ရေလောင်းများတဲ့အခါ အပင်တွေမှာ ဘယ်လိုလက္ခဏာ တွေ့ရှိရနိုင်မလဲ..?

28/02/2025 13:30 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

ပထမဆုံးအနေနဲ့ “ရေလောင်းများခြင်း” ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို မျှဝေပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ “ရေလောင်းများခြင်း” ဆိုတာ အများထင်နေကြသလို အပင်တစ်ပင်ကို ရေတစ်ကြိမ်လောင်းတိုင်းမှာ အသုံးပြုလိုက်တဲ့ ရေပမာဏအများကြီးကို ဆိုလိုတာမဟုတ်ပါဘူး။ အမှန်တကယ်က အပင်တစ်ပင်ကို ရေလောင်းတဲ့အကြိမ်အရေအတွက်ကို ဆိုလိုတာဖြစ်ပါတယ်။ အပင်တစ်ပင်ကို မကြာခဏဆိုသလို ရေလောင်းနေမယ်ဆိုရင် အစိုဓာတ်များကာ မြေဆီလွှာရေဝပ်နိုင်ပြီး နောက်ဆုံးမှာ အပင်ရဲ့အမြစ်ပါပုပ်ပြီး သေဆုံးသွားတာမျိုးအထိ ဦးတည်သွားနိုင်တာ ဖြစ်ပါတယ်။ အပင်တွေ စိုက်ပျိုးရာမှာ ရေလောင်း နည်းခြင်း၊ များခြင်းပြဿနာဟာ အမြဲကြုံတွေ့ရတဲ့ ပြဿနာတစ်ခုပါ၊၊ ပုံမှန်အားဖြင့် ရေလောင်းနည်းလွန်းတဲ့အခါ အစိုဓာတ်ခမ်းခြောက်ပြီး အပင်တွေ ခြောက်သွေ့သေဆုံးသွားနိုင်တယ်ဆိုတာကို လူအများစုက သတိပြုမိပေမယ့် ရေလောင်းများလွန်းတဲ့အခါ အပင်တွေမှာ ဖြစ်ပေါ်တတ်တဲ့လက္ခဏာတွေကိုတော့ သတိမပြုမိကြတာ များပါတယ်။ ပြီးတော့လည်း အပင်တွေမှာ ရေလောင်းများခြင်း နည်းခြင်းကြောင့် ဖြစ်ပေါ်တတ်တဲ့ လက္ခဏာတွေဟာ ယေဘုဘျအားဖြင့်တော့ ဆင်တူနေလေ့ရှိကြပါတယ်။ ထို့ကြောင့် ယခုဆောင်းပါးမှာတော့ ရေလောင်းများလွန်းတဲ့အခါ အပင်တွေမှာ တွေ့ရတတ်တဲ့ လက္ခဏာတွေကို ခွဲခြားသိရှိနိုင်ဖို့အတွက် မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ 

ရေလောင်းများတဲ့ အကြောင်းကိုမပြောခင်မှာ အပင်တွေမှာ ရေလောင်းနည်းလွန်းတဲ့အခါ တွေ့ရလေ့ရှိတဲ့ လက္ခဏာတွေကို မျှဝေပေးပါမယ်။  အပင်တွေမှာ ရေလောင်းနည်းလွန်းတဲ့အခါ အပင်ညှိုးတာ၊ မြေသားမာပြီးခြောက်သွေ့နေတာ၊ အရွက်ထိပ်ဖျားတွေ ခြောက်သွေ့နေတာ၊ ကြီးထွားမှုနှေးပြီး အရွက်တွေသေးလာတာ၊ အရွက်တွေ အညိုရောင်ပြောင်းပြီး တွန့်လိပ်လာတာ၊ အရွက်တွေဟာ စက္ကူကဲ့သို့ ပါးလျပြီး ကြွပ်ဆက်လာတာ စသည်ဖြင့် တွေ့ရှိရမှာ ဖြစ်ပါတယ်။

ရေလောင်းများလွန်းတဲ့အခါ အပင်တွေမှာ တွေ့ရတတ်တဲ့ ယေဘုယျကျတဲ့ လက္ခဏာအချို့ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ 

ရေလောင်းများတဲ့ အပင်တွေမှာ ပထမဆုံးတွေ့ရှိရမဲ့ လက္ခဏာတွေထဲက တစ်ခုကတော့ မှက် (Fungus gnats) တွေ ကျရောက်တာကို တွေ့ရှိရမှာပဲ ဖြစ်ပါတယ်။ မှက် (Fungus gnats) တွေဟာ ခပ်ဝေးဝေးကို ပျံသန်းနိုင်တဲ့ အင်းဆက်တွေ မဟုတ်တာကြောင့် မြေဆီလွှာနဲ့နီးကပ်တဲ့ အပင်ခြေလိုနေရာမျိုးမှာ တွေ့ရှိရတတ်ပါတယ်။ အဆိုပါ မှက်တွေဟာ မြေဆီလွှာစိုစွတ်မှုများနေတဲ့အချိန်မှာ အပင်ငယ်တွေကို ခါးရိပြီးသေဆုံးစေနိုင်တဲ့ မှိုတွေကို သယ်ဆောင်လာတတ်ပြီး ရောဂါကျရောက်စေတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ ၎င်း မှက်တွေ ကျရောက်မှုကြောင့် အပင်တွေကို ကြီးထွားမှုနှေးကွေးစေပြီး အမြစ်စနစ်ကိုပါ ပျက်စီးစေနိုင်တာ ဖြစ်ပါတယ်။ ထို့ကြောင့် မိမိရဲ့အပင်မှာ မှက်တွေကျရောက်နေတာကို သတိပြုမိတယ်ဆိုရင်တော့ ရေလောင်းနေတာကို ရပ်သင့်ပြီး မြေဆီလွှာခြောက်သွေ့အောင် အရင်ဆုံးပြုလုပ်သင့်ပါတယ်။ 

နောက်ထပ်တွေ့ရှိရမဲ့ လက္ခဏာတစ်ခုကတော့ အပင်ကိုရေလောင်းပြီးတဲ့နောက်မှာ အရွက်တွေ ညှိုးနွမ်းသွားတာမျိုး ဖြစ်ပါတယ်။ ထို့အပြင် အရွက်တွေတွန့်လိပ်လာတာမျိုး၊ ပုံမှန်အရောင်ထက် အရောင်ဖျော့လာတာမျိုးနဲ့ အပင်ခြေမြေဆီလွှာပေါ်မှာ ဆားပွင့်လေးတွေတင်ကျန်နေတာမျိုးလည်း တွေ့ရှိရမှာ ဖြစ်ပါတယ်။ သတိပြုစရာတစ်ချက်ကတော့ အရွက်ရဲ့ထိပ်ဖျားဟာ အညိုရောင်ပြောင်းလာတာမျိုး တွေ့ရှိရမှာဖြစ်ပါတယ်။ ကနဦးအဆင့်မှာ အရွက်တွေညှိုးနွမ်းပြီး အစိမ်းရောင် ဖျော့ဖျော့ကနေ အဝါရောင်ကို ပြောင်းလဲလာမှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ အရွက်တစ်ခုစလုံးဟာ အဝါရောင်၊ အညိုရောင်ပြောင်းလာပြီး ကြွေကျသွားမှာ ဖြစ်ပါတယ်။ ဒီလိုပျော့ဖက်ပြီး ချိနဲ့တဲ့ အရွက်ပုံစံတွေဟာ အပင်ရေငတ်တဲ့အခါ (သို့မဟုတ်) ရေမလုံလောက်တဲ့အခါ ဖြစ်ပေါ်တတ်တဲ့ လက္ခဏာတွေနဲ့ အတော်လေး ဆင်တူနေတတ်ပါတယ်။ သို့သော်လည်း အရွက်ညှိုးနွမ်းတာချင်းတူပေမဲ့ ရေမလုံလောက်တဲ့အခါမှာတော့ အရွက်တွေက ကြွတ်ဆက်နေပြီး ရေများလွန်းတဲ့အခါမှာတော့ အရွက်တွေက ပျော့ပျောင်းပြီး ညှိုးနွမ်းပြီးနေမှာ ဖြစ်ပါတယ်။ ထို့အပြင် ရေလောင်းများတဲ့အခါမှာ အရွက်တွေအပေါ်မှာ အညိုရောင် အစက်အပြောက်တွေ ဖြစ်ပေါ်လာမျိုးလည်း ရှိတတ်ပါသေးတယ်။ ဘာကြောင့်လဲဆိုတော့  အပင်ရဲ့ အမြစ်တွေဟာ ရေကို ပုံမှန်ထက် ပိုပြီးစုပ်ယူရတဲ့အခါ အရွက်ရဲ့ဆဲလ်တွေထဲမှာ ဖိအားဖြစ်ပေါစေပြီး အနီရောင်၊ အညိုရောင် ဒဏ်ရာတွေ ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။ 

အပင်ကနေ ကြွေကျလာတဲ့ အရွက်တွေဟာ စိုစွတ်တဲ့ မြေဆီလွှာနဲ့ပေါင်းစပ်ပြီး အပင်ရဲ့ အမြစ်ကနေ ရေကို ကောင်းစွာစုပ်ယူနိုင်စွမ်းမရှိတော့ဘဲ အမြစ်ပုပ်ခြင်းကိုပါ ဖြစ်ပေါ်စေနိုင်ပါတယ်။ အမြစ်ပုပ်လာခြင်းရဲ့ နောက်ဆက်တွဲ ရလဒ်ကတော့ အပင်ရဲ့ပင်စည်ဟာ တဖြည်းဖြည်းနဲ့ အညိုရောင် ပြောင်းလာပြီး ညှိုနွမ်းလာမှာ ဖြစ်ပါတယ်။ အပေါ်ယံ မြေသားမျက်နှာပြင်၊ အပင်ခြေနဲ့ အရွက်တွေပေါ်မှာ မှိုတွေပေါက်ပွားလာခြင်းဟာလည်း မြေဆီလွှာမှာ အစိုဓာတ်များနေခြင်းရဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ ရေလောင်းများတဲ့အခါ အစိုဓာတ်ကို ကြိုက်နှစ်သက်တဲ့ ဘက်တီးရီးယားတွေလည်း ပေါက်ပွားလာနိုင်တဲ့အတွက် အနံ့အသက်ဆိုးတွေကိုလည်း ထွက်ပေါ်လာစေနိုင်ပါတယ်။ နောက်ထပ်လက္ခဏာတစ်ခုကတော့ အပင်ရဲ့အောက်ခြေပိုင်းဟာ ပျော့ပျောင်းလာပြီး ရုတ်တရက် မတည်မငြိမ်ဖြစ်လာတာကို သတိထားမိတယ်ဆိုရင် မြေဆီလွှာမှာ အစိုဓာတ်များနေပြီဆိုတာ သတိပြုရမှာဖြစ်ပါတယ်။ အစိုဓာတ်အရမ်းများတဲ့ မြေဆီလွှာမှာ အပင်တွေရဲ့အမြစ်ဟာ အောက်စီဂျင်ကို ရယူနိုင်စွမ်းမရှိတာကြောင့် တဖြည်းဖြည်းနဲ့ ညှိုးနွမ်းပြီး ချိနဲ့လာမှာ ဖြစ်ပါတယ်။ 

ထို့ကြောင့် အပင်တွေကို ရေမလောင်းခင်မှာ အပင်ခြေက မြေသား (သို့မဟုတ်) အပေါ်ယံမြေသား ၁ လက်မခန့် ကို စစ်ဆေးကြည့်သင့်ပြီး အစိုဓာတ်ရှိနေသေးတယ်ဆိုရင် ရေမလောင်းသေးဘဲ ထားနိုင်ပါတယ်။ အလှစိုက်အပင်တွေပဲဖြစ်ဖြစ် သီးနှံပင်တွေပဲဖြစ်ဖြစ် နေ့တိုင်းပုံမှန် ရေလောင်းရမယ်ဆိုတဲ့ အလေ့အထကို ပြန်လည်သုံးသပ်ပြီး အနည်းဆုံး အပေါ်ယံမြေသား ၂ လက်မခန့် ဝန်းကျင်ဟာ ကောင်းစွာ ခြောက်သွေ့မှု ရှိ/ မရှိ သေချာ စစ်ဆေးပြီးမှ ရေလောင်းပေးသင့်ပါတယ်။ အပင်အမျိုးအစားပေါ် မူတည်ပြီးတော့လည်း ရေလိုအပ်ချက်တွေက ကွာခြားနိုင်တာကြောင့် မိမိစိုက်ပျိုးထားတဲ့ အပင်ရဲ့ ရေကြိုက်နှစ်သက်မှုကိုလည်း ကြိုတင်လေ့လာထားသင့်ပါတယ်။ အပင်စိုက်ပျိုးမယ့် မြေသားကို လက်နဲ့ ဆုပ်ကိုင်ကြည့်ပါက ကျစ်လျစ်မနေဘဲ ခပ်ပွပွနဲ့ ရေစိမ့်ဝင်မှုကောင်းတဲ့ မြေသားဖြစ်ဖို့လိုအပ်ပါတယ်။ ပန်းအိုးနဲ့စိုက်ပျိုးတဲ့ အပင်တွေဆိုရင်လည်း အရည်အသွေးကောင်းတဲ့ စပ်မြေတွေနဲ့ ရေဆင်းအားကောင်းတဲ့ ပန်းအိုးတွေကို သေချာရွေးချယ် အသုံးပြုသင့်ပါတယ်။ အပင်စိုက်ပျိုးထားတဲ့ မြေဟာ မာပြီးကျစ်လျစ်နေမယ်ဆိုရင် သဘာဝမြေဩဇာတွေ ထည့်ပေးသင့်ပါတယ်။ တီကျစ်စာ၊ အုန်းဆံဖတ်၊ အုန်းဆံမှုန့်၊ ကျောက်ပွ၊ စပါးခွံ၊ ဖွဲပြာ၊ ကြက်ချေး၊ နွားချေး၊ မြေဆွေး စသည်ဖြင့် ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်