တောင်သူ့ငိုချင်းတွေ ဖြေသိမ့်ပေးစေချင်..

13/10/2023 19:18 PM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဖြစ်စဥ်အရ ၂၀၂၃-၂၄ ခုနှစ်ကို အယ်လ်နီညိုနှစ်လို့ မိုး/ဇလပညာရှင်တွေက ဟောကိန်းထုတ်ထားကြပါတယ်။

မြန်မာနိုင်ငံမှာလည်း အယ်လ်နီညိုရဲ့ နောက်ဆက်တွဲဖြစ်တဲ့ ရုတ်တရက်ရေကြီးနစ်မြုပ်ခြင်းဖြစ်စဥ်ကို နဖူးတွေ့ဒူးတွေ့ကြုံတွေ့လိုက်ရပါပြီ။

သဘာဝတရားရဲ့ ပြောင်းလဲမှုဖြစ်စဥ်ကြောင့် ဖြစ်ရတာဆိုပေမယ့် ဖြစ်လာခဲ့ရင်  ဘယ်လိုကြိုတင်ကာကွယ်ရမလဲ?

ဘာတွေ လုပ်ဆောင်ရမလဲ?

လူထုကိုဘယ်လိုပညာပေးရမလဲ? ဆိုတဲ့   စနစ်တကျ ကြိုတင်လုပ်ဆောင်ချက် စီမံကိန်းတွေ အဖွဲ့အစည်းတွေကို ဂဃနဏ မတွေ့ရပါဘူး။

စာရေးသူကျွန်တော်က လုပ်ငန်းတာဝန်ဖြင့် ပဲခူး၊ သနပ္ပင်၊ ကဝ၊အုန်းနှဲ၊ ခရမ်း၊ သုံးခွဆိုတဲ့ ဧရိယာတွေမှာ နှစ်ရှည်လများ နေခဲ့ဖူးပါတယ်။

စိုက်ပျိုးရေးသမားဆိုတော့ ပဲခူး၊ ကဝဒေသခံ မိတ်ဆွေကြီး ဦးဌေးအောင်(အုန်းနှဲ-တောင်သူအကျိုးဆောင်) နဲ့ လက်ရှိအခြေအနေနဲ့ စိုက်ခင်းတွေအကြောင်းမေးကြည့်တော့ “ဒို့ဦးလေးရေ.. ရိတ်ချိန်သိမ်းချိန်မှ မိုးရေရယ် ဆည်မြောင်းရေရယ်နဲ့ပေါင်းပြီး စပါးတွေယိုင်လဲကုန်ပြီ။ မိုးကမပြတ်ရွာတာကော ရေက ထွက်စရာမရှိဘဲ ထောင့်နေတော့ တချို့ပုပ်တဲ့ဟာကပုပ် အညှောင့်ထွက်တဲ့ဟာကထွက်နေပြီ”လို့ ပြောပြပါတယ်။

စပါးကွင်းရေနစ်မှုဧရိယာ ဘယ်လောက်အတိုင်းတာထိ ပျက်စီးဆုံးရှုံးနိုင်လဲလို့ အောက်တိုဘာလ ၁၂ ရက်နေ့ကဖုန်းဆက်မေးမြန်းကြည့်တော့..

“ဆရာရေ.. ပုံထဲကအတိုင်းသာ ကြည့်ပြီးမှန်းပေတော့ ၁၀%နှုန်းလောက် ပြန်ရနိုင်တယ်ဆိုပေမယ့် တိရစ္ဆာန်အစာအနေနဲ့ပဲ သုံးလို့ရမှာပေါ့ဗျာ။ ဒါတောင်မှ မိုးကဒီလောက်နဲ့တင်ရပ်ဦးမှဗျ”လို့ ဆက်ပြောပြပါတယ်။

ခရမ်းမှ မမြဆွေဦးကို ဆက်မေးကြည့်တော့ “ဟုတ်တယ်ဆရာ စပါးတွေ အနှံတန်းလန်းနဲ့ ရေထဲလဲကုန်ပြီ။ ပင်လယ်ရေ ထောက်နေတာကော ရေထွက်ပေါက်မရှိတာကောမို့ ဘာမှလုပ်လို့မရဘူး ဆရာ” တဲ့။

နိဗ္ဗာန်ကွင်းထဲက  ဦးကျော်ဝင်းစိန်ကို မေးတော့လည်း “ဘယ်နေမလဲဆရာရယ် အကုန်မြုပ်ကုန်တာပေါ့။ ဘာမှ ပြန်မရတော့ဘူး”တဲ့ဗျာ။

ကျွန်တော်ဆက်ပြီး မေးနိုင်စွမ်း မရှိတော့ပါဘူး။ ခရမ်း၊ သုံးခွမှသည် ပဲခူး သနပ္ပင်ဧရိယာအထိ မိုးစပါးကွင်းကြီးကို ရေမျက်နှာပြင်အောက် တစ်ပတ်လောက် ပြားပြားမှောက်နေမှတော့ ဘာတွေကျွန်တော်တို့ ဆက်မျှော်လင့်လို့ရမလဲ။

ဘာ့ကြောင့် ဒီလောက်ထိ ဖြစ်သွားရတာလဲ?

ဘာကြောင့် မကာကွယ်နိုင်ခဲ့ရတာလဲ?

တခဏအတွင်းမှာ မေးခွန်းပေါင်းများစွာ စီရရီ ပေါ်လာပါတယ်။

အောက်တိုဘာ ၁၅ အထိ မိုးဆက်နိုင်သေးပြီး ၁၉ ရက်နောက်ပိုင်းတွေမှာလည်း မိုးပြန်များနိုင်သေးတယ်လို့ မိုးလေဝသကြေညာချက် ထုတ်ပြန်ထားတော့ လူနေအိမ်ခြေနဲ့ စားဝတ်နေရေး ပြဿနာ၊ သောက်သုံးရေ သန့်ရှင်းရေး၊ လူထုကျန်းမာရေးအတွက် ကူညီကယ်ဆယ်လုပ်ဆောင်နေကြတဲ့ ပရဟိတ အသင်းများ စေတနာရှင်များရဲ့ လူသားဆန်မှု စာနာစိတ်၊ ကူညီရိုင်းပင်းစိတ်အတွက် သာဓုအကြိမ်ကြိမ်ခေါ်မိပါတယ်။

ဒါဆို ဘာတွေကြိုတင်ကာကွယ် လုပ်ဆောင်သင့်သလဲ?

နောင်နှစ် ၅၀ ကြာရင် ရန်ကုန်မြို့ကြီးပါ ပင်လယ်ရေအောက်ရောက်သွားနိုင်တယ်လို့ဒေါက်တာထွန်းလွင်ရဲ့ စာပေဟောပြောပွဲတခုမှာ နားထောင်ဖူးပါတယ်။

မဖြစ်နိုင်ဘူးလို့ မမြင်ဘဲနဲ့ ဖြစ်လာခဲ့ရင် ဘယ်လိုကြိုတင်ကာကွယ်မလဲ..လို့ စဥ်းစားထားတာက ပိုကောင်းမှာပါ။

ဆည်၊ တာတမံတွေကို ပိုမိုခိုင်မာတောင့်တင်းအောင် စနစ်တကျတည်ဆောက်သင့်ပါတယ်။

တကယ်လို့ မိုးများပြီး ရေဝင်ရောက်မှုမနိုင်ပါက ရေလွှဲမြောင်းများ၊ ရေလွှဲဆည်များ ကြိုတင်တည်ဆောက်သင့်ပါတယ်။

ဆည်အောက်ဧရိယာများအတွက် အန္တရာယ်ကင်းစေရန် ခိုင်မာသော ရေကာတာများ ရေလွဲမြောင်းများ စနစ်တကျပြုလုပ်ထားသင့်ပါတယ်။

အကယ်၍ အန္တရာယ်တစုံတခု ကျရောက်နိုင်ပါက

ကြိုတင်သတိပေးစနစ်၊ ကာကွယ်ရေးနည်းလမ်း၊ ပစ္စည်းကိရိယာ၊ အသုံပြုနည်းစနစ်တွေကိုပါ သင်တန်းပို့ချထားသင့်တယ်လို့ ကျွန်တော်မြင်ပါတယ်။

စိုက်ပျိုးရေး အခန်းကဏ္ဍဘက်ကကြည့်ရင်လည်း..

အခုလို ရေကြီးနစ်မြုပ်ပြီး မိုးလိုမိုးခေါင်ဖြစ်စဥ်မျိုး ဖြစ်လာခဲ့သည်ရှိသော် တောင်သူလယ်သမားများအတွက် မတွေးရဲစရာအိပ်မက်ဆိုးတခုပါ။

ဒါ့ကြောင့် တောင်သူလယ်သမား ဆုံးရှုံးနစ်နာမှုကို စာနာထောက်ထားသဖြင့် နိုင်ငံတကာ ကူညီထောက်ပံ့ရေးအဖွဲ့အစည်းများအပါအဝင် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် နစ်နာသူများကို အတတ်နိုင်ဆုံးအကူအညီများ အလျင်အမြန်ပေးအပ်ပေးကြဖို့ တင်ပြတောင်းဆိုချင်ပါတယ်။ 

အချို့သော စိုက်ပျိုးရေးနိုင်ငံတွေမှာ တောင်သူလယ်သမားများအတွက်

  • အသက်အာမခံ
  • သီးနှံအာမခံ 
  • မြေဆီလွှာ အခမဲ့ စမ်းသပ်ပေးခြင်း
  • မြေဆီလွှာပြုပြင်ရေးနည်းလမ်းများ ထားရှိထားကြပါတယ်။

မြန်မာနိုင်ငံမှာလည်း အခုလိုမျိုး သဘာဝဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက်

အသက်အာမခံကြေးလိုမျိုး သီးနှံအာမခံများထားပေးတဲ့ အဖွဲ့အစည်း/ကုမ္ပဏီများ  ထားရှိပေးပါရန် တောင်သူအများကိုယ်စားတောင်းဆိုအပ်ပါတယ်ခင်ဗျာ။

မုတ်သုန်နှောင်းပိုင်းကာလနဲ့ မုန်တိုင်းကျရောက်မှု ရောထွေးဖြစ်စဥ်မှ တဆင့် ရေကြီးလွှမ်းမိုးမှုဖြစ်စဥ်ကို လွန်ခဲ့တဲ့ ၈ နှစ် ၂၀၁၅ ခုနှစ်မှာ ကြုံတွေခဲ့ဖူးပါတယ်။

ဖေ့စ်ဘုတ်စာမျက်နှာတွေမှာ ပဲခူးမြို့ ရေကြီးနစ်မြုပ်မှုနဲ့ ပတ်သက်ပြီး ကူညီကယ်ဆယ်ရေး၊ အစာရေစာထောက်ပံ့ရေးလုပ်ငန်းတွေ၊ ဓာတ်ပုံ/ဗီဒီယိုတွေ တွေ့ရတော့ စာရေးသူ လွန်စွာစိတ်မကောင်းဖြစ်မိပြီး ယခုဆောင်းပါးကို ရေးသားတင်ပြခြင်းဖြစ်ပါတယ်။

အခုလည်း ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ ဒုဌဝတီစတဲ့ မြစ်ရေတွေလည်းတိုးနေတယ်လို့ မိုးဇလရဲထုတ်ပြန်ချက်အရ သိရပါတယ်။

တိုင်းသူပြည်သားအားလုံး ရန်သူမျိုးငါးပါးမှ ကျော်လွှားနိုင်ကြပါစေကြောင်း ဆုတောင်းလျက်

ဒို့ဦးလေး

 ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်