အညာဒေသတွင် ထန်းပင်အများအပြား ခုတ်လဲှနေသော်လည်း ထန်းတောပြုန်းရန်အကြောင်းမရှိဟု ကျောက်ပန်းတောင်း၊ ချောက်မြို့နယ်တို့တွင် ထန်းပင် လိုက်လံဝယ်ယူနေသူ ဦးကျော်ဇင်အောင်က ပြောသည်။
ယာခင်းအလယ်ရှိ ထန်းပင်တို့သည် စိုက်ပျိုးရေးလုပ်ငန်းကို ထိခိုက်စေကြောင်း၊ ထန်းပင်ဝယ်သူတို့ကလည်း ထန်းရည်မထွက်တော့သည့် အပင်မြင့်မျိုးကိုသာ ရွေးချယ် ဝယ်ယူလိုကြောင်း အသက် ၄ဝ အရွယ် ကျူရှင်ဆရာဟောင်း၊ ထန်းပင်ဝယ်ရောင်းသမား ဦးကျော်ဇင်အောင်က ပြောသည်။
မကြာသေးခင်က ကျောက်ပန်းတောင်းမြို့တွင် Myanmar Now နှင့် တွေ့ဆုံစဉ် ဦးကျော်ဇင်အောင်က ထန်းပင်ဝယ်ယူရေးလုပ်ငန်းအကြောင်း ရှင်းပြထားသည်။
မေး။ ။ ဧရာဝတီမြစ်ရေလမ်းကြောင်း ထိန်းသိမ်းရေး စီမံကိန်းအတွက် ထန်းပင်လိုက်ဝယ်ပြီး ပြန်ရောင်းတဲ့အခါ တစ်ပင်အတွက် အမြတ်ဘယ်လောက် ရသလဲ။
ဖြေ။ ။ ကျွန်တော့်ကို ၁ လုံးကို ကော်မရှင် ၁,၅ဝဝ နှုန်း ပေးစားတာ။ သူတို့ငွေချပေးတယ်၊ ကရိန်းခ၊ ထွန်စက်ခ၊ ခုတ်လှဲခ ခံတယ်။ အောက်ပိုင်းက ကျန်နေတဲ့အတိုတွေတော့ ကျွန်တော်ရတာပေါ့။ အတို၊ အရင်းပိုင်းတွေက ထန်းပင်တစ်ပင်လုံးမှာ အကောင်းဆုံးနေရာတွေ။ အဆင့်မြင့်လူသုံးကုန်ပစ္စည်းတစ်ခုထုတ်ဖို့ ရည်ရွယ်ထားတယ်။ စက်ကိရိယာ တချို့တဝက်လည်း ဝယ်ပြီးသွားပြီ။ ပါကေး ထုတ်ပြီးတော့ ရန်ကုန်က ကွန်ဒိုတိုက်တွေကို သစ်အစားထိုးရောင်းချဖို့ စီစဉ်နေတယ်။
မေး။ ။ ဘယ်စီမံကိန်းအတွက် ထန်းပင် ဘယ်လောက် လိုက်ဝယ်ရသလဲ။
ဖြေ။ ။ ပခုက္ကူ၊ ကျွန်းညိုကြီး အလုံး ၁ဝဝ လောက် ပါမယ်။ ကျွန်းညိုကြီးရဲ့တောင်ဘက်နားလေးမှာ ၁ဝဝ လောက် ရှိမယ်။ ပြီးတော့ စလေ၊ ပခန်းငယ် ရေလမ်းကြောင်းကောင်းမွန်ရေးစီမံကိန်းနေရာက ၁၂ဝ လောက် သုံးထားတယ်။ နောက် စလင်းမြို့နယ် သလင်းကြီးကုန်းရေကာတာ ၁ဝဝ လောက် ပါတယ်။ နောက် တရုတ်ဓာတ်ငွေ့ပိုက်လိုင်း၊ ရေနံချောင်း၊ အဲဒါကတော့ မြစ်လယ်မှာရှိနေတဲ့ကျွန်း ပါမှာစိုးလို့ ထိန်းရတာ၊ အဲဒီကျွန်းပါရင် ပိုက်လိုင်းပါ ပါသွားမှာစိုးလို့။ အဲဒါက မပြီးသေးဘူး၊ တကျွန်းလုံးကိုကာရမှာဆိုတော့ များမယ်၊ ခန့်မှန်းခြေ ၅ဝဝ လောက်တော့ မှန်းထားတာပဲ။ သူက မိုးကျလာရင်လုပ်ငန်းကိုရပ်မယ်၊ နောက်နှစ်မှ ဆက်လုပ်မှာပေါ့။
မေး။ ။ အဲဒီအစီအစဉ်တွေမှာ ထန်းပင်ကိုသုံးရတာ ဘာကြောင့်လဲ။
ဖြေ။ ။ ထန်းပင်က လုံးပတ်တုတ်တယ်။ တုတ်တော့ ရေစီးကြောင်းကို ဟန့်တားနိုင်တာပေါ့။ ကမ်းကို ရေတိုက်ရိုက် ရိုက်မှာကို ထန်းလုံးက ခံထားတာ၊ အဓိကကတော့ အဲဒါပါပဲ။ ဈေးနှုန်းတွေဘာတွေနဲ့မ ဆိုင်ဘူး။ မျောတိုင်ကျတော့ လုံးပတ်က သေးတယ်။
မေး။ ။ ထန်းပင်ကို ဘယ်ဈေးနဲ့ ဝယ်နေသလဲ။
ဖြေ။ ။ တစ်ပင်ကို ၅,ဝဝဝ ပါတယ်၊ ၆,ဝဝဝ ပါတယ်၊ ၇,ဝဝဝ ပါတယ်။ ကြားက ဝယ်တဲ့ ပွဲစားကို တစ်ပင် ၅ဝဝ ပေးရတယ်။ အဲဒါတောင် တရုတ်ကိုပို့နေတယ်ဆိုတဲ့ အသံတွေကြောင့်။ နောက်မို့ဆို ၃ဝဝ လောက်နဲ့ ရတယ်။
မေး။ ။ ပိုင်ရှင်တွေက သူတို့ထန်းပင်တွေကို ဘာကြောင့်ရောင်းကြတာလဲ။
ဖြေ။ ။ အဓိကကတော့ ယာခင်းကိုရှင်းချင်ကြတာ။ ယာအလယ်ကောင်မှာရှိတဲ့အပင်တွေကို ဦးစားပေးပြီး ကျွန်တော် ခုတ်တယ်။ ပြီးတော့ အပင်မြင့်တွေ အပင်အိုတွေကို ဦးစားပေးပြီး ခုတ်တယ်။ ကျွန်တော်တို့က အပင်မြင့်မှလည်း ဝယ်လို့ရတာ။ အမြင့် ၃၅ ပေရှိပြီး အောက်ကဖင်ဆုံနဲ့ဆို ၄၅ လောက်မြင့်မှ ဝယ်လို့ရတာ။ ဆုံပိုင်းတွေက မြစ်ထဲမှာ ရိုက်လို့မရဘူး။ ရိုက်လို့မရတော့ ဖြတ်ရမှာ။ ဖြတ်ရတော့ ၃၅ ပေလောက် မြင့်တဲ့အပင်ကို ၁ဝ ပေလောက် သွားဖြတ်ရင် ၂၅ ပေလောက်ပဲကျန်တော့မှာ။ အဲဒါဆိုမြစ်ထဲမှာ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။
မေး။ ။ ထန်းပင်ကို တခြား ဘယ်သူတွေဝယ်ကြသေးလဲ။
ဖြေ။ ။ အဲဒါတော့ အတိအကျကြီးတော့ ပြောမရဘူးဗျ။ အိမ်သုံး သုံးတဲ့အဖွဲ့လေးတွေလည်း ရှိပါတယ်။ သူတို့လည်း ဝယ်ကြတယ်၊ ခွဲကြတယ်။ ကျွန်တော်ကတော့ အိမ်သုံးရောင်းတာလည်းမဟုတ်ဘူး။ ရေကာတာ စီမံကိန်းထဲပဲ တောက်လျှောက်ပို့ပေးတာ။ အများဆုံးဝယ်တာ လောလောဆယ် ကျွန်တော်ပဲရှိမယ်။ ကျောက်ဆည်ဘက်ကလည်း ဒီနှစ် အဲဒီလောက် မဝယ်ဘူး။ သူတို့က တစ်နေ့ကို သုံးလေးပင်ပဲ ခုတ်လို့ပြီးတယ်၊ မိုးကျမှာနဲ့ ဘာနဲ့ဆိုတော့ သူတို့က ချိန်ပြီးဝယ်ရတယ်။ တစ်လဆိုရင် သူတို့ရဲ့ ခွဲအားက အပင် ၁၂ဝ လောက်ပဲ ပြီးတယ်၊ နှစ်လဆိုရင် ခွဲနိုင်ရင် အလုံး ၂၅ဝ ပေါ့၊ ဒီနှစ်ထဲမှာ အဲဒီလောက်ပဲရှိတယ်။ အရင်နှစ်တွေက မလာဘူး။
မေး။ ။ ထန်းပင် ရာထောင်ချီဝယ်တဲ့အတွက် အညာဒေသ ထန်းတောပြုန်းသွားမယ်လို့ ယူဆသူ အများအပြား ရှိနေပါတယ်။
ဖြေ။ ။ ကျွန်တော်တို့သာမက အိမ်သုံးပစ္စည်း ထုတ်လုပ်သူတွေကလည်း အပင်ပျိုတွေကို သုံးလို့မရဘူး။ အပင်အိုတွေ အပင်မြင့်တဲ့ အပင်တွေကို ကျွန်တော်တို့က ရှာဝယ်တာ။ ထန်းပင်ပြုန်းဖို့ဆိုတာတော့ မဖြစ်နိုင်ဘူး။ ကျွန်တော်က ပြီးခဲ့တဲ့ နှစ်က အပင် ၃ဝဝ ခုတ်တယ်ဆိုရင် အပင် ၇ဝဝ ပြန်စိုက်ထားတယ်။ ဒီနှစ် ၅ဝဝ ခုတ်လိုက်တယ် ဆိုရင် ၃,ဝဝဝ၊ ၄,ဝဝဝ အထိ ပြန်စိုက်ဖို့ ရည်မှန်းထားတယ်။ ယာခင်းတွေရဲ့ အစပ်တွေမှာပဲ စိုက်မယ်။ ယာခင်းအလယ်ကောင်မှာ သွားစိုက်ရင် ယာခင်းရှင်တွေနဲ့ စကားပြောရမှာ။ ယာခင်းရှင်တွေလည်း ကျေနပ်၊ စိုက်ပျိုးမှုလည်း အဆင်ပြေအောင်ပေါ့။ စက်မှုလယ်ယာပြောင်းနေတဲ့အချိန်ဆိုရင် အဲဒါတွေက ရှိလို့မရတော့ဘူး။ အဲဒါကြောင့် ကန်သင်းတွေပေါ်မှာပဲ စိုက်ပေးလိုက်တာ။
အပင်ပျိုတွေဆိုရင် သက်တမ်းနုသေးတယ်။ နုတော့ ခုတ်လည်း ထုတ်လုပ်နိုင်တဲ့ အသားမရဘူး။ ပရိဘောဂသမားတွေ၊ စက်ရုံသမားတွေက အဲဒီလိုမျိုးတွေကို ဝယ်မှာမဟုတ်ဘူး။ အလကားပေးတာကို ယူမှာမဟုတ်ဘူး။ မြင့်တဲ့ အပင်တွေကိုရွေးဝယ်မှာ။ အဲဒီအတွက်ကြောင့် တောပြုန်းစရာတော့ အကြောင်းမရှိဘူး။
မေး။ ။ အညာဒေသရဲ့ ထန်းတောတွေမရှိမှာကိုရော မစိုးရိမ်ဘူးလား။
ဖြေ။ ။ စိုးရိမ်တာပေါ့။ ရှိသင့်တာပေါ့ အမှန်က။ ကန်သင်းတွေမှာ စိုက်မှာဆိုတော့ ခြံစည်းရိုးကာတဲ့ သဘောပေါ့။ ထန်းတောကတော့ မပျောက်ပါဘူး။ ယာခင်းရှင်တွေသာ အကုန် မရှင်းရင် မပျောက်ပါဘူး။ သူတို့က အပင်ပျိုရော၊ အပင်မပျိုတာရော အကုန်လုံး ရှင်းလိုက်ရင်တော့ ပျောက်သွားမှာ။ ဒါပေမဲ့ ထန်းပင်တွေ ရှိနေတာက ယာခင်းရှင်တွေအတွက် ဆိုးကျိုးက များသွားတာပေါ့။ သူတို့မှာ ရှဉ့်တွေရဲ့ အန္တရာယ်ကလည်း ရှိသေးတယ်။ အပေါ်က လောင်းရိပ်မိမယ်၊ ထန်းသီးကြွေကျမယ်၊ လိုက်မကောက်နိုင်ရင် အဲဒီထန်းသီးတွေက နောက်တစ်နှစ်မှာ အပင်ပေါက်မယ်၊ အဲဒီတော့ သူတို့ နုတ်ရခက်သွားမယ်။
မေး။ ။ ထန်းတောကိုထားမလား၊ ယာခင်းလုပ်မလားဆိုတာ ရွေးချယ်စရာဖြစ်လာတာပေါ့။
ဖြေ။ ။ အဲဒီလိုဖြစ်လာမယ်ဆိုရင်တော့ ယာခင်းထဲမှာ ရှိနေတဲ့ ထန်းတောကို လှဲသင့်တယ်။ လှဲမှလည်း ဆီထွက်သီးနှံအဆင်ပြေမှာ။ ယာခင်းတွေပေါ်မှာဆိုရင် မဖြစ်နိုင်ဘူး၊ ကုန်းခြောက်တွေမှာဆိုရင်တော့ ဖြစ်နိုင်တယ်။ မြေလွတ်၊ မြေရိုင်းတွေမှာဆိုရင် အုပ်စုလိုက်ပေါက်လည်း မလှဲဘူး၊ မခုတ်ဘူး။ အဓိကက ယာခင်းတွေရဲ့အလယ်မှာဆိုခုတ်တယ်။ ခုတ်ပြီး ဧရာဝတီမြစ်ကို ကယ်တင်တဲ့ နေရာမှာ အသုံးချနေရတာ ဆိုတော့ သုံးရတာ ဝမ်းလည်းသာတယ်၊ ပီတိလည်း ဖြစ်တယ်။ ဒီဘက်ကိုတော့ ခုတ်လိုက်ရတယ်၊ ဒါပေမဲ့ ဟိုဘက်ကိုတော့ ပြန်ကယ်လိုက်ရတယ်။ အဓိကက အဲဒါပဲ။ ဒီဘက်ခုတ်ပြီးတော့ အိမ်သုံး (အလှဆင်၊ ပရိဘောဂအတွက်) သုံးမယ်ဆိုရင် ဟိုဘက်ကို ကယ်ရာလည်း မကျဘူး။ တစ်ဖက်ကို ပြန်ကယ်လို့ရမယ်ဆိုရင် ကျွန်တော်ကတော့ လုပ်မှာ။
မေး။ ။ ထန်းပင်ကို သစ်တောဥပဒေနဲ့ ကာကွယ်မယ်ဆိုရင် ဘယ်လိုကောင်းကျိုး၊ ဆိုးကျိုးဖြစ်နိုင်လဲ။
ဖြေ။ ။ ထန်းတောတွေက ပုဂ္ဂလိကပိုင်တွေချည်းပဲ။ အစိုးရမြေပေါ်မှာပေါက်တာတော့ မှန်တယ်။ အဲဒါကို သစ်တော ဥပဒေနဲ့ ကိုင်လိုက်မယ်ဆိုရင် ပထမဦးဆုံးအထိနာမှာက ထန်းသမားတွေပဲ။ နောက် ယာခင်းရှင်တွေ အထိနာမယ်။ လွပ်လပ်စွာ လုပ်ကိုင်ခွင့်၊ လုပ်စားခွင့် မရသလိုဖြစ်သွားမယ်။ သစ်တောဥပဒေနဲ့ ကိုင်မယ်ဆိုရင် တနည်းနည်းနဲ့တော့ ညှိနှိုင်းပေးမှ အဆင်ပြေမယ်။
မေး။ ။ အညာဒေသရဲ့ထန်းတောအလှ မပျက်စီးစေချင်ဘူး လို့ အများအပြားက ဝေဖန် ကန့်ကွက်နေကြတယ် မဟုတ်ဘူးလား။
ဖြေ။ ။ ထန်းတော ပိုင်ရှင်တွေနဲ့ ယာခင်းပိုင်ရှင်တွေရဲ့ နစ်နာကြေးကို အဲဒီလူတွေက ပေးမှာလား။ သူတို့ လွတ်လပ်စွာလုပ်လို့မရတဲ့အတွက် အဲဒီလူတွေက ဘယ်လိုထောက်ပံံ့ပေးမှာလဲ။ သူတို့မှာလည်း လွပ်လပ်စွာလုပ်ဖို့ အခွင့်အရေး ရှိတယ်လေ။ ကျောက်ပန်းတောင်းဒေသနဲ့ မကွေးနဲ့ကိုပဲ ကျွန်တော် ရှင်းပြမယ်၊ မကွေးမှာလည်း ထန်းပင်တွေရှိတယ်။ ယာခင်းတွေရဲ့ အလယ်ကောင်မှာ ရှိတဲ့ထန်းပင် မကွေးမှာ မရှိသလောက်ပဲ။ ဆီထွက်သီးနှံဆိုရင်လည်း ကျွန်တော်တို့ ကျောက်ပန်းတောင်းထက် ပိုထွက်တယ်။ ရာသီဥတု ကွျွန်တော်တို့ ကျောက်ပန်းတောင်းနဲ့ မကွာဘူး။ မိုးလေဝသလည်း မကွာဘူး။ ဆိုတော့ ဆီထွက်သီးနှံ သူတို့က ဘာဖြစ်လို့ ပိုထွက်ရတာလဲ။ အဓိကက လောင်းရိပ်မရှိဘူး၊ ယာခင်းမှာ နှောက်ယှက်မယ့် တိရိစ္ဆာန်နည်းတယ်။ အဲဒီတော့ မကွေးက ဗမာပြည်ရဲ့ ဆီအိုးကြီးဖြစ်တာပေါ့ဗျာ။ ကျောက်ပန်းတောင်းမှာလည်း အဲဒီလို လုပ်လို့ရတာပဲ၊ ယာခင်းထဲမှာ ရှိနေတဲ့ အပင်တွေမရှိဖို့ပဲလိုတယ်။ အလှခံစားဖို့အတွက်တော့ ယာခင်းရှင်တွေ ထန်းပင်ပိုင်ရှင်တွေရဲ့ ဘဝကိုတော့ စတေးဖို့ မဖြစ်ဘူး။
မေး။ ။ ထန်းပင်တွေခုတ်ကြတာ ဝယ်သူ ပေါ်လာလို့လား။ ဒါမှမဟုတ် ထန်းတက်မယ့်သူမရှိတော့လို့လား။
ဖြေ။ ။ ထန်းလျက်က ရတဲ့ ဝင်ငွေက အခြားဝင်ငွေတွေကိုမမှီဘူးဖြစ်နေတယ်။ အဲဒီအချိန်မှာ သူတို့ဆက်ပြီး မလုပ်နိုင်တော့ဘူး၊ ပင်ပန်းသလောက် အကျိုးစီးပွားမဖြစ်ဘူး။ ထန်းလျက်ဈေးကွက်ကလည်း ပြီးခဲ့တဲ့နှစ်တွေက မကောင်းဘူး၊ ဒီနှစ်မှ နည်းနည်းလေးပြန်ကောင်းလာတာ၊ ဈေးကွက်ပျောက်သွားတယ်ခေါ်တာပေါ့။ ကျွန်တော် ထင်တာကတော့ အဲဒါကြောင့်လည်း ထန်း မတက်တော့ဘဲနဲ့ သူတို့ အပိုဖြစ်နေတဲ့ အပင်တွေကို ရောင်းချတာ။
မေး။ ။ထန်းတက်တောင်သူတွေ အဆင်ပြေဖို့ အစိုးရက ဘာလုပ်ပေးသင့်သလဲ။
ဖြေ။ ။ ထန်းရည်ကနေ သကြားထုတ်နိုင်တဲ့ အဆင့်ရောက်ပြီလို့တော့ ကျွန်တော်ကြားတယ်။ သကြား ထုတ်နိုင်တဲ့ စက်ရုံ တကယ်ရှိပြီဆိုရင်လည်း ဒေသတစ်ခုချင်းစီ သွားပြီးတော့ စက်ရုံ တည်ထောင်ပေးနိုင်မယ်၊ ကုန်ကြမ်းကို ဈေးကောင်းကောင်း ပေးဝယ်မယ် ဆိုရင်တော့ ထန်းတက်တဲ့သူတွေ ပြန်ပြီးတော့ ရှိလာနိုင်တယ်။ နည်းပညာနဲ့ ရင်းနှီးမြှုပ်နံှမှုအတွက် နိုင်ငံတော်က ပံ့ပိုးပေးနိုင်မယ်ဆိုရင်တော့ ဖြစ်နိုင်တာပေါ့။ အဲဒါဆို လုံးဝ မတက်တော့တဲ့၊ မြင့်တယ်ဆိုတဲ့ အပင်ပဲ ကျွန်တော်တို့က ရွေးဝယ်ရတော့မယ်။
Source – Myanmar Now