ရွှမ်းချိန် အပင်နုပျိုပြီးစိမ်းစိုနေချိန်တွင် သစ်ရည်စုပ်ယူမှု ပိုမိုလွယ်ကူသောကြောင့် အပင်ကို ပုလဲမြေသြဇာ (နိုက်ထရိုဂျင်) လွန်ကဲစွာမကျွေးရန်နှင့် ရေသွင်းခြင်းကိုလည်း ချင့်ချိန်ဆောင်ရွက်သင့်ပါသည်။

၂။ ဘော်ဒိုဆေးရည် (ထုံး+ဒုတ္ထာ) ကို ကြိုတင်ပက်ဖျန်းနိုင်ပါသည်။

၃။ တမာဆီဆေးရည်ကို ကြိုတင်ပက်ဖျန်းပြီး ကာကွယ်နိုင်ပါသည်။

၄။ ပိုးစေနှဲကျရောက်နေပါကလည်း ပတ်ဝန်းကျင်ရှိ အကိုင်းခြောက်၊ အမှိုက်ခြောက်၊ မြက်ခြောက်များကို လေတင်မှ မီးရှို့ပြီး မီးခိုးမှိုင်းတိုက်ပြီး နှိမ်နင်းနိုင်ပါသည်။

၅။ အရှိန်ပြင်းပြင်းရေအားဖြင့် ပိုးအစုအဝေးကို ပက်ဖျန်းနိုင်ပါသည်။

၆။ ဓာတုပိုးသတ်ဆေးဖျန်းမည်ဆိုပါက ပိုးစေးနှဲသည် စုပ်စားပိုးဖြစ်သောကြောင့် ပင်လုံးပြန့်ပိုးသတ်ဆေးတစ်မျိုးမျိုးဖြင့် ပက်ဖျန်းရပါသည်။

၇။ ဆပ်ပြာဖျော်ရည်ဖြင့်လည်း ပက်ဖျန်းနှိမ်နင်းနိုင်ပါသည်။ ဆပ်ပြာဖျော်ရည်သည် လူနှင့်တိရစ္ဆာန်ကို အဆိပ်မဖြစ်စေသော်လည်း ပြင်းအားများပါက အပင်ကိုထိခိုက်နိုင်သဖြင့် ခပ်ပျော့ပျော့ဖျော်ပြီး ပက်ဖျန်းသင့်ပါသည်။ ရေတစ်လီတာလျှင် ဆပ်ပြာဆီ (၁)ဇွန်းခန့်ထည့်ပြီး ပက်ဖျန်းနိုင်ပါသည်။ (ဆေးဖျန်းပုံးတစ်ပုံးလျှင် ဆပ်ပြာဆီ/အမှုန့် (၄) ဇွန်းထည့်ရပါမည်။) ရွှေဝါဆပ်ပြာ သို့မဟုတ် ကာဘော်လစ်ဆပ်ပြာ ၁ လက်မပတ်လည်အရွယ်ခန့်ကို ပါးပါးလှီးပြီး ရေတွင်ပျော်အောင်ဖျော်ပြီး အသုံးပြုနိုင်ပါသည်။ (ပျော်ဝင်လွယ်အောင် ရေဖြင့်ပြုတ်ပြီး အအေးခံ၍ အသုံးပြုနိုင်ပါသည်)

    ပိုးစေးနှဲကို ကြိုတင်ကာကွယ်ရန်သော်လည်းကောင်း နှိမ်နင်းရန်သော်လည်းကောင်း အကောင်းဆုံးဆေးမှာ တမာဆီဆေးဖြစ်ကြောင်း သိရှိရပါသည်။ ဆေးများမပက်ဖျန်းမီ ဦးစွာပထမ ရေဖြင့် အရှိန်ပြင်းပြင်းပက်ဖျန်းပေးပါက အပေါ်ယံဖုံးအုပ်ထားသော ဖယောင်းလွှာများကွာကျပြီးနောက် ကာကွယ်နှိမ်နင်းဆေးတစ်မျိုးမျိုးကို ပက်ဖျန်းပေးပါက ပိုမိုထိရောက်ကြောင်းအကြံပြုအပ်ပါသည်။

    ယခုအခါ နွေနှမ်းနှင့် မိုးကြိုနှမ်းစိုက်ခင်းအချို့ (မကွေး၊ စစ်ကိုင်း၊ မန္တလေးတိုင်းဒေသကြီး)များတွင် ပိုးစေးနှဲကျရောက်မှု အနည်းအကျဉ်းတွေ့လာရပါသည်။ အခြားသောရောဂါပိုးများနှင့် နှိုင်းယှဉ်လျှင် နှမ်းသီးနှံတွင် ကျရောက်မှုနည်းသော်လည်း အကယ်၍ ကျရောက်ဖျက်ဆီးလာပါက ဆုံးရှုံးထိခိုက်မှုများသောကြောင့် သတိထားရမည့် အင်းဆက်ဖျက်ပိုးဖြစ်ကြောင်း တင်ပြလိုက်ပါသည်။