မြန်မာနိုင်ငံသည် စိုက်ပျိုးရေး နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် အလျောက် နိုင်ငံ ဖွံ့ဖြိုးမှုသည်လည်း စိုက်ပျိုးရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှု အပေါ်တွင် မူတည် နေသည်။ ကျေးလက်နေ ပြည်သူတို့မှာ (၇၀) ရာခိုင်နှုန်း ရှိပြီး အလုပ်အကိုင် (၆၀) ရာခိုင်နှုန်းသည် စိုက်ပျိုးရေး ကဏ္ဍကို မှီခိုနေခြင်းကြောင့် စိုက်ပျိုးရေး ကဏ္ဍ ဖွံ့ဖြိုးခြင်းသည် မြန်မာနိုင်ငံ၏ ဆင်းရဲ မွဲတေမှုကို လျှော့ချနိုင်သည့် အဓိက မောင်းနှင်အား တစ်ခု ဆိုလျှင်လည်း မမှားပေ။ ထို့ပြင် မြန်မာနိုင်ငံ လူဦးရေ၏ လေးပုံ တစ်ပုံသည် နိုင်ငံ၏ ဆင်းရဲ မွဲတေမှု သတ်မှတ်ချက် မျဉ်းအောက်သို့ ရောက်ရှိနေပြီး အရှေ့တောင် အာရှတွင် အဆင်းရဲဆုံး နိုင်ငံ တစ်နိုင်ငံအဖြစ်ရှိ နေသည်။ ဆင်းရဲ နွမ်းပါးသူ အများစုသည် ကျေးလက် နေထိုင်သူများ ဖြစ်ပြီး မြေယာ ပိုင်ဆိုင်မှု အတည်တကျ မရှိခြင်းများ ကလည်း အချိန်မရွေး ဒုက္ခရောက်နိုင်သည့် အခြေအနေတွင် ရှိနေသည်ဟု အာရှဖွံ့ဖြိုးရေး ဘဏ် (ADB) က ခန့်မှန်း ထားသည်။
အစိုးရသစ် လက်ထက်တွင် မြန်မာနိုင်ငံ၏ ဆင်းရဲ မွဲတေမှု လျော့ချရေး အတွက် လူဦးရေ အများဆုံး မှီခို လုပ်ကိုင်နေသည့် စိုက်ပျိုးရေး ကဏ္ဍ ကို မြှင့်တင်ရေး၊ တောင်သူ လယ်သမားများ၏ ဝင်ငွေ တိုးတက်စေရေး တို့ကို အဓိကထား ဆောင်ရွက်ပေးမည်ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ကတိပေး ပြောကြားမှုများ ပြုလုပ်ခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှင့် ပြုပြင်ပြောင်းလဲမှု တွင် လယ်ယာမြေ ပြုပြင်ပြောင်းလဲမှုသည် စီးပွားရေး ဆိုင်ရာ စိန်ခေါ်မှု တစ်ခု ဖြစ်နေပြီး အပြောင်းအလဲ များစွာရှိ နေသည့် မြန်မာ့နိုင်ငံရေး အလှည့်အပြောင်း အပေါ်တွင် မူတည်နေသည်။ သို့သော် လက်ရှိ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး ကဏ္ဍသည် တဖြည်းဖြည်း ဆုတ်ယုတ်မှုများ ရှိနေပြီး စိုက်ပျိုးကဏ္ဍ နေရာတွင် အခြား ကဏ္ဍ တစ်ခုကို ထိရောက်စွာ လုပ်ကိုင်နိုင်ရန် အတွက် အကြံပေးမှုများ ရှိလာခဲ့သည်။
မြန်မာနိုင်ငံဟာ နှစ် (၂၀) အတွင်း အာရှမှာ အံ့သြဖွယ် တိုးတက်မှုတွေ ဖြစ်ပေါ်ခဲ့ ပါတယ်။ ဒါပေမဲ့ စိုက်ပျိုးရေးကို အခြေခံမှာလား၊ ဒါမှမဟုတ် အခြား တစ်ခုကို ပြုပြင် ပြောင်းလဲမှာလား ဆိုတာ ကိုတော့ စဉ်း စားရမယ် ဟု ADB မှ လူမှုရေးရာ ကဏ္ဍဆိုင်ရာ ပညာရှင် ခရစ်စဖော်က သုံးသပ် ထားသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ရေနံ နှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ ရင်းနှီး မြှုပ်နှံမှုသည် (၂၄) ရာခိုင်နှုန်း၊ အိမ်ခြံမြေ ကဏ္ဍတွင် (၁၈) ရာခိုင်နှုန်း၊ ဟိုတယ် ကဏ္ဍတွင် (၁၃) ရာခိုင်နှုန်း၊ အထည်ချုပ် လုပ်ငန်းတွင် (၈) ရာခိုင်နှုန်းရှိ သော်လည်း စိုက်ပျိုးရေး ကဏ္ဍ ရင်းနှီး မြှုပ်နှံမှုသည် (၁) ရာခိုင်နှုန်း အောက်အဆင့် တွင်သာ ရှိနေသည်။
စိုက်ပျိုးရေး ကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုသည် အလွန်နည်းပါးနေပြီး အစိုးရမှ စိုက်ပျိုးရေး ကဏ္ဍ အပေါ် ထောက်ပံ့ပေးမှုသည် လည်း အလွန်နည်းပါး နေသည်ကို တွေ့ရသည်။ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် စိုက်ပျိုးရေကဏ္ဍ အတွက် ငွေကြေး သုံးစွဲမှုသည် (၃ ဒသမ ၆) ရာခိုင်နှုန်း ရှိပြီး၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာ နှစ်တွင်မူ ငွေကြေး သုံးစွဲမှုသည် (၂ ဒသမ ၈၂) ရာခိုင်နှုန်းအထိ လျှော့ချ သုံးစွဲခဲ့သည်။
အဆိုပါ အခြေအနေများကို လေ့လာကြည့်ခြင်း အားဖြင့် နိုင်ငံတော် သမ္မတ ဖော်ဆောင်မည့် ကျေးလက်ဒေသ ဆင်းရဲနွမ်းပါးမှု လျှော့ချခြင်း ည် လက်တွေ့မှာ ဖြစ်နိုင်ရန် အလှမ်းဝေးကွာ နေသည်။ ထို့ပြင် ရာသီဥတု ဖောက်ပြန်မှု၊ လယ်ယာမြေ မူဝါဒ အားနည်းမှု၊ လယ်ယာမြေ များကို မတရား သိမ်းဆည်းမှု တို့သည်လည်း ကျေးလက်ဒေသ ဆင်းရဲနွမ်း ပါးမှုကို ပိုမို ဖြစ်ပေါ်လာ စေပြီး အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုကို ပိုမို ဖြစ်ထွန်း စေသည်။ အဆိုပါ အခြေ အနေသည် တစ်ပါတီစနစ် ထူထောင်ပြီး ကာလမှ စတင်ကာ ဖြစ်ပွားခဲ့သည်ဟု တောင်သူ လယ်သမားအရေး ဆောင်ရွက်သူ များက သုံးသပ် ကြသည်။
တောင်သူတွေက အခုဆိုရင် အကြွေးတွေ ပတ်လည်ဝိုင်းနေတယ်။ လယ်မှု လယ်ယာကနေ စက်မှု လယ်ယာကို ပြောင်းမယ် ဆိုပေမယ့် စက်ကစရိတ် ကြီးမားတဲ့ အတွက်ကြောင့် ရေရေရာရာ မပြောင်းနိုင်သေးဘူး။ ပြီးတော့ စျေးကွက ်ကလည်း မက်လောက်စရာ မရှိဘူး။ တောင်သူတွေ ကြုံ နေရတဲ့ အခက်အခဲတွေက အများကြီးပါပဲ ဟု မအူပင်မြို့နယ် လယ်သမားသမဂ္ဂ အတွင်းရေးမှူး ဒေါ်စီစီမြင့်က ပြောသည်။
ထိုပြင် လယ်ယ ာလုပ်ကိုင်ရာ၌ ရွှေ့ပြောင်းလုပ်သားနှင့် လုပ်သား ရှားပါးမှု ပြဿနာ၊ နည်းပညာ၊ အချိန်အတွယ် ပြဿနာများ အထိ တောင်သူ များမှာ အခက်အခဲများဖြင့် ကြုံတွေ့နေရသည်။ အစိုးရ အနေဖြင့် အသေးစားငွေ ချေးစနစ်အား ပြုလုပ်ပေး သော်လည်း လုံလောက်သည့် ငွေကြေး မဟုတ်ခြင်းကြောင့် ကုန်သည်ပွဲစားများ၊ ငွေရှင်များ ထံမှ အကြွေးယူ သုံးစွဲရပြီး စပါး ရိတ်သိမ်းသည့် အချိန်ထိ စောင့်ဆိုင်းကာ ဝင်ငွေရသည့် အချိန်တွင် အတိုးကြီး ကြီးဖြင့် ပြန်လည် ပေးဆပ်ရ ခြင်းကြောင့် ထိရောက်သည့် ငွေချေးစနစ် မဖြစ်ခဲ့ပေ။ ထို့ပြင် အခြေခံ အဆောက်အအုံများ ဖြစ်သည့် လမ်းပန်း ဆက်သွယ် ရေး၊ စိုက်ပျိုးရေး နည်းပညာ၊ ပံ့ပိုးမှု၊ ကျန်းမာရေး၊ ပညာရေးနှင့်ရေ အလုံအလောက် မရရှိမှု ကလည်း ကျေးလက်နေ ပြည်သူများ ဖြစ်သည့် တောင်သူများ အပေါ် သက်ရောက်မှု ကြီးမား စေသည်။
တောင်သူ လယ်သမားများ၏ အခြေအနေသည် လှော်ရင်းနစ် သကဲ့သို့ တိုးတက်မလာဘဲ၊ ဆုတ်ယုတ်နေ သည့် အခြေအနေမျိုးနှင့် ကြုံတွေ့ နေရသည့်အပြင် ခေတ်အဆက်ဆက် ကျေးဇူးရှင်တောင်သူလယ်သမားများ ဟု တင်စားသုံးနှုန်းခြင်းခံရသော်လည်း တောင်သူ လယ်သမားများဘဝသည် ဆင်းရဲခြင်း ၀ဲသြဃထဲတွင် နစ်နေဆဲ ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက တောင်သူ လယ်သမားရေးရာ လူထု တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
အဆိုပါ အခြေအနေ များသည် မြန်မာနိုင်ငံရှိ (၅၀) ရာခိုင်နှုန်းကျော် ရပ်တည် လုပ်ကိုင်နေသည့် အသေးစား၊ အလတ်စား တောင်သူ များ၏ လုပ်ကိုင် စားသောက်မှုကို တာဝန်ရှိ သူများက လျစ်လျူရှုနေ ခြင်းကြောင့် ဖြစ်ကြောင်း စိုက်ပျိုးရေး သုတေသီများက ဝေဖန် သုံးသပ် ထားသည်။ မြန်မာ နိုင်ငံတွင် လယ်ယာ လုပ်ကွက်သည် ဧကသန်း (၅၀) နီးပါးရှိပြီး ငါးဧကအောက် လုပ်ကိုင်သည့် တောင်သူ (၅၄) ရာခိုင်နှုန်း၊ (၁၀) ဧကအောက် လုပ်ကိုင်သူ (၂၆) ရာခိုင်နှုန်းနှင့် (၁၀) ဧက အထက် လုပ်ကိုင်သူ (၁၅) ရာခိုင်နှုန်းနီးပါး ရှိကြောင်း လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။
လက်ရှိမှာ အစိုးရက သဘာဝ သယံဇာတ ထုတ်လုပ်မှုကိုပဲ အရမ်းအားပြုနေတယ်။ ဒီနှစ်မှာလည်း စိုက်ပျိုးရေး ဘတ်ဂျက် တိုးမြှင့်မှုနဲ့ ပတ်သက်ပြီး တိုးမယ်လို့ ပြောထား ပေမယ့် လက်တွေ့မှာက အပြောနဲ့ အလုပ်က တခြားစီ ဖြစ်နေတယ်။ ပြောရမယ် ဆိုရင် စိုက်ပျိုးရေး ကဏ္ဍကို အားထုတ်နိုင်ဖို့ အတွက်ကို အစိုးရက စိတ်ဝင်စားမှု အားနည်း နေတာပေါ့ ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီဝင် မအူပင်မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းက ပြောသည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် တောင်သူလယ်သမားများ၏ အခွင့် အရေးများ ကာကွယ် စောင့်ရှောက်မှု၊ စိုက်ပျိုး ထုတ်လုပ်သည့် ကောက်ပဲသီးနှံများ သင့်တင့်သည့် တန်ဖိုးရရှိ အောင် ဆောင်ရွက်မှု၊ လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ကူးပြောင်း ရာတွင် နည်းပညာ၊ အရင်းအနှီး များကို ဖြည့်ဆည်းပေးမှု၊ အစရှိသည်တို့ ပါဝင်သော်လည်း အစိုးရအနေဖြင့် ဥပဒေ အတိုင်း ဆောင်ရွက်ပေးမှု မရှိကြောင်း ဦးစိန်ဝင်းက ထပ်မံပြောသည်။
စိုက်ပျိုးရေးနိုင်ငံ တစ်နိုင်ငံဟု ဆိုသော်လည်း သဘာဝသယံဇာတ ထုတ်လုပ်မှု ကိုသာ အစိုးရ အနေဖြင့် အားစိုက် နေပြီး စီမံကိန်းကြီးများ လုပ်ကိုင်နိုင်ရန် အတွက် လယ်ယာမြေ သိမ်းဆည်းမှုများ၊ စီမံကိန်းနောက် ဆက်တွဲ ဖြစ်ပေါ် လာသည့် ပတ်ဝန်း ကျင် သက်ရောက်မှုများ ကလည်း စိုက်ပျိုးရေး ကဏ္ဍ တိုးတက်မှုတွင် အဟန့်အတား တစ်ခု ဖြစ်စေသည်။
ကျေးလက် ဆင်းရဲနွမ်းပါးမှု နှုန်းတိုးလာခြင်းကြောင့် ကုန်ထုတ် လုပ်မှု၊ အလုပ်အကိုင်၊ ကုန်စျေးနှုန်း များ၏ ရိုက်ခတ်မှု ဒဏ်ကို ကျေးလက်နေ ဆင်းရဲ နွမ်းပါးသူများက ပိုမို ခံစားရပြီး၊ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး ကဏ္ဍသည် လာမည့်နှစ် အတွင်း ကြုံတွေ့လာရမည့် အစားအစာ လုံခြံုမှုကို ထိခိုက် လာစေနိုင်သည့် အ ကြောင်းအရင်း တစ်ရပ်လည်း ဖြစ်ကြောင်း သုတေသီများက ဆိုသည်။
စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးဖို့ အတွက်ဆိုရင် အဓိက ဂေဟစနစ်နဲ့ အညီ သီးနှံစိုက်ပျိုးရမယ်။ စျေး ကွက်ရအောင် လုပ်ရမယ်။ အသေးစား အလတ်စား တောင်သူတွေကို စိုက်ပျိုးမှု ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ ထည့်သွင်းရမယ်၊ ဒါတွေက အခု အရေးကြီးဆုံးပဲ။ ပြီးတော့ လယ်ဆည် ဝန်ကြီး ဌာနက မှန်ကန်တဲ့ ပေါ်လစီတွေကို ချမှတ်ရမယ်ဟု စိုက်ပျိုးရေး သုတေသီဦးစံသိန်းက ပြောသည်။
အဆိုပါ အခြေအနေများသည် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ အသုံးစရိတ် တိုးမြှင့်မှုနှင့် ကျင့်သုံး နေသည့် စိုက်ပျိုးရေး မူဝါဒများကို ပြုပြင် ပြောင်းလဲရန် လိုအပ်နေပြီး (၅၀) ရာခိုင်နှုန်းကျော်ရှိသည့် အသေး စားတောင်သူနှင့် အလတ်စား တောင်သူများ၏ အကျိုးစီးပွား ကိုလည်း ယခုထက် ပိုမို မြှင့်တင်ပေးရန် လိုအပ်နေသည်ဟု သုံးသပ်မှုများရှိ သည်။
လက်ရှိတွင် လယ်ယာ စိုက်ပျိုးရေးတွင် ဆည်မြောင်းဝန်ကြီးဌာနမှ စိုက်ပျိုးရေးထုတ်ကုန်များ မြင့်မားစေရန် အတွက် အခြေခံ သော့ချက် ခြောက်ချက် ချမှတ် ဆောင်ရွက်နေပြီး၊ စိုက်ပျိုးထွက်ရှိ လာသည့် သီးနှံ များအပေါ် စီးပွားရေး တွက်ခြေကိုက်မှု ခိုင်မာသော စျေးကွက်ရရှိရန် ချိတ်ဆက် ဆောင်ရွက်ပေးလျက်ရှိသည် ဟု ပထမအကြိမ် ပြည်သ ူ့လွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေးတွင် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဦးခင်ဇော်က ပြောကြား ထားသည်။
ဒီမိုကရေစီ နိုင်ငံ အဖြစ် ပြုပြင် ပြောင်းလဲနေသည့် အချိန်တွင် စီးပွားရေး အခြေခံ အထိုက်လျောက် ရှိသည့် နိုင်ငံများပင် ရည်မှန်းသည့်အဆင့် ရောက်ရန် အနှစ် (၂၀) နီးပါး ကြိုး ပမ်းခဲ့ရခြင်းကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေး အလားအလာသည် ၂၀၃၀ အတွင်း နှစ်ဆအထိ တိုးတက် နိုင်ရန် ဦးစားပေး ကဏ္ဍ နယ်ပယ်များ ကို အကောင်အထည်ဖော် သွားမည်ဟု သမ္မတ ဦးသိန်းစိန်က ပြောကြား ထားသည်။
ထိုသို့ အကောင်အထည်ဖော်ရာတွင် တောင်သူ လယ်သမားများ၊ အလုပ်သမားများ၊ လက်လုပ်လက်စားများ၊ ဆင်းရဲသည့် ပြည်သူများ အတွက် လိုအပ်သည့် စားဝတ်နေရေး များကို အဆင်ပြေစေရန် လယ်ယာ ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး၊ အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကို အစိုးရသက်တမ်း လက်ကျန် ကာလအတွင်း သိသာထင်ရှားသည် အကျိုးရလဒ်များရရှိအောင် အကောင် အထည်ဖော် ဆောင်ရွက်မည်ဟု ပြောကြားခဲ့ သော်လည်း လက်ရှိအချိန် အောက်ခြေ လူတန်းစားများ အတွက် သိသိသာ ထင်ရှားသည့် ရလဒ် တစ်စုံတစ်ရာ မရှိသည် ကို တွေ့နေရဆဲ ဖြစ်သည်။
၀တ်ရည်မွန်
REF: The Messenger
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်