သစ်ခွပင်များ တိုက်ခိုက်ခံရခြင်း

01/07/2020 12:30 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

လူသားတွေ ရောဂါဘယစွဲကပ်ပြီး နာမကျန်းဖြစ်သလိုပဲ အပင်တွေမှာလည်း ပိုး၊ ရောဂါ ကျရောက်ပြီး ထိခိုက်ပျက်စီးတတ်ပါတယ်။ သစ်ခွပင်တွေကို ထိခိုက်ပျက်စီးစေတာကတော့ မှို၊ ဘက်တီးရီးယား၊ ဗိုင်းရပ်စ် နဲ့ အင်းဆက်ပိုးမွှားတွေသာ မကပဲ နေလောင်ခြင်း၊ ရေငတ်ခြင်းနဲ့ အအေးဒဏ် ခံရခြင်းတို့ကလည်း ထိခိုက်ပျက်စီး စေနိုင်တာ ဖြစ်ပါတယ်။ ဒါကြောင့် မိမိအိမ်မှာ သစ်ခွပင်တွေ စိုက်ပျိုးထားတယ်၊ စိုက်ဖို့ ဝါသနာပါတယ် ဆိုရင်တော့ တစ်ပတ်ကို အနည်းဆုံး ၂ ကြိမ်လောက်တော့ အပင်တွေကို သေချာ စစ်ဆေးဖို့ လိုအပ်ပါတယ်။

မှို နှင့် ဘက်တီးရီးယား တိုက်ခိုက်ခြင်း

ဘက်တီးရီးယားနဲ့ မှို ကျရောက်ခြင်းဟာ ရေလောင်းများလို့ အပင်ရဲ့ အမြစ်ပုပ်တဲ့ ပုံစံနဲ့ ဆင်တူပါတယ်။ ဘက်တီးရီးယားနဲ့ မှိုကျရောက်ခြင်းရဲ့ လက္ခဏာတွေကို အရွက်တွေပေါ်မှာ တွေ့ရတတ်ပြီး တစ်ခါတစ်ရံ ပန်းပွင့်တွေမှာပါ တွေ့ရတတ် ပါတယ်။ အရွက်တွေပေါ်မှာ အညိုရောင် ခပ်ပျော့ပျော့ ပုံစံ (သို့မဟုတ်) အမည်းရောင် အစက်တွေ ပေါ်လာတတ်ပြီး အပင်အောက်ခြေက အရွက်တွေထိပါ ကူးစက်ကာ အညိုရောင်ပြောင်း (ခြောက်သွေ့တဲ့အထိ) ဖြစ်တတ်ပါတယ်။ အဲ့လိုပုံစံနဲ့ အမြစ်တွေကိုလည်း ကူးစက်နိုင်တာမို့ ပုပ်လာတဲ့နေရာကို အမြန်ဆုံးဖယ်ရှားနိုင်မှသာ တခြားအပင်တွေကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ပိုစိတ်ချရတာကတော့ အပင်ကိုထုတ်ပြီး ပျိုးခံအသစ်နဲ့ ပြန်စိုက်နိုင်ရင်တော့ ရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

အပင်ပုပ်တာ ကာကွယ်နိုင်ဖို့ ဘာမှ မဖြစ်ခင်ကတည်းက မှိုသတ်ဆေး ကြိုဖျန်းထားတာ အကောင်းဆုံးပါ။ စိုစွတ်တဲ့ မိုးရာသီလို အချိန်မျိုးမှာ အပင်ပုပ်နိုင်ခြေများပါတယ်။ တစ်ချို့ စိုက်ပျိုးသူတွေကတော့ အသစ်ချိုးဖဲ့ထားတဲ့ ပင်စည်လို နေရာမျိုးတွေမှာ မှိုရောဂါ မဝင်ရောက်နိုင်ဖို့အတွက် မှိုသတ်ဆေး ခပ်ပါးပါးဖြူးထားလေ့ရှိပါတယ်။

ဗိုင်းရပ်စ် တိုက်ခိုက်ခြင်း

သစ်ခွပင်တွေမှာ ဗိုင်းရပ်စ် တော်တော်များများ တိုက်ခိုက်ခံရနိုင်ပါတယ်။ အရွက်နဲ့ အပွင့်တွေပေါ်မှာ အစင်းကြောင်း ပေါ်လာတာမျိုးတွေ၊ အရွက် အရောင်ပြောင်းတာတွေ၊ အမည်းရောင် အစက်အပြောက် ပေါ်လာတာတွေ၊ ကွင်းပုံစံ ပေါ်လာတာတွေ စတဲ့ လက္ခဏာတွေဟာ ဗိုင်းရပ်စ် တိုက်ခိုက်ခြင်း ခံရတာ ဖြစ်ပါတယ်။ တစ်ခါတစ်ရံ အရွက်ရဲ့ အောက်မျက်နှာပြင်မှာသာ တွေ့ရတတ်တာမို့ သေချာ စစ်ဆေးဖို့ လိုအပ်ပါတယ်။ ဒီလိုပုံစံမျိုးတွေ တွေ့ရပြီဆိုရင် အပင်ကို သီးခြားခွဲထုတ်ထားဖို့ လိုအပ်ပါတယ်။ ဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှုကာကွယ်နိုင်ဖို့ အတွက် သစ်ခွခြံထဲမှာ သုံးတဲ့ အပင် ဖြတ်/ ညှပ်တဲ့ ကိရိယာတွေကို မသုံးခင်နဲ့ သုံးပြီးတိုင်းမှာ ပိုးသတ်ပေးဖို့ လိုအပ်ပါတယ်။ အပင်တွေမှာ ဗိုင်းရပ်စ် ဆိုးဆိုးရွားရွား ကျရောက်နေပြီဆိုရင်တော့ ချက်ချင်း လွှင့်ပြစ်လိုက်တာဟာ အကောင်းဆုံး နည်းလမ်းဖြစ်ပါတယ်။

အင်းဆက်နှင့် ပိုးမွှားများ တိုက်ခိုက်ခြင်း

သစ်ခွ ပင်တွေမှာ ခရု၊ ပက်ကျိ၊ ပျ၊ ပိုးစေးနဲ၊ မွှားပင့်ကူ၊ ခူ၊ ကျိုင်းပိုး စတဲ့ အင်းဆက် ပိုးမွှားတွေ တိုက်ခိုက်ဖျက်ဆီးလေ့ရှိပါတယ်။ ပိုးတွေဟာ ပင်စည်နဲ့ အရွက်ကြားက နေရာကို တိုက်ခိုက်လေ့ရှိပြီး လူမမြင်နိုင်တဲ့ အရွက်ရဲ့ အောက်ဘက်ကိုလည်း တိုက်ခိုက်ပါတယ်။ များသောအားဖြင့် စုပ်စားတဲ့ပိုးတွေ ကျလေ့ရှိပါတယ်။ ကျိုင်းပိုး တွေကြောင့်ဖြစ်တဲ့ အကြေးကွက်တွေ အရွက်မှာ တွေ့ရမယ်ဆိုရင်တော့ တမာပိုးသတ်ဆေး (သို့မဟုတ်) တမာဆီ ကို ဂွမ်းစနဲ့ စိမ်ပြီး အသာလေးပွတ်ပေးမယ်ဆိုရင်ပဲ ပျောက်သွားနိုင်ပါတယ်။ မွှား ပင့်ကူတွေကြောင့် ဖြစ်တဲ့ အဖြူရောင် အဖုတွေကိုတော့ miticide (မီတီဆိုဒ်) လို့ခေါ်တဲ့ ပိုးသတ်ဆေးမျိုးနဲ့ ကာကွယ် နှိမ်နင်းနိုင်ပါတယ်။ ခရုနဲ့ ပက်ကျိတွေကိုတော့ metaldehyde (မက်တယ်ဒီဟိုက်) ဆိုတဲ့ အရည်နဲ့ မျှားပြီးဖမ်းနိုင်သလို၊ ကောက်ယူလွှင့်ပစ်တာမျိုးလည်း လုပ်နိုင်ပါတယ်။

သစ်ခွပင်များ တိုက်ခိုက်ခံရခြင်းမှ ကာကွယ်ကြပါစို့.......

ဇင်ထူးနိုင်

ကိုးကားချက်

- http://www.orchidfetish.com/disease.html

- Brighten Up Your Life with Orchids by Eric Simon

(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်