အနည်းလိုအာဟာရ ဆိုတဲ့အတိုင်း တစ်ဧကအတွက် လိုအပ်ချက်ဟာ ကီလိုနည်းနည်းပဲရှိတယ်။ မြေမှာ ပြန်နှံ့စွာ ထည့်ဖို့ ခက်ခဲပါတယ်။ ဒါကြောင့် အများလိုအာဟာရမြေဩဇာ (NPK) တွေနဲ့ တွဲဖက်အသုံးပြုကြပါတယ်။ တစ်ချို့ နေရာတွေမှာတော့ အနည်းလိုအာဟာရ သီးသန့်သုံးကြတာတွေရှိတယ်။ သစ်သီးဝလံနဲ့ ဝင်ငွေကောင်းတဲ့ သီးနှံတွေ အတွက် အရွက်ကဖြန်းတယ်။ (Foliar ) ရေသွင်းတဲ့အခါရေပေးတဲ့အခါ ထည့်သုံးကြတယ်။ (Fertigation) ဘိုရွန်နဲ့ ဇင့် ကတော့ ဖော့စ်ဖိတ်မြေဩဇာ (Rock Phosphate) မှာ ပူးတွဲပြီး ပါတတ်တယ်။
NPK မြေဩဇာမှာ ထည့်သွင်းသုံးစွဲခြင်း
အနည်းလိုအာဟာရကို NPK တွေနဲ့ တွဲသုံးတဲ့အခါ အကွက်ထဲကို အာဟာပြန့်ပြန့်နှံနှံ့ ရောက်ရှိပါတယ်။ အာဟာရ အနည်းငယ်ကိုသာ သပ်သပ်ထည့်ရင် ပျံ့နှံ့ဖို့ခက်ခဲပါတယ်။ အပင်သက်တမ်းတစ်လျှောက် လိုမယ့် အနည်းလိုအာဟာရ အရေအတွက်ကို NPK နဲ့တွဲထားတဲ့အတွက် ကြဲမလား၊ ပက်မလား၊ အပင်ခြေမှာ ထည့်မလား။ မြေထဲ နက်နက် ရောက်အောင် ထည့်ပေးမလား။ မျိုးစေ့နဲ့ အတူထည့်မလား။ အားလုံးအဆင်ပြေပါတယ်။ နောက်ထပ်ရတဲ့ အကျိုး ကတော့ သီးနှံတစ်ခုမှာသုံးပြီး ကျန်တဲ့အာဟာရ (Residual Amont) က နောက်သီးနှံကိုပါ ရစေတယ်။ ဘိုရွန်က မြေထဲမှာ တစ်နှစ် တစ်ရာသီကျန်ရှိတတ်ပြီး ကြေးနီ (Cu) ကတော့ နှစ်တော်တော်များများ ကျန်ရှိနေတတ်ပါတယ်။ (Brenan 2006)
ပထမ သီးနှံရိတ်သိမ်းပြီး မြေထဲမှာကျန်ခဲ့တဲ့ အာဟာရကို ဒုတိယသီးနှံက ရဖို့ကတော့ မြေချဉ်တာ ငန်တာ၊ ဩဂဲနစ် ပါဝင်မှု နည်းတာ များတာနဲ့ ဆက်စပ်ပါတယ်။ အနည်းလို အာဟာရတွေထဲမှာ ဘိုရွန်က သဲဆန်မြေတွေမှာ စိမ့်ဆင်း ဆုံးရှုံးလွယ်ပါတယ်။ ကော့ပါး၊ သံဓာတ်၊ မဂ္ဂနိ နဲ့ သွပ်ဓာတ်တွေက အလွယ်တကူ စိမ့်ဆင်းဆုံးရှုံးမှု မရှိတဲ့အတွက် NPK နဲ့တွဲပြီး သီးနှံမစိုက်မီ/ စိုက်ချိန်တွေမှာ သုံးစွဲသင့်တယ်။ အချဉ်ဓာတ်သက် မြေ (Acid Soil) မှာ ကော့ပါး၊ မဂ္ဂနိ နဲ့ ဇင့်ဟာ ရေမှာပျော်ဝင်မှုနည်းတာတောင် သီးနှံက အလွယ်တကူရရှိနိုင်တယ်။ အယ်ကာလီဆန်မြေ၊ ထုံးများတဲ့ မြေတွေမှာတော့ ရေမှာပျော်တဲ့ ကော့ပါး၊ မဂ္ဂနိ၊ ဇင့် ပါတဲ့ မြေဩဇာတွေကသာ အပင်အတွက်အာဟာရရရှိမှု လွယ်ကူ စေမှာ ဖြစ်ပါတယ်။ ဇင့် မြေဩဇာထဲမှာ ရေပျော်ဝင်တဲ့ ဇင့် ၅၀ ရာခိုင်နှုန်းအထက်ပါမှ သီးနှံအတွက် ပိုမိုအကျိုးရှိပါ တယ်။ အနည်းလိုအာဟာရတွေကို Compound မြေဩဇာအလုံးမှာ အာဟာရကပ်ဖို့အတွက် ဆီ (Oil) ၊ ဖယောင်း (Wax) စတဲ့ binder တွေသုံးရပါတယ်။ ဒီလိုလုပ်တဲ့အတွက် အလုံးတိုင်းမှာ အနည်းလိုအာဟာရ ပါသွားပါတယ်။ ကြဲပက်တဲ့အခါမှာလဲ အလုံးနဲ့တစ်ခါတည်း ပါသွားတယ်။ ကွဲသွားတာ segregation မဖြစ်ဘူး။ မြေဩဇာထုတ်တဲ့ လုပ်ငန်းစဉ်မှာ အာဟာရအချင်းချင်း ပေါင်းစပ်ဓာတ်ပြုမှု (Chemical reaction) ရှိတတ်ပါတယ်။ အဲလိုဖြစ်တတ်တဲ့ သွပ်ဓာတ်ဆိုရင် အပင်ကိုပေးနိုင်တာ လျော့သွားတယ်။ ဘိုရွန်နဲ့ မိုလစ်ဒီနမ်ကတော့ ဓာတ်ပြုလွယ်တဲ့ပစ္စည်းမဟုတ် (unreactive) မို့လို့ အကျိုးသက်ရောက်မှု နည်းမသွားပါဘူး။ ထူးခြားတာတစ်ခုကတော့ ဘိုရွန်ဟာ ကွန်ပေါင်း မြေဩဇာထဲ ပေါင်းစပ်စေရာမှာ အခက်အခဲဆုံးဖြစ်ပါတယ်။
အာဟာရကို ထိန်းသိမ်းထုတ်ပေးသောမြေဩဇာများ (Controlled – readease fatilizer)
မြက်ခင်းတွေ၊ သစ်သီးပင်တွေနဲ့ ဈေးကောင်းရတဲ့သီးနှံတွေမှာ အနည်းလိုအာဟာရကို ထိန်သိမ်းထုတ်ပေးနိုင်တဲ့ မြေဩဇာတွေ ဈေးကွက်မှာရှိပါတယ်။ ပိုလီမာ (Polimer coated) ဖုံးအုပ်ထားတဲ့မြေဩဇာအလုံး၊ အခဲလေးတွေဟာ သူတို့ထဲက အာဟာရကို နည်းနည်းချင်းစီမြေထဲကို ထုတ်ပေးတာဖြစ်တယ်။ (Elevated Temperature) မှာ ထုတ်ပေးမှုက မြန်ပါတယ်။ အပူပိုင်းဒေသမှာ သမပိုင်းဒေသထက် အာဟာရထုတ်ပေးတာ ပိုပြီးမြန်ပါတယ်။ ဒီမြေဩဇာ အမျိုးအစားဟာ ထုတ်လုပ်စရိတ်များတယ်။ ဈေးကြီးတာရယ်ကြောင့် ဝင်ငွေကောင်းတဲ့ ဟင်းသီးဟင်း ရွက် သစ်သီးဝလံ၊ ပန်းအလှတွေကို ဖန်လုံအိမ်ထဲမှာ စိုက်တဲ့အခါ ပျိုးခင်းများ၊ မြက်ခင်းများ၊ အားကစားကွင်းများနှင့် အိမ်တွင်း အလှဆင်အပင်တွေ စိုက်တဲ့အခါမှာသာ အဓိကထားသုံးစွဲကြတယ်။ မြေအောက်ရေမှာ အနည်းလိုအာဟာရ တွေ စိမ့်ဆင်းရောက်ရှိသွားပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှုဖြစ်မှာကို လျော့နည်းစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ဆောင်ရွက်တဲ့ အခါမှာလည်း သုံးစွဲမှုရှိပါတယ်။ တစ်ဖြည်းဖြည်း အာဟာရထုတ်ပေးတာကြောင့် အပင်ကအာဟာရကို ကာလကြာ ရှည်စွာရတယ်။ မြေဩဇာအဆိပ်သင့်မှုကို လျော့စေနိုင်တယ်။ စိမ့်ဆင်းပျော်ဝင်ပြီး မြေဩဇာရဲ့ အာသာချက်ပါပဲ။ ဇင့်ဖုံးအုပ် ထားတဲ့ ယူရီးယား ((Zinc-coated urea) နဲ့ resin ဖုံးအုပ်ထားတဲ့ ဆာလဖိတ်မြေဩဇာ (resin-coasted Feso4) တွေဟာ ဒီအမျိုးအစားမြေဩဇာထဲမှာ ပါဝင်ပါတယ်။
ဦးကျော်စိုး (Soil Scientist)