အိမ်တွင်းအလှစိုက်အပင်လေးတွေကို ပါလိုက်လို့ခေါ်တဲ့ ကျောက်ပွ (ဖော့ကျောက်) ထည့်ပေးသင့်တဲ့ အကြောင်းရင်း (၅) ချက်

24/11/2023 13:00 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

ယနေ့အချိန်မှာ အိမ်တွင်းအလှစိုက်အပင် (indoor plant) တွေကို ကျယ်ကျယ်ပြန်ပြန့် စိုက်ပျိုးလာကြပါပြီ။ နေအိမ်၊ ခြံဝန်း၊ ရုံးခန်းနဲ့ စားသောက်ဆိုင်တွေမှာ အလှဆင်ဖို့နဲ့ မျက်စိပသာဒဖြစ်ဖို့အတွက်သာမက နေအိမ်နဲ့ အဆောက်အဦးတွေအတွင်းမှာ ပေါက်ပွားတတ်တဲ့ မှိုတွေကိုကာကွယ်ဖို့နဲ့ လေကောင်းလေသန့် ရရှိဖို့အတွက် စိုက်ပျိုးလာကြတာ ဖြစ်ပါတယ်။ အိမ်တွင်းအလှစိုက်အပင်တွေကို ဆိုင်ကနေဝယ်ယူလာတဲ့အခါ အိုး (သို့မဟုတ်) ပျိုးအိတ်ထဲကမြေသားမှာ အလွန်ပေါ့ပါးပြီး ကြေမွလွယ်တဲ့ အဖြူရောင်အတုံးလေးတွေ ပါဝင်နေတာကို သတိပြုမိပါလိမ့်မယ်။ အဲဒီအတုံးလေးတွေက ဓာတ်မြေသြဇာ ဒါမှမဟုတ် အပင်ကြီးထွားမှုပြဿနာရဲ့ လက္ခဏာမဟုတ်ပါဘူး။ ၎င်းတို့ဟာ ကျောက်ပွ (သို့မဟုတ်) ဖော့ကျောက် (perlite) လေးတွေပဲ ဖြစ်ပါတယ်။

တခါတရံမှာ အလှစိုက်အပင်တွေ စိုက်ပျိုးပြုစုတဲ့အခါ စိုက်ပျိုးရေးသုံး ကြားခံပစ္စည်း (growing media) တွေကို ထည့်သွင်း အသုံးပြုကြရပါတယ်။ အဲ့ဒီပစ္စည်းတွေထဲမှာ ကျောက်ပွ (perlite) ကလည်း အပါအဝင် ဖြစ်ပါတယ်။ Indoor plant တွေ စိုက်ပျိုးတဲ့အခါ ကျောက်ပွ (perlite) ကို မြေဆီလွှာအရောအနှောထဲမှာ အစိတ်အပိုင်းတစ်ခုအနေနဲ့ ပေါင်းထည့်လေ့ရှိကြပါတယ်။ အဆိုပါ ကျောက်ပွဟာ မီးတောင်ထွက်ပစ္စည်းကနေရရှိတဲ့ ကျောက်အမျိုးအစားတစ်ခုလို့ ဆိုကြပါတယ်။ ၎င်းရဲ့မူလပုံစံကတော့ ရေပါဝင်မှုအတော်လေးမြင့်မားပေမဲ့ အပူသက်ရောက်လိုက်တာနဲ့ တပြိုင်နက် အစိုဓာတ်ထွက်သွားပြီး မူလအရွယ်အစားကနေ ၄ ဆ - ၂၀ ဆ အထိဖောင်းပွလာစေတာ ဖြစ်ပါတယ်။ ၎င်းဟာ များသောအားဖြင့် ဆီလီကွန်ဒိုင်အောက်ဆိုဒ်ဖြစ်ပြီး အလူမီနီယမ်အောက်ဆိုဒ်နဲ့ ပိုတက်စီယမ်အောက်ဆိုဒ်တို့လည်း ပါဝင်နေတာဖြစ်ပါတယ်။ ဒီကျောက်တွေကို ဆောက်လုပ်ရေးလုပ်ငန်းတွေမှာလည်း ပုံစံအမျိုးမျိုးနဲ့ အသုံးပြုကြပြီး အိုးနဲ့ အလှဆင်စိုက်ပျိုးတဲ့ ဥယျာဉ်စိုက်ခင်းတွေ၊ ပျိုးခင်းတွေမှာတော့ တန်ဖိုးမဖြတ်နိုင်တဲ့ အရင်းအမြစ်တစ်ခုဖြစ်လာခဲ့တာပါ။ 

ဆိုတော့ ဒီပါလိုက်ကို အပင်လေးတွေအတွက် ဘာကြောင့်ထည့်ပေးသင့်တာလဲ?

၁။ ရေစိမ့်ဝင်နိုင်မှု ကောင်းစေခြင်း 

ကျောက်ပွရဲ့ အဓိကကောင်းကျိုးတစ်ခုကတော့ ရေစိမ့်ဝင်နိုင်မှုအပေါ်မှာ သက်ရောက်မှုရှိတာ ဖြစ်ပါတယ်။ အထူးသဖြင့် အိုးနဲ့စိုက်ပျိုးတဲ့ အလှစိုက်အပင်တွေမှာဆိုရင် ရေဆင်းအားကောင်းဖို့က အလွန်အရေးကြီးပါတယ်။ အပင်အများစုဟာ ၎င်းတို့ရဲ့ အမြစ်ပတ်ဝန်းကျင်မှာ ရေတွေ အချိန်ကြာရှည်စွာရှိနေတာမျိုးကို မနှစ်သက်တာကြောင့် ပိုလျှံနေတဲ့ အစိုဓာတ်တွေက လျင်မြန်စွာနဲ့ စိမ့်ထွက်သွားနိုင်ဖို့ လိုအပ်ပါတယ်။ အစိုဓာတ်တွေ အမြစ်တစ်ဝိုက်မှာ အချိန်ကြာမြင့်စွာရှိနေပါက အမြစ်ပုပ်ပြီး အပင်ပါသေဆုံးသွားနိုင်ပါတယ်။

ကျောက်ပွကို အပင်စိုက်ပျိုးရာမှာ စပ်မြေနဲ့အတူ ထည့်သွင်းပေးခြင်းဖြင့် မြေဆီလွှာမှာ ရေစိမ့်ဝင်မှုတိုးတက်စေပြီး လေဝင်လေထွက်ပါကောင်းစေမှာ ဖြစ်ပါတယ်။ ထို့အပြင် ကျောက်ပွကို အလင်းရောင်နည်းပါးပြီး ရေငွေ့ပျံ့မှုနည်းပါးတဲ့နေရာမှာ စိုက်ပျိုးထားတဲ့ အပင်တွေအတွက်လည်း အသုံးပြုနိုင်ပါတယ်။ 

၂။ လေဝင်လေထွက် ကောင်းစေခြင်း

မြေဆီလွှာ အမှုန်များကြားမှာ နေရာလပ်​များတိုးလာခြင်းဟာ အမြစ်ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ လေဝင်လေထွက်ကို တိုးတက်စေနိုင်တာ ဖြစ်ပါတယ်။

လူသားတွေလိုပဲ အမြစ်တွေဟာလည်း လေနဲ့ အောက်ဆီဂျင် ပြတ်တောက်သွားတဲ့အခါမှာ အခြေခံအားဖြင့် ‘အသက်ရှုမွန်းကြပ်’ နိုင်ပါတယ်။ ယေဘုယျအားဖြင့် ​ရေအလွန်အကျွံလောင်းခြင်း၊ ရေနည်းလွန်းခြင်းနဲ့ ဆွေးမြည့်ပျက်စီးခြင်းတို့ကြောင့် အိုးထဲမှာရှိတဲ့ မြေဆီလွှာဟာ ကျစ်လစ်သိပ်သည်းလာတဲ့အခါမှာ ဖြစ်ပေါ်လေ့ရှိပါတယ်။ မြေဆီလွှာထဲမှာ လေမရှိပါက အမြစ်များ အလုပ်လုပ်ဖို့ရာ အလွန်ရုန်းကန်ရမှာ​ဖြစ်ပြီး အပင်ရဲ့ အစိတ်အပိုင်းများသို့ လိုအပ်တဲ့ ရေနဲ့ အာဟာရဓာတ်များ ကို ပို့ဆောင်နိုင်မှာ မဟုတ်တော့ပါဘူး။

မြေဆီလွှာထဲကို ကျောက်ပွထည့်လိုက်တဲ့အခါ လေဟာ အမြစ်များတစ်ဝိုက်မှာ ပိုမိုလွတ်လပ်စွာ စီးဆင်းနိုင်ပြီး မြေကြပ်ခြင်းကိုတားဆီးပေးနိုင်မှာ ဖြစ်ပါတယ်။ 

၃။ မျိုးညှောက်ဖောက်ရာတွင် အသုံးပြုနိုင်ခြင်း 

ကျောက်ပွဟာ အပင်ပေါက်နှုန်းကို မြန်ဆန်စေပြီး ပျိုးပင်များရဲ့ ကြီးထွားမှုကိုလည်း တိုးတက်စေနိုင်ပါတယ်။ မျိုးစေ့ကို စတင်အသုံးပြုမယ်ဆိုရင် ကျောက်ပွ (perlite) နဲ့ စပါဂနမ်ရေညှိခြောက် (Sphagnum Moss Peat) တို့ကို ဆတူရောစပ်ပြီး ကောင်းစွာရေလောင်းထားကာ ၎င်းအရောအနှောပေါ်မှာ ချပြီးစိုက်ပျိုးနိုင်ပါတယ်။ နောက်တစ်နည်းကတော့ ကျောက်ပွ ၁ ဆနဲ့ အသင့်သုံးစပ်မြေ (မြေဆွေး) ၂ ဆကို ရောစပ်ပြီး ၎င်းပေါ်မှာ မျိုးစေ့ချစိုက်ပျိုးခြင်းဖြစ်ပါတယ်။ မျိုးစေ့ချပြီးပါက သင့်တော်တဲ့အစိုဓာတ် မပြတ်ရရှိစေဖို့အတွက် ရေလောင်း ရေဖျန်းတာမျိုး လုပ်ပေးရမှာဖြစ်ပါတယ်။ ပြီးပါက အပေါ်ကနေ သစ်ဆွေးလွှာပါးပါးဖြူးပေးပြီး ပလတ်စတစ်နဲ့ဖုံးအုပ်ထားနိုင်ပါတယ်။ 

၄။ အလွယ်တကူ မပြိုကွဲနိုင်ခြင်း

ကျောက်ပွဟာ အော်ဂဲနစ်ပစ္စည်းမဟုတ်တာကြောင့် အချိန်ကြာလာပေမဲ့လည်း ပြိုကွဲခြင်းမရှိတဲ့ အရာဝတ္ထုဖြစ်ပါတယ်။ ၎င်းဟာ အသုံးများတဲ့ သစ်ဆွေး၊ ရေညှိဆွေးမြေသြဇာ (peat moss) ကဲ့သို့ အခြားမြေဆီလွှာပြုပြင်တဲ့ ပစ္စည်းတွေနဲ့လည်း ကွဲပြားပါတယ်။ အဆိုပါပစ္စည်းတွေဟာ အချိန်ကြာလာတာနဲ့အမျှ ဆွေးမြေ့ပြီးနောက် မြေဆီလွှာကျန်းမာရေးနဲ့ ဖွဲ့စည်းတည်ဆောက်ပုံကိုပါ ပြိုကွဲပျက်စီးစေပြီး အခန့်မသင့်ပါက ရောဂါပြန့်ပွားမှုကိုပါ ဖြစ်စေနိုင်ပါတယ်။

အပင်စိုက်ပျိုးဖို့ မြေဆီလွှာရောစပ်ရာမှာ အော်ဂဲနစ်ဒြပ်စင်တွေထည့်ပေးဖို့ လိုအပ်တာမှန်​ပေမဲ့ ကျောက်ပွကဲ့သို့ အော်ဂဲနစ်မဟုတ်တဲ့ ပစ္စည်းတွေကို ထည့်သွင်းအသုံးပြုခြင်းဖြင့် မြေဆီလွှာတစ်ခုလုံးရဲ့ ပြိုကွဲပျက်စီးမှုကို နှေးကွေးစေနိုင်ပါတယ်။ ၎င်းဟာ မြေအသစ်လဲလှယ်ဖို့ စပ်မြေ မလုံလောက်တဲ့ အခြေအနေမျိုးမှာ အပင်များကို လုံ​ခြုံစိတ်ချရမှုရှိအောင် ထိန်းသိမ်းထားနိုင်ပါတယ်။ 

ကျောက်ပွဟာ inorganic ပစ္စည်း ဖြစ်ပေမဲ့လည်း အဆိပ်အတောင်ဖြစ်စေပြီး ဓာတုပစ္စည်းများနဲ့ ပြုလုပ်ထားတာကို မဆိုလိုကြောင်း သတိပြုသင့်ပါတယ်။ Inorganic ဆိုတာဟာ ဓာတုဗေဒအရ ကာဗွန်မပါဝင်​ခြင်းကို ဆိုလိုတာဖြစ်ပြီး ကျောက်ပွဟာ အော်ဂဲနစ် စိုက်ခင်းတွေအတွက် သင့်လျော်သော ပစ္စည်းတစ်ခုအ​နေနဲ့ အသုံးဝင်နေဆဲ ဖြစ်ပါတယ်။ 

၅။ မြေ ချဥ်၊ ငန်ကိန်းပေါ် သက်ရောက်မှု မရှိခြင်း 

အိမ်တွင်းအလှစိုက်အပင်တွေပေါ်မှာ ထင်ထင်ရှားရှား သက်ရောက်မှုမရှိပေမယ့် အထောက်အကူဖြစ်နိုင်တဲ့ နောက်ထပ်အကျိုးကျေးဇူးကတော့ pH အပေါ် အကျိုးသက်ရောက်မှု မရှိခြင်းပါ။

အချို့သော အိမ်တွင်းအလှစိုက်အပင်တွေဟာ pH ၇ အောက် အက်စစ်ဓာတ်အနည်းငယ်ဆန်တဲ့ မြေဆီလွှာကို နှစ်သက်ကြပြီး အချို့သောအပင်တွေကတော့ ၎င်းတို့ပေါက်ရောက်တဲ့ မြေဆီလွှာရဲ့ pH နဲ့ ပတ်သက်လို့ ဇဝေဇဝါ ဖြစ်တတ်ကြပါတယ်။ အချို့သော မြေဆွေးနဲ့ သစ်ဆွေးမြေသြဇာကဲ့သို့ မြေဆီလွှာဖြည့်စွက်ပစ္စည်းများကို အများအပြားအသုံးပြုတဲ့အခါမှာ ချဥ်ငန်ကိန်း pH ပမာဏကို ပြောင်းလဲပစ်နိုင်ပါတယ်။ သို့ပေမဲ့ ကျောက်ပွကတော့ သမမျှတတဲ့ ပစ္စည်းဖြစ်တာကြောင့် မြေဆီလွှာရဲ့ pH အဆင့်အပေါ်မှာ သက်ရောက်ရှိမှာမဟုတ်ဘဲ စိတ်ချစွာအသုံးပြုနိုင်ပါတယ်။  

Ref: https://www.epicgardening.com/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်