စပါးပင်ယိုင်လဲခြင်းကြောင့် အထွက်မလျော့နည်းစေရေး

26/11/2020 11:45 AM တွင် ဆင်းသီဟ ဆင်းသီဟ မှ ရေးသား

    ပင်ရပ်ရှည်သောစပါးမျိုးများ ယိုင်လဲတတ်သည်။ ပင်ရပ်ရှည်လို့ယိုင်တာထက် စိုက်ပျိုး ပြုစုမှု၊ မြေသြဇာကျွေးမှု၊ မိုးကြီးရွာ လေပြင်းတိုက်မှုစသည်တို့ကြောင့် ယိုင်လဲတာများသည်။

    အလင်းရောင်တုံ့ပြန်မှုရှိသည့် ဒေသစပါးမျိုးများကို စိုက်ချိန်စောစိုက်ပါက အပင်အရပ် သည် မူလထက်ရှည်သွားနိုင်သည်။ ထိုမျိုးများသည် ပန်းပွင့်ရက်တိတိကျကျရှိသော မျိုးများဖြစ်လေရာ မည်သည့်အချိန်စိုက်စိုက် သတ်မှတ်ရက်ရောက်မှသာ ပန်းပွင့်သည်။ သို့ဖြစ်၍ အပင်လုပ်ရက်ကြာရှည်ပြီး အပင်အရပ်ပိုမိုရှည်ရသည်။ ယိုင်လဲရတော့သည်။

    သို့သော် အလင်းရောင်တုန့်ပြန်မှုရှိ(Photoperiod sensitive)သည့် ဤမြန်မာစပါးမျိုး များက အပင်ယိုင်လဲမှာကို သိပ်တော့ စိုးရိမ်ရသည့်အခြေအနေမရှိပါ။ အထွက်ကတော့ အခုခေတ်ပေါ်  အထွက်ကောင်းစပါးမျိုးများ(High Yielding Varieties)တွေလို အထွက်စွမ်းရည် မြင့်မားခြင်းမရှိပါ။ သို့သော် အထွက်နှုန်းတည်ငြိမ်သောမျိုးများလို့ ဆိုရပါမည်။ 

    ဒီစပါးမျိုးများ၏ ကောင်းသောအချက်မှာ ယိုင်လဲပေမယ့် တံစဉ်မလွတ်၊ သင့်တင့်သော စပါးအထွက်ကို ပေးခြင်းဖြစ်သည်။ ယိုင်လဲမှုသာမက ပြုစုဂရုစိုက်မှုပဲညံ့ညံ့၊ မြေသြဇာမကျွေး၊ ပေါင်းမြက်မသုတ်သင်လဲ စပါးအထွက်တော့ရသေးသည်ဟု သိရပါသည်။

    စပါးတိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးလျှင် ယိုင်လဲနိုင်သည်။ ပျိုးထောင်ကောက်စိုက်စနစ်လို စိုက်ပျိုးသည့် စပါးပင်အမြစ်သည် တမန်းအတွင်း နစ်ဝင်နေခြင်းမရှိ။ ကြဲပက်စိုက်စိုက်၊ အစိုတမန်းပြင်တွင် လူဖြင့်ဖြစ်စေ၊ မျိုးစေ့ချကရိယာဖြင့်ဖြစ်စေ မျိုးစေ့ပဲချချ၊ မျိုးစေ့သည် တမန်းပြင်ပေါ် တွင်သာ အပင်ပေါက်ကာ ကြီးထွားရသည်။ သို့ဖြစ်ရာ စပါးပင်အမြစ်သည် တမန်းပြင်အပေါ်ပိုင်းတွင်သာ နေရာယူနေရတော့သည်။ ဒါ့ကြောင့် ပိုမိုယိုင်လဲလွယ်ပါသည်။ 

    မြေသြဇာကြောင့်လည်း ယိုင်လဲနိုင်တာ ရှိသည်။ တကယ်တော့ စပါးပင်အတွက် လိုအပ်သော နိုက်ထရိုဂျင်(N)၊ ဖော့စဖောရပ်စ်(P)၊ နှင့် ပိုတက်ဆီယမ် (K) တို့ကို အချိုးကျထည့်သွင်းရမှာဖြစ်သည်။ ဤသို့မဟုတ်ဘဲ အပင်ဖြစ်ထွန်းချိန်တွင် နိုက်ထရိုဂျင်မြေသြဇာကို အလွန်အမင်းကျွေးပါက ယိုင်လဲနိုင်သည်။ နိုက်ထရိုဂျင်များများကျွေးတော့ ပင်ပွားများကာ စပါးအဆစ်နှင့် စပါးအပင်အရပ်များ ပိုရှည်ထွက်လာသည်။ အနှံထွက်ချိန်တွင် နှံစရှည်ပြီး အနှံ၏အလေးချိန်ကို ပင်စည်မှ တောင့်ခံထိန်းမတ်ထားနိုင်စွမ်း မရှိလေတော့ စပါးပင်များ ယိုင်လဲရလေတော့သည်။ 

    ရိတ်သိမ်းချိန်မမှန်လို့ နောက်ကျတာလည်း စပါးပင်ယိုင်လဲခြင်း၏ အကြောင်းအချက် တစ်ခုဖြစ်သည်။ ယိုင်လဲတော့ စပါးစေ့တွေ မြေပေါ်ကြွေကျသည်။ အစေ့တွေကြွေမှတော့ ကြွက်ဖျက်မည်။ ငှက်နှင့် ပိုးမွှားဖျက်ဆီးနိုင်တာတွေလည်း ရှိသည်။ ကျွန်တော်တို့နိုင်ငံလို အပူပိုင်းရာသီဥတုရှိသည့်ဒေသမှာ စပါးကို ရိတ်သိမ်းချိန်မှန်မှာ ရိတ်သိမ်းဖို့ လိုအပ်ပါသည်။

    အော်ဂဲနစ်ပစ္စည်းကြွယ်ဝသည့် စပါးစိုက်မြေမှာလည်း စပါးပင်ယိုင်လဲတတ်သည်။ အထူးသဖြင့် များစွာကြွယ်ဝသည့် စပါးစိုက်လယ်မြေကို ဆိုလိုတာပါ။ စပါးသာမက သီးနှံစိုက်ပျိုးရေးအတွက် မြေတွင်အော်ဂဲနစ်ပစ္စည်းပါဝင်မှုသည် အရေးပါသည့် အခန်းကက္ဋမှာရှိတာပါ။ သို့သော် အပေါ်ယံမြေဆီလွှာမှာ ပါဝင်သင့်သည်ထက် များနေမယ်ဆိုရင် စပါးပင်အမြစ်စွဲမှုကို လျော့နည်းစေနိုင်သည်။ အမြစ်စွဲမှုမခိုင်မာလို့ စပါးပင်ယိုင်လဲရတာ ဖြစ်ပါသည်။

    မိုးရေသောက်ဒေသမှာ ဖြစ်လေ့ဖြစ်ထရှိသည့် အလေ့အထတစ်ခုရှိသည်။ အပြစ်တော့ မဆိုသာပါ။ ယခုအခါ မိုးလေဝသကမမှန်တော့။ မုတ်သုန်က နောက်ကျဝင်သည် စောထွက် သည်။ မိုးရွာရက်ကနည်းလာသည်။ မိုးနည်းပါးရွာသွန်းမှုရှိသလို မိုးကြီးသွန်ချရွာသွန်းတာတွေလည်းရှိသည်။ ထို့ကြောင့် မိုးရွာတုန်း ရသမျှမိုးရေကို လယ်ကွက်ကတွတ်ပေါက်တွေ အသေပိတ်ကာ လှောင်ထားလိုက်တော့သည်။ 

    ပျိုးခင်းမှာလည်း လှောင်ရေများသလို စိုက်ခင်းမှာလည်း များပြားစွာ သိုလှောင်ထားသည်။ သို့ဖြစ်၍ ပျိုးပင်သေပျောက်မှုရှိသည်။ စိုက်ထားကာစစပါးပင်တွေ သေပျောက်မှု ရှိသည်။ ထိုမျှနှင့် မပြီးပါ။ လှောင်ရေများခြင်းဒဏ်ကြောင့် စပါးပင်ကြီးထွားမှုကာလ နောက်ပိုင်းတွင် စပါးပင်ယိုင်လဲမှုတွေ ဖြစ်တော့သည်။

    စိုက်ပျိုးထုတ်လုပ်မှုမြင့်မားရေးအတွက် အထွက်ကောင်းစပါးမျိုး(High Yielding Varieties) များဖြစ်သော မနောသုခ၊ ဆင်းသုခ၊ ရွှေဝါထွန်း၊ ဆင်းသွယ်လတ်၊ သီးထပ်ရင်၊ ရတနာတိုး-စသည့် စပါးမျိုးပေါင်း ၅၀ ကျော်ကို စိုက်ပျိုးလျက်ရှိသည်။

    အရည်အသွေးကောင်းမွန်ရေးအတွက် အရည်အသွေးမြင့်မားသည့် စပါးမျိုးများ(High Quality Varieties)ဖြစ်သော ဧရာမင်း၊ ဆင်းဧကရီ-၃၊ ပေါ်ဆန်းရင်၊ ရွှေဘိုပေါ်ဆန်း၊ မှော်ဘီ-၂ -စသည့် စပါးမျိုးပေါင်း ၁၅ မျိုးခန့်ကို စိုက်ပျိုးလျက်ရှိသည်။

    အများစုစိုက်ပျိုးသည်မှာ သက်လျင်နှင့် သက်လတ်စပါးမျိုးများဖြစ်၍ စပါးပင်ယိုင်လဲနိုင်စရာတော့ မရှိနိုင်ဟု ယူဆပါသည်။ သို့သော် အထက်တွင်ဖေါ်ပြပါ ယိုင်လဲနိုင်သည့်အကြောင်းရင်းတစ်ရပ်ရပ်ကြောင့် မိုးကြီးရွာ၊ လေကြီးတိုက်လျှင် ယိုင်လဲနိုင်သည်ကိုတော့ သတိရှိဖို့လိုပါသည်။

    စိုက်ပျိုးသည့်မိုးစပါးအားလုံး အောင်မြင်ဖို့လိုသည်။ အဟန့်အတားမျိုးစုံ ရှိနိုင်သော်လည်း အပင်ယိုင်လဲခြင်းကြောင့် အထွက်လျော့နည်းရခြင်း၊ အရည်အသွေးကျဆင်းရခြင်း၊ မျိုးစေ့မဖြစ်ဘဲ ရောင်းစပါးဖြစ်သွားရခြင်းမျိုး မဖြစ်စေရေး လုပ်ကိုင်ဆောင်ရွက်ကြဖို့ ကျွန်တော်တိုက်တွန်းလိုပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်