ရွှေ့ပြောင်းခရီးသွား...ဆောင်းခိုငှက်များ

29/11/2021 10:30 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

မိုးရာသီ ကုန်ပြီးလို့ တိမ်တွေစင်ပြီး ဆောင်းဝင်စ ညနေခင်းတွေမှာဆို ကောင်းကင်မှာ ငှက်လေးတွေ အုပ်စုဖွဲ့ အပြိုင်အဆိုင် ပျံသန်းနေကြတာကို မြို့ပြမှာနေနေ၊ ကျေးလက်မှာနေနေ မြင်ဖူးကြပါလိမ့်မယ်။

ဒီငှက်လေးတွေ ဘယ်ကလာပြီး ဘယ်ကိုသွားနေကြလဲ ဆိုတာကိုရော မေးခွန်းထုတ် စပ်စုဖူးကြလိမ့်မယ် ထင်ပါတယ်။

ဒီလို အုပ်စုဖွဲ့ ရွှေ့ပြောင်းပျံသန်းလေ့ရှိတဲ့ ငှက်အုပ်စုတစ်မျိုးကိုတော့ ရေပျော်ငှက် (Shorebirds) လို့ ခေါ်ပါတယ်။ မြင်ဖူးနေကြ ဗျိုင်း၊ ဇင်ယော်၊ ပျံလွှားတွေဟာ ရေပျော်ငှက်အုပ်စုဝင်တွေ ဖြစ်ပါတယ်။

ရေပျော်ငှက် (ဆောင်းခိုငှက်) တွေဆိုတာ ရေတိမ်ပိုင်း(သို့)ရေကန်များ၊ မြစ်ချောင်းများနှင့် ပင်လယ်များ၏ ရွံ့နွံကဲ့သို့ ပျော့ပျောင်း​သော ကမ်းစပ်တလျောက်တွင် ကျက်စားကြသော ငှက်မျိုးစိတ်များ ဖြစ်ကြပါတယ်။ ရေပျော်ငှက်များ ကျက်စားလေ့ရှိသော နေရာများမှာ ရေချိုရေငန်ထိတွေ့ရာ မြစ်ဝနှင့် ပင်လယ်ဝ ဒေသများ၊ ဒီရေအတက်အကျရှိသော ရွံ့လတာပြင်များ၊ မြက်ခင်းပြင်များနှင့် ကမ်းရိုးတန်းတလျောက် ကမ်းခြေကမ်းစပ်များအပြင် အောက်မြေလွှာ အေးခဲလျက်ရှိသော လွင်ပြင်ဒေသများနှင့် ရေခဲများ ဖုံးလွှမ်းလေ့ရှိသော တောင်တန်းဒေသများတွင်လည်း နေထိုင်ကြပါသည်။  

ရေပျော်ငှက်များ၏ ထူးခြားသော အသွင်အပြင်များမှာ ရေနှင့် ရွံ့နွံအတွင်းရှိ အစားအစာများကို အလွယ်တကူ စားသောက်နိုင်ရန် ရှည်သော နှုတ်သီးများ ပါရှိခြင်း၊ လျှင်မြန်စွာ သွားလာပျံသန်းနိုင်ရန် ထိပ်ချွန်သော တောင်ပံများပါရှိခြင်း၊ သဲ၊ ရွံ့နွံကဲ့သို့ ပျော့ပျောင်းသော နေရာများတွင် ခိုင်မြဲစွာ ကုပ်တွယ်ထားနိုင်ရန် ရှည်သော ခြေချောင်းများပါရှိခြင်း၊ သားရဲတိရစ္ဆာန် အန္တရာယ်မှ ကာကွယ်ရန် အရောင်စပ်ကြားနှင့် အစက်အပြောက်များ ပါရှိခြင်း၊ သဲ၊ ရွံ့နွံနှင့် ရေတိမ်များတွင် လှည့်လည်သွားလာနိုင်ရန် ရှည်သွယ်သော ခြေထောက်များ ပါရှိခြင်းတို့ ဖြစ်သည်။ 

ကမ်းခြေကို အလည်သွားတဲ့အခါ သေးငယ်ပြီး ချစ်စရာကောင်းတဲ့ ရေပျော်ငှက်များကို မြင်ဖူးကြမှာပါ။

ရေပျော်ငှက် (ဆောင်းခိုငှက်) လို့ပြောလိုက်တာနဲ့ လူသားတွေရဲ့စိတ်ထဲမှာ အရွယ်အစားကိုကြည့်ပြီး “သြော်…. ဒီဒေသမှာရှိတဲ့ ငှက်လေးပါလား”  ဒီဒေသမှာဘဲ ကျင်လည်ကျက်စား နေလျက်ရှိနေမှာဘဲလို့ တွေးမိကြမှာပါ။

ဒါပေမဲ့ ရေပျော်ငှက်အများစုဟာ နွေဦးနဲ့ဆောင်းရာသီရောက်တိုင်း အကောင်ရေများစွာအုပ်စုဖွဲ့ပြီး သူတို့ရဲ့ ပေါက်ဖွားတဲ့နေရာဖြစ်တဲ့ အေးမြတဲ့ ကမ္ဘာမြောက်ပိုင်းဒေသမှ စွန့်ခွာပြီး ဆောင်းခိုရန်အတွက် ပူနွေးသော ကမ္ဘာတောင်ပိုင်းခြမ်းဆီကိုရွေ့ပြောင်းသွားလာကြပါတယ်။ ဘာကြောင့်လဲဆိုရင် သူတို့ရဲ့မူရင်းဒေသမှာ အအေးစတင်လာပြီး အစားအသောက်ရှားပါးလာသောကြောင့် အစားအသောက်ပေါများတဲ့ အပူပိုင်းဒေသကို ရွေ့ပြောင်းလာကြတာပါ။

နိုင်ငံပေါင်းများစွာနဲ့ မိုင်ပေါင်းများစွာကို ကျော်ဖြတ်ပြီး ရွှေ့ပြောင်းနေထိုင်စဉ်အတွင်းမှာ ရေပျော်ငှက်များဟာ အနားယူရန်နှင့်အစာစားရန်အတွက် ပျံသန်းရာလမ်းကြောင်းတစ်လျှောက်မှာရှိတဲ့  အစာရေစားပေါများသော၊ စိုစွတ်သောမြေများဖြစ်တဲ့ လတာပြင်များ၊ ကမ်းခြေကမ်းစပ်များနှင့် ရေဝပ်ဒေသများကို မရှိမဖြစ် လိုအပ်ပါတယ်။ ထိုနေရာမှာရှိတဲ့အစာရေစာနဲ့ နားခိုရာနေရာများက ၎င်းတို့၏ ခရီးနောက်တစ်ဆင့်အတွက် လုံလောက်သော စွမ်းအင်ကို ထောက်ပံ့ပေးပါတယ်။ 

ထို့သို့ဆောင်းခိုရပ်နားရန် အရေးကြီးသော နေရာများတွင် မြန်မာနိုင်ငံရှိ ကမ်းရိုးတန်းဒေသများလည်း ပါဝင်ပါတယ်။ မြန်မာနိုင်ငံရှိ အင်းတော်ကြီးအိုင်၊ မိုးယွန်းကြီးအင်း၊ မိန်းမလှကျွန်း၊ မုတ္တမပင်လယ်ကွေ့၊အင်းလေးကန်၊ နံ့သာကျွန်းနှင့် မေယုမြစ်တို့တွင် ဆောင်းခိုငှက်များ အများအပြား ကျက်စားနေထိုင်လေ့ ရှိကြပါသည်။

ဒါကြောင့်မို့ ရှားပါးမျိုးစိတ်များဖြစ်သလို သေးငယ်ပြီးချစ်စရာကောင်းတဲ့ ဆောင်းခိုငှက်များဟာ အရွယ်အစား သေးငယ်ပေမဲ့ မိုင်ပေါင်းများစွာ ပျံသန်းနိုင်ကြပါတယ်။ ပျံသန်းရာလမ်းကြောင်းတစ်လျှောက်မှာလည်း ရာသီဥတုဒဏ်၊ ကျက်စားရာနေရာများ ပြောင်းလဲမှုများနှင့် ၎င်းတို့အား အမဲလိုက်ခြင်းတို့ကြောင့် ရွေ့ပြောင်းငှက်များရဲ့ ခရီးစဉ်ဟာ မလွယ်ကူဘဲ အန္တရာယ်များစွာနှင့် ပြည့်နှက်နေပါတယ်။

ဒီလိုမျိုး နှစ်စဉ် တောင်ဝင်ရိုးစွန်းကနေ မြောက်ဝင်ရိုးစွန်းအထိ ပင်လယ်အထပ်ထပ်၊ တောင်တန်းအလီလီနဲ့ တစ်နိုင်ငံမှ တစ်နိုင်ငံသို့ ရွှေ့ပြောင်းသွားလာနေတဲ့ ခရီးသည်လေးတွေမှာ ခြိမ်းခြောက်အန္တရာယ်တွေ ရှိနေကြပါတယ်။

သုတေသီများရဲ့ခန့်မှန်းချက်အရတော့ ဆောင်းခိုငှက်များရဲ့ အကောင်ရေများမှာ နှစ်စဉ်ကျဆင်းလျက် ရှိနေပါတယ်။ ရာသီဥတု ပြောင်းလဲခြင်း၊ ရောဂါပိုးမွှားများ ဝင်ရောက်ခြင်း၊ သားရဲတိရစ္ဆာန်များ၏ စားသုံးခံရခြင်း၊ ဒေသရင်းမဟုတ်သော မျိုးစိတ်များ ဝင်ရောက်လာခြင်း၊ ဖွံဖြိုးရေးလုပ်ငန်းများကြောင့် ကျက်စားရာနေရာများ လျော့ပါးပျောက်ကွယ်လာခြင်း၊ စိုက်ပျိုးရေးလုပ်နှင့် မွေးမြူရေးလုပ်ငန်းများ ချဲ့ထွင်လာခြင်း၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းခြင်း၊ ဖမ်းဆီးအမဲလိုက်ခြင်းနှင့် ငှက်ပစ်ခြင်း စတဲ့ ခြိမ်းခြောက်မှုတွေကြောင့် ဆောင်းခိုရန်လာရောက်ကြသော ရေပျော်ငှက်လေးတွေမှာ ခြိမ်းခြောက်အန္တရာယ်များစွာကို ရင်ဆိုင်နေရပါတယ်။ 

ဒီလို ခြိမ်းခြောက်အန္တရာယ်တွေကို လျော့ပါးစေရန်အတွက်-

 - ရေပျော်ငှက်လေးတွေ ကျက်စားရာ နေရာဒေသများကို ထိန်းသိမ်းကာကွယ်ခြင်း၊

- ဒေသခံများသာမက ပြည်သူလူထုနှင့် ဌာနဆိုင်ရာများကို အသိပညာမြှင့်တင်ပေးခြင်း၊ 

- ဒေသခံများမှ သုတေသနနှင့် ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်လာစေခြင်းနှင့်၊

- ဆောင်းခိုငှက်များ ပျံသန်းရာလမ်းတလျောက်မှာရှိတဲ့ အရေးကြီးတဲ့ ဆောင်းခိုရပ်နားရာ ဒေသများရှိ နယ်မြေများ၊ နိုင်ငံများမှ အချင်းချင်းပူးပေါင်းပါဝင် ဆောင်ရွက်ခြင်း အားဖြင့်လည်း ထိန်းသိမ်းနိုင်ပါတယ်။

ရေးသားသူ-ပင်လယ်ပြာ(ငါးဦးစီး)

Ref: Gulf ဝf Mottama Project. 

 

        

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်