၁။ မျိုးရွေးချယ်ခြင်း
- ဒေသရေမြေရာသီဥတုနှင့် ကိုက်ညီသော၊ စျေးကွက်ရှိသောမျိုးများကို ရွေးချယ်ပါ။
- အထွက်နှုန်းကောင်း၍ ဆန်အရည်အသွေးမြင့်မားသော မျိုးများကို ဦးစားပေးရွေးချယ်ပါ။
- မိုးရာသီတွင် အောက်မြန်မာပြည်၌ သက်လတ်အထွက်ကောင်း စပါးမျိုးများဖြစ်သော မနောသုခ၊ ကျော်ဇေယျ၊ မှော်ဘီ ၂၊ ရွှေဝါထွန်း၊ ဧရာမင်း၊ ဆင်းသွယ်လတ် နှင့် ဆန်အရည်အသွေးကောင်းမျိုးများဖြစ်သော ပေါ်ဆန်းမွေး၊ လုံးသွယ်မွှေး၊ အင်းမရဲဘော်၊ ဇီယာ (နှံကားမီးကောက်) စသည့်မျိုးများကို ရွေးပါ။
- နွေရာသီတွင် ဒေသ ရေမြေရာသီဥတုနှင့်ကိုက်ညီသော သက်လျင်အထွက်ကောင်းမျိုးများဖြစ်သည့် ရတနာအောင်၊ ရွှေသွယ်ရင်၊ သီးထပ်ရင်၊ IR-747 နှင့် သတ်လက်စပါးမျိုးများဖြစ်သော မနောသုခ၊ ရေဆင်းလုံးသွယ် စသည့်မျိုးများကို ရွေးပါ။
၂။ မျိုးစေ့ရယူစုဆောင်းခြင်း
- မျိုးစေ့ဌာနခွဲမှ ထုတ်လုပ်သည့် မျိုးသန့်မျိုးပွားမျိုးစေ့များကို စိုက်ပျိုးချိန်ရာသီမီ ရရှိရေးအတွက် ဒေသဆိုင်ရာ မြို့နယ်စိုက်ပျိုးရေးရုံးသို့ ဆက်သွယ်ပါ။
- စိုက်ခင်းတစ်ဧကလျှင် မျိုးစေ့ (၁-၁.၅) တင်းနှုန်းဖြင့် မိမိစိုက်ပျိုးလိုသည့် ဧကအတွက် လိုအပ်ချက် မျိုးစပါးတင်းအရည်အတွက်ကို ကြိုတင်စုဆောင်းပါ။
- လက်ခံရရှိသည့် မျိုးစေ့အိတ် အတွင်းနှင့်အပြင်တွင် မျိုးစေ့ထောက်ခံချက် လေဘယ်ကဒ်ပြားများ ပါ-မပါ စစ်ဆေးပါ။
- မျိုးသန့်မျိုးပွားမျိုးစေ့အတွက် သတ်မှတ်ချက် စံချိန်စံညွှန်းများမှာ -
(က) မျိုးသန့်စင်မှုရာခိုင်နှုန်း(အနည်းဆုံး) - ၉၈%
(ခ) အပင်ပေါက်ရာခိုင်နှုန်း (အနည်းဆုံး) - ၈၅ %
(ဂ) အစိုဓါတ်ရာခိုင်းနှုန်း (အနည်းဆုံး) - ၁၃ %
- ပျိုးမထောင်မီကာလအတွင်း မျိုးစေ့အိတ်များကို လေဝင်လေထွက်ကောင်းပြီး ရေမိုးလုံခြုံသော၊ ကြွက်ဖျက်ဆီးမှုကင်းလွတ်သော နေရာတွင် စနစ်တကျသိုလှောင် ထားပါ။
- ပျိုးမထောင်မီ မျိုးစပါးကို စနစ်တကျ စကောနှင့်ဝိုင်းပြီး ပြာတီးထားပါ။
၃။ မြေနေရာရွေးချယ်ခြင်း
- ရေထိန်းနိုင်စွမ်းကောင်းသော နုံးစနယ်မြေ အမျိုးအစားကိုရွေးပါ။
- မြေအနိမ့်အမြင့် ညီညာပြီး၊ ရေသွင်းရေထုတ် လွယ်ကူသည့်မြေကို ရွေးပါ။
- လမ်းပန်းဆက်သွယ်မှု လွယ်ကူသည့်နေရာကိုရွေးပါ။
- မြေဆီသြဇာထက်သန်၍ အရိပ်လွတ်၊ အလင်းရောင်ကောင်းစွာရ နေရာ မြေကွက်ကိုရွေးပါ။
- အထူးသဖြင့်မြေညီညာရမည်။ ရေနေရေထိုင်ကောင်းရမည်။ မြေဆီလွှာအဆင့်အတန်း ညီရမည်။
- မြေဆီလွှာအဆင့်အတန်း မညီညာပါက သီးနှံပင်ဖြစ်ထွန်းမှု မညီညာခြင်း၊ ပန်းပွင့်ချိန်၊ ရင့်မှည့်ချိန်မညီညာခြင်း ဖြစ်ပေါ်ပြီး မျိုးကွဲပယ်ရာတွင် အခက်အခဲဖြစ်နိုင်ပါသည်။
- ယခင်နှစ် (သို့) ယခင်ရာသီတွင် စပါးမျိုးတူ၊ မျိုးစေ့အဆင့် (Seed Class) တူညီခဲ့သောမြေကွက်ကို ဦးစားပေးရွေးပါ။
- ယခင်နှစ်တွင် စပါးမျိုးမတူ (မျိုးကွဲ) သို့မဟုတ် မျိုးတူမျိုးစေ့အဆင့်နိမ့်သည့်မျိုး စိုက်ခဲ့ပါက ကြားရာသီတွင် အခြားသီးနှံတစ်မျိုး (ဥပမာ-ပဲမျိုးစုံ၊ နှမ်း) စိုက်ခဲ့သည့် မြေကွက်ကိုရွေးပါ။
- အပိုဒ် (၄-၅) ပါ မြေကွက်အမျိုးအစားများ မရနိုင်ပါက မျိုးစေ့အကြွင်းအကျန်များ ကင်းစင်ရန် ရိုးပြတ်များမီးရှို့ခြင်း၊ ကောက်လေများပျက်စီးစေရန် အကြိမ်ကြိမ် ထယ်ထိုး၊ ထွန်မွှေ၍ရေသွင်းပြီး သမန်းပုပ်အောင် အချိန်ယူဆောင်ရွက်ပါ။
- သဲဆန်လွန်းသော မြေအမျိုးအစားကို ရှောင်ပါ။
- ရေကြီးနစ်မြုပ်လေ့ရှိသော မိုးခေါင်ပျက်စီးလေ့ရှိသော ဧရိယာအတွင်း တည်ရှိသည့် မြေကွက်ကိုရှောင်ပါ။
- ပိုးမွှားရောဂါထူပြောစွာ ကျရောက်လေ့ရှိပြီး ယခင်ရာသီတွင် ပိုးမွှားရောဂါ ပြင်းထန်စွာ ကျရောက်ခဲ့သည့် မြေကွက်ကိုရှောင်ပါ။
- လက်မခံနိုင်သည့်ပေါင်း (နှိမ်နှင်းရန်ခက်၊ အဆိပ်အတောက်ဖြစ်စေသော ပေါင်းထူစွာ ပေါက်လေ့ရှိသော) မြေကွက်ကိုရှောင်ပါ။
- စိုက်ခင်းအတွက် ရွေးရာတွင် မျိုးရောမှုကာကွယ်နိုင်ရန် အခြားမျိုးစိုက်ခင်းနှင့် အနည်းဆုံး (၁၀) ပေ အကွာအဝေးထား၍ စိုက်ပျိုးပါ။
၄။ မျိုးသန့်မျိုးစေ့ ထုတ်လုပ်ရာတွင် သတိပြုရန်အချက်များ
- မျိုးစေ့အဆင့်အလိုက် မျိုးစေ့ရယူမှု ( Seed Flow) မှန်ကန်စွာ ရွေးချယ်ရန်၊
- စိုက်နည်းစနစ်များ မှန်ကန်စွာစိုက်ပျိုးရန်၊
- မျိုးစေ့သန့်စင်ရေးဆောင်ရွက်မှု အဆင့်တိုင်းတွင် သတ်မှတ်ချက်များနှင့်အညီ စနစ်တကျ ဆောင်ရွက်ရန်၊
- ထွက်ရှိလာသည့်မျိုးစေ့ကို အရည်အသွေးစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းပြည့်မီမှသာ မျိုးအဖြစ်သုံးစွဲရန်၊
မျိုးစေ့ရယူမှု (Seed Source) မှန်ကန်သော်လည်း သတ်မှတ်ချက်များအတိုင်း လိုက်နာဆောင်ရွက်နိုင်မှု မရှိပါက မိဘမျိုးစေ့ (BS) ပင် စိုက်စေကာမူ သီးနှံစေ့ (Grain) သာ ရမည်ကို သတိပြုရန်လိုအပ်ပါသည်။
မျိုးစေ့ဌာနခွဲ၊ စိုက်ပျိုးရေးဦးစီးဌာန
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်