မြေပဲ သီးနှံသည် ကမ္ဘာပေါ်တွင် အရေးကြီးသော သီးနှံတစ်ခု ဖြစ်ပါသည်။ ပဲမျိုးရင်းဝင် သီးနှံအဖြစ် သော်လည်းကောင်း၊ ဆီထွက် သီးနှံ အဖြစ်သော်လည်းကောင်း ထင်ရှားသည်။ လူတို့၏ အစား အစာ စားသုံးဆီစက်မှု့လုပ်ငန်းများစသော ကဏ္ဍများ အပြင် တိရိစ္ဆာန် အစာ အဖြစ်ပါ အသုံးပြုနိုင်သော သီးနှံဖြစ်သည်။ နှစ်စဉ် ကမ္ဘာပေါ် တွင်မြေပဲတန်ချိန် သန်းပေါင်း (၄၆)သန်းခန့် စိုက်ပျိုး ထုတ်လုပ်ပြီး တရုတ် နိုင်ငံမှ အများဆုံး ထွက်ရှိပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံ အနေဖြင့် နှစ်စဉ် တန်ချိန်(၁.၄)သန်းခန့် စိုက်ပျိုး ထုတ်လုပ်ပါသည်။ ထိုမြေပဲ သီးနှံတွင် ကျရောက် ဖျက်စီးလေ့ရှိသော အင်းဆက် ဖျက်ပိုးများနှင့် ကာကွယ် နှိမ်နင်းနည်းများ ကိုတောင်သူများ အကျိုးငှာ လက်လှမ်းမီ သလောက်ရေးသား တင်ပြအပ် ပါသည်။
မြေပဲတွင်အဓိကကျရောက်ဖျက်ဆီးတတ်သောဖျက်ပိုးများမှာ
၁။ဖိုးလမင်းကျိုင်း၂။ပျ ၃။ဖြုတ် ၄။လှေး ၅။ရွက်ထွင်းပိုး ၆။ခူမွှေးရှည် ၇။ဆေးရွက်ကြီးဖလံ ၈။ရွက်ထွေးနှင့် သီးတောင့်ထိုးပိုး(Grampodborer) ၉။ သီးတောင့်ထိုးပိုး(Earwig) ၁၀။ခြ တို့ ဖြစ်ပါသည်။
ယခု အပိုင်း(၁)တွင် ဖိုးလမင်းကျိုင်း၊ ပျ၊ ဖြုတ်၊ လှေးတို့နှင့် ပတ်သက်၍ရေးသား တင်ပြပေးပါမည်။
(၁) ဖိုးလမင်းကျိုင်း (Chafer Beetle or White Grubs)
မြေပဲ ပင်သက်တမ်း တစ်လျှောက်လုံး အပင်ကြီးထွားမှု့ အဆင့်တိုင်းတွင် ဖျက်စီးလေ့ ရှိပါသည်။ သားလောင်းကောင်သည် မြေပဲပင်၏ ရေသောက်မြစ်နှင့် မြေပဲစွယ်များ၊ သီးတောင့်နု များကို ဖျက်စီးလေ့ရှိပြီး အရွယ်ရောက် အကောင်ကြီးများသည် အရွက်များကို စားသောက် ဖျက်စီးလေ့ ရှိပါသည်။ ဖိုးလမင်းကျိုင်း ကျရောက်မှု့ကြောင့် အထွက်နှုန်းကို (၂၀%မှ၁၀၀%)ထိ ကျဆင်း စေနိုင်သောကြောင့် မြေပဲ အတွက် အလွန် အန္တရာယ် များသော ဖျက်ပိုး ဖြစ်ပါသည်။
ဘဝစက်ဝန်း
အရွယ်ရောက် ကျိုင်းကောင်များသည် ညနေပိုင်း အလင်းရောင် အားနည်းချိန်တွင် စိုက်ခင်းဝန်းကျင်ရှိ အပင်ကြီးများပေါ်သို့ ပျံတက်ပြီး ညပိုင်း မိတ်လိုက်လေ့ ရှိပါသည်။ မိတ်လိုက် သန္ဓေအောင် ပြီးသောအခါ နံနက်စောစော တွင်မြေပြင်သို့ ပြန်ဆင်းသက် ပါသည်။ မိတ်လိုက်ပြီး (၂-၃)ရက် အတွင်း မြေကြီး အတွင်း (၂-၄) လက်မ အနက်တွင် ဥအုပါသည်။ အများအားဖြင့် သဲဆန်သော မြေများတွင် ဥလေ့ ရှိပါသည်။ တစ်ကြိမ်လျှင် ဥအလုံး(20)ခန့် ဥတတ် ပါသည်။ ဥ သက်တမ်း (၇-၁၃) ရက် အတွင်းတွင် အကောင်ပေါက် ပါသည်။ သားလောင်း ကောင်ငယ်များ သည်မြေကြီး ထဲတွင်နေလေ့ရှိပြီး ၎င်းတို့ စားသောက်ရန် မြေပဲပင်၏ ရေသောက်မြစ်များနှင့် မတွေ့ မချင်း မြေဆွေး အမှိုက်သရိုက် ဆွေးများကို စားသောက် အသက်ရှင် ပါသည်။ သားလောင်း အကောင်ငယ် ဘဝတွင် အဆင့်(၃)ဆင့် ရှိပါသည်။ ပထမ အဆင့်သည် (၁၆)ရက်၊ ဒုတိယ အဆင့်(၃၂)ရက်နှင့် တတိယ သားလောင်း အဆင့်သည် ရက်(၅၀)သက်တမ်း ကြာတတ်ပြီး စုစုပေါင်း သားလောင်း ဘဝတွင် ရှင်သန် ကြာမြင့် ချိန်သည် ပျမ်းမျှ (၈၂-၁၁၃) ရက်ထိ ရှိနိုင်ပါသည်။ ထို့နောက် နောက်ဆုံး အဆင့် သားလောင်းကောင်သည် မြေကြီး အတွင်း အနက်(၁)ပေမှ(၂)ပေခွဲ အထိ ဝင်ရောက်ပြီး အခန်းငယ်များ ပြုလုပ်ကာ ရုပ်ဖုံး ဘဝသို့ ကူးပြောင်း ပါသည်။ ပိုးရုပ်ဖုံး အဆင့်တွင် (၁၄)ရက်ခန့် ကြာတတ် ပါသည်။ ထို့နောက် အကောင်ကြီး ဖြစ်လာပါသည်။ ထို့ကြောင့် ဖိုးလမင်း ကျိုင်းကောင်၏ ဘဝစက်ဝန်း တပတ်ပြည့်ရန် ပျမ်းမျှ ကြာမြင့်ချိန်သည် (၁၂၂)ရက်ခန့် ဖြစ်ပါသည်။ ထိုသက်တန်း အတွင်းတွင် အပင်အား အဓိက ဖျက်စီးသည့် သားလောင်း ဘဝသည် အကြာရှည်ဆုံး ဖြစ်သောကြောင့် မြေပဲခင်းများကို ဆိုးဝါးစွာ တိုက်ခိုက် ဖျက်စီးနိုင်ခြင်း ဖြစ်ပါသည်။
ဖျက်စီးမှု့လက္ခဏာများ
သားလောင်းကောင်များသည် အမြစ်များကိုကိုက်ဖြတ် ဖျက်ဆီးသည်။ ရေသောက်မြစ်ကို အဓိက ထား၍ ကိုက်ဖြတ် စားသောက်လေ့ ရှိသောကြောင့် အပင်ပုခြင်း၊ ဝါခြင်း၊ ညှိုးခြင်း၊ အပင် သေခြင်းတို့ကိုဖြစ်စေသည်။ ဤ ကျိုင်းကောင်ကြောင့် သေဆုံး သွားသော အပင်များသည် အခြား အကြောင်းများကြောင့် သေဆုံးသော အပင်များနှင့် မတူဘဲ မြေပြင်မှ လက်ဖြင့် သာသာ ယာယာ အလွယ်တကူ နှုတ်ယူလျှင် အလွယ်တကူ ကျွတ်ပါလာ နိုင်သည်။ အပင်သည် ကျိုင်းကောင် သားလောင်း ဖျက်စီး၍ တိုက်ရိုက် မသေလျှင်တောင် ပင်ခြေ အရင်းအမြစ်ပေါ်ရှိ ပိုးကိုက် ဒဏ်ရာများမှ တဆင့် ခါးရိမှိုရောဂါများ ဝင်ရောက်ပြီး သေဆုံးနိုင်ပါသည်။ ဖိုးလမင်းကျိုင်း၏ ဖျက်စီးခံရသော မြေပဲခင်းများတွင် မြေပဲပင်များ စိုက်မြောင်း အတိုင်း၊ အတန်းလိုက် သေဆုံးနေခြင်းများကို ထင်ထင် ရှားရှား တွေ့ရလေ့ ရှိပါသည်။ အရွယ်ရောက် ကျိုင်းကောင် များသည် အရွက်များကို ကိုက်ဖြတ် ဝါးစားခြင်းဖြင့် ဖျက်စီးလေ့ရှိပါသည်။
ဘက်စုံ ကာကွယ် နှိမ်နင်းနည်းများ
သဘာဝ မြေဆွေး မြေသြဇာများ သုံးစွဲခြင်းသည် ကောင်းကျိုး များစွာ ရှိသည် မှန်သော်လည်း မြေပဲတွင် စနစ်တကျ ဂရုစိုက်၍ သုံးစွဲရန် လိုပါသည်။ အဘယ့်ကြောင့် ဆိုသော် သဘာဝ မြေသြဇာ အလွန်အကျွံ ကျွေးသော စိုက်ခင်းများတွင် ဖိုးလမင်းကျိုင်းများ ဆိုးဝါးစွာ ဖျက်စီးလေ့ ရှိသောကြောင့် ဖြစ်ပါသည်။ အထူးသဖြင့် မြေပဲ မျိုးစေ့ ချချိန်နှင့် အလွန် နီးကပ်စွာ သဘာဝ မြေသြဇာများ ထည့်သွင်းပါက ဖျက်စီးမှု့ ပိုမို ပြင်းထန်တတ် ပါသည်။ ထို့ကြောင့် သဘာဝ မြေသြဇာများကို မြေပဲ မစိုက်မီ အချိန် အလုံ အလောက်ယူ၍ စောစီးစွာ ကြိုတင် ထည့်ထား ရပါမည် ဖြစ်ပါသည်။ မြေပဲ စိုက်ပျိုးရန် မထွန်ယက်မီ စိုက်ခင်း မြေပြင်အား အချိန် ကြာကြာ ရေလွှမ်းထားခြင်းသည်လည်း ကြိုတင် ကာကွယ်နည်းကောင်း တစ်ခု ဖြစ်ပါသည်။ ထယ်ရေး နက်နက် ထွန်ပေးခြင်းဖြင့် မြေကြီးအတွင်းရှိ ပိုးများကို ပေါ်ထွက်စေကာ ငှက်အစရှိသော သားရဲကောင် များတွေ့မြင် စားသုံးစေခြင်းဖြင့် ဖျက်ပိုးပျားကို သုတ်သင်နိုင်ပါသည်။ ထယ်ရေး နက်နက် နှစ်ကြိမ် ထိုးနိုင်လျှင် ပိုကောင်းသည်။ မြေပဲကို အချိန်စောစွာ စိုက်သင့် ပါသည်။ သီးလှည့် စိုက်ပျိုးခြင်း (ဥပမာ-နေကြာ) နေကြာသည် ဖိုးလမင်းကျိုင်း ဖျက်စီးမှု့ ဒဏ်ကို ခံနိုင်ရည် ရှိသော အပင် ဖြစ်သည်။ စိုက်ခင်းဝန်းကျင်တွင် ပြောင်း၊ နှံစားပြောင်း စသော ထောင်ခြောက် သီးနှံ စိုက်ပျိုးခြင်းများ ပြုလုပ်သင့် ပါသည်။ စိုက်ခင်း အတွင်း ကျိုင်းကောင်ပွားများမှု့ ကိုထိန်းချုပ်ရန် လွယ်ကူသော နည်းလမ်း တစ်ခုမှာ မြေပဲပင်များနှင့် ပင်ခြေမြေပေါ်တွင် ရှိနေတတ်သော ဖိုးလမင်း ကျိုင်းကောင်ကြီးများအား ရှာဖွေ ကောက်ယူပြီး မီးရှို့ ဖျက်စီးခြင်း ဖြစ်ပါသည်။
ဓာတု ပိုးသတ်ဆေးများ အသုံးပြု၍ နှိမ်နင်းခြင်း
(က)ကြိုတင်ကာကွယ်ခြင်း
မြေပဲ မျိုးစေ့များကို ကလိုပိုင်ရီဖော့၊ အေမီဒါကလိုပစ် စသော ဓာတုဆေးများဖြင့် သတ်မှတ်နှုန်းထား အတိုင်း လူးနယ် စိုက်ပျိုးခြင်းဖြင့် ကာကွယ်နိုင် ပါသည်။ သို့သော် မျိုးစေ့ ဆေးလူးနယ်ခြင်းကို စနစ်တကျ ဂရုစိုက်၍ မလူးနယ်ပါကမြေပဲစေ့အခွံ (seedcoat) ကျွတ်တတ်ခြင်းကြောင့် အပင်ပေါက်ခြင်းကို ထိခိုက်စေနိုင် ပါသည်။ အခြား ပဲမျိုးများနှင့် မတူပါ။ အထူး ဂရုစိုက်ကြပါရန်။ မြေတွင်းအောင်း ပိုးသတ်ဆေးခဲ ကာဘိုဖျူရမ်(၃)ဂျီကို တစ်ဧက သတ်မှတ်နှုန်းထား အတိုင်း ထည့်သွင်း အသုံးပြုနိုင် ပါသည်။ အကုန်ကျ သက်သာပြီး ထိရောက်သော အခြားနည်းလမ်း တခုမှာ မြေပဲကို စိုက်ကြောင်းအတွင်း ချပြီးချိန်တွင် ကလိုပိုင်ရီဖော့ (၄၈%) အီးစီ ဆေးကို ရေလေးဂါလံ ဆေးဖြန်းပုံးတစ်ပုံးလျှင် (၅၀) စီစီနှုန်း ဖျော်စပ်ပြီး မျိုးစေ့များ အပေါ်ဖြန်းပေးပြီး မြေကြီးကို ကြမ်းရိုက်ခြင်းဖြင့်လည်း ကာကွယ်နိုင်ပါသည်။
(ခ)စိုက်ခင်းတွင် ဖျက်စီးမှု့တွေ့မှ ဆေးဖြန်းခြင်း/ပိုးကျမှ ဆေးဖြန်းခြင်း
ကလိုပိုင်ရီဖေါ့/ကာဘရိုင်းစသောပိုးသတ်ဆေးတမျိုးမျိုးကိုသတ်မှတ်နှုံးထားအတိုင်းဖျော်စပ်၍တခင်းလုံးနှံ့စပ်စွာဖြန်းပေးပါ။ညနေစောင်းပိုင်းပိုးသတ်ဆေးဖြန်းခြင်းသည်ပိုမိုထိရောက်ပါသည်။
(၂)မြေပဲပျပိုး (Groundnut Aphids)
ပျသည်မြေပဲပင်အား တိုက်ရိုက် ဖျက်စီးရုံသာမက သွယ်ဝိုက်၍ပါ ဖျက်စီးသည်။ ပျသည် အကြီးမြန်၊ မျိုးပွားမြန်၊ အသေမြန်သော စုပ်စားပိုး အမျိုးအစား ဖြစ်သည်။ အပင်အား ပျတကောင်၏ ပျမ်းမျှ ဖျက်ဆီးချိန်သည် (၇-၁၀)ရက်ခန့် သာရှိသည်။ အကောင်ကြီးသည်(၉-၂၅) ရက် အထိ အသက်ရှည်ပြီး သက်တမ်း တခုအတွင်း ပျပိုး အမတစ်ကောင်သည် သားပေါက်(၂၅- ၁၂၅)ကောင်ခန့် မျိုးပွားပါသည်။ တစ်နှစ်အတွင်းပျမ်းမျှမျိုးဆက်(၂၀)ဆက်အထိပွါးများလေ့ရှိသည်။ မျိုးပွားနှန်း အလွန်မြင့်ပါသည်။
ဖ်က္စီးမွဳ လက္ခဏာများ
သားလောင်းကောင် အကောင်ကြီးပါ အပင်၏ သစ်ရည် ပင်ရည်များကို စုပ်စားခြင်းဖြင့် ဖျက်စီးသည်။ မြေပဲပင်၏ ကြီးထွားမှု့အရွယ် အဆင့်တိုင်းတွင် အညွန့်အရွက်အပွင့်နှင့်သီးတောင့်ဖြစ်မည့် စွယ်များပေါ်တွင် တိုက်ရိုက် တွယ်ကပ် စုပ်ယူ စားသောက်ခြင်းဖြင့် ဖျက်စီးပါသည်။ ၎င်းတို့၏ ဖျက်ဆီး တိုက်ခိုက်မှု့ကြောင့် မြေပဲပင်နှင့် အရွက်များ၏ ကြီးထွားမှု့ကို အဟန့်အတားဖြစ်စေပြီး အပင်ပုခြင်း၊ အရွက်ဝါခြင်း၊ ညှိုးခြင်း၊ ကိုင်းဖျားခြောက်ခြင်း၊ အရွက်များကိုပုံမမှန် မူမမှန် တွန့်လိပ်စေခြင်း၊အပင်သေစေခြင်းများကိုဖြစ်စေပါသည်။
ပျပိုးများသည် သစ်ရည် စုပ်စားစဉ် အတွင်း အားပြင်းသော အဆိပ်တစ်မျိုးကို ထုတ်လေ့ရှိပါသည်။ ထိုအဆိပ်ဓာတ်ကြောင့်လည်း ပဲပင်ပုခြင်း၊ ဝါခြင်းတို့ကို ဖြစ်စေသည်။ ဗိုင်းရပ်ရောဂါများကိုလည်း သယ်ဆောင် ကူးစက်စေသည်။ ထို့ပြင် ပျတို့၏ သဘာဝအရ စားသောက်နေစဉ် အပင်ပေါ်၌ အချိုရည် (honeydew) ကို ၎င်းတို့ ခန္ဓာကိုယ်မှ ထုတ်လေ့ ရှိသည်။ ထိုအချိုရည် အစေးများပေါ်တွင် ကျပ်ခိုးမှိုများ ပေါက်လေ့ရှိပြီး အရွက်၏ အစာချက်လုပ်မှု့ကို ကြီးစွာ အနှောက် အယှက်ပေးပါသည်။ ထိုကျပ်ခိုးမှိုကျရောက်ပါ ကမြေပဲအရွက် ကိုနွားများပင် စားလေ့ မရှိတော့ပါ။ ထို့ကြောင့် တိရိစ္ဆာန် အစာဖြစ်ပင် မသုံးနိုင်တော့ပါ ။မြေပဲပင်ပေါက်ပြီး (၄၂) ရက် အတွင်း ပျပိုးများ ဆိုးဝါးစွာ ကျရောက်ပါက အထွက်နှုန်း (၄၈%) ထိ ကျဆင်းစေနိုင် ပါသည်။
ကာကွယ်နှိမ်နင်းခြင်း
မလိုအပ်ဘဲ ပိုးသတ်ဆေး မဖြန်းပါနှင့်။ ပိုးကျမကျ စစ်ဆေးပါ။ တပင်လျှင် ပိုး(၃)ကောင်နှုန်း သို့မဟုတ် စိုက်ခင်း၏ (၂၅%)ပိုးကျမှသာ ပင်လုံးပြန့်အာနိသင်နှင့် ထိုးဖောက် စိမ့်ဝင်နိုင်သော အာနိသင်ရှိသော ပိုးသတ်ဆေးများကို သတ်မှတ် နှုန်းထားအတိုင်း ရွေးခြယ် အသုံးပြု၍ နှိမ်နင်းပါ။ သုံးစွဲနိုင်သော ပိုးသတ်ဆေးများမှာ ဒိုင်မီသိုအိတ်၊ အဆီဖိတ်၊ ပရိုဖီနိုဖော့စ်၊ အေမီဒါကလိုရိုပစ် အစရှိသောဆေးများ ဖြစ်ပါသည်။
ဓာတ်ပုံ- ပျကျရောက်နေပုံ (gardening know how)
(၃) ဖြုတ်ပိုး (Groundnut leaf hopper/ Jassic)
အရွယ်ရောက် အမကောင်သည်မြေပဲပင်၏ ရွက်ညှာ အတွင်း သို့လည်းကောင်း၊ အရွက်ကြောမ အနီးတွင် ကပ်လျှက် ရွက်သား အတွင်းသို့လည်းကောင်း ဖေါက်ထွင်း၍ဥ ဥလေ့ရှိပါသည်။ ဥ များသည် တစ်ပတ်ခန့် အကြာတွင် အကောင်ငယ်ပေါက်ပြီး အကောင်ငယ်အဆင့်တွင် (၁၀)ရက် ခန့်ကြာတတ်ပြီးလျှင် အကောင်ကြီး အဆင့်သို့ ကူးပြောင်းပါသည်။
ဖျက်စီးမှု လက္ခဏာများ
အကောင်ငယ် အကောင်ကြီး နှစ်ဆင့်လုံးသည် မြေပဲပင်၏ သစ်ရည်များကို စုပ်စားခြင်းဖြင့် ဖျက်စီးလေ့ ရှိပါသည်။ အထူးသဖြင့် အရွက်နုများ၏ အောက်မျက်နှာပြင်တွင် နေထိုင် ဖျက်စီးပါသည်။ ပထမဆုံး မြင်တွေ့နိုင်သော ဖျက်စီးမှု့လက္ခဏာမှာ ရွက်ကြောများ အရောင်ဖျော့လာပြီး တဖြည်းဖြည်း ဖြူလာပါသည်။ ထို့နောက် အရွက်ပေါ်တွင် အဝါရောင် အကွက်များ ဖြစ်လာသည်။ အရွက်နုများ၏ အရွက်ဖျားပိုင်းတွင် ဖြစ်ပေါ်လေ့ ရှိသညိ။ တိုက်ခိုက် ဖျက်စီးမှု့ြ ပြင်းထန်သော အခြေအနေတွင် အရွက်ထိပ်ဖျားပိုင်းများသည် ဗွီ(V)ပုံသဏ္ဍာန် ညိုခြောက်သွား ပါသည်။ ကျရောက် ဖျက်စီးမှု့များပါက အထွက်နှုန်း (၄၀%)ခန့်ထိ လျှော့ကျနိုင်ပါသည်။
ကာကွယ်နှိမ်နင်းနည်းများ
သီးလှည့် စိုက်ပျိုးပါ။ အချိန်မှန် စိုက်ပါ။ မစိုက်မီ စိုက်ခင်း အတွင်းရှိ ပင်ကြွင်း ပင်ကျန် အမှိုက်သရိုက်များကို ရှင်းလင်းပါ။ မြေပဲခင်း အတွင်းနှင့် ပတ်ဝန်းကျင်တွင် ကြက်ဆူ မျိုးနွယ်ဝင် အပင်များ စိုက်ပျိုးခြင်းမှ ရှောင်ကျဉ်ပါ။ အပင် သက်တမ်း အလယ်နှင့် သီးတောင့် ရင့်ချိန်ကြားတွင် အပင်ရေငတ်ခြင်း၊ အစိုပြတ်လပ်ခြင်း မရှိစေရန် သတိပြုပါ။ ထိုကာလအတွင်း ရေတစ်ကြိမ် သွင်းပေးပါ။ ရေငတ်လျှင် ထိုပိုးဖျက်စီးမှု့ ပိုဆိုးပါသည်။ ရေသွင်းပြီးလျှင်သော်လည်းကောင်း မသွင်းမီသော်လည်းကောင်း မှိုသတ်ဆေးပါ ဖြန်းပေးပါ။ မြေစိုပါက မှိုရောဂါများပါ အခန့်မသင့်လျှင် ဝင်တတ်ပါသည်။ ရေငတ်ချိန် ရေသွင်းရန် အခြေအနေမပေးပါက ရွက်ဖြန်းမြေသြဇာကို ပုံး အရေ အတွက် များများ ဖြန်းပေးပါ။ ဖျက်ပိုးကျရောက်နေသော အပင် အစိတ်ပိုင်းများကို ရှာဖွေ ဖျက်စီးပါ။ ပုဇင်း၊ ပုဇင်းကညာ၊ ဥမှင်ရှည်နှံကောင် ၊ဓါးခုတ်ကောင်များသည် ဖျက်ပိုးများကို ဖမ်းယူ စားသောက်ခြင်းဖြင့် တောင်သူများဖက်မှ ကူညီပေးနေသော မိတ်ဆွေပိုးများ ဖြစ်ခြင်းကြောင့် ဖော်ပြပါ မိတ်ဆွေပိုးများ ထိခိုက်မှု့မရှိစေရန် ပိုးသတ်ဆေးများကို လိုအပ်မှသာ သုံးစွဲပါ။ စနစ်တကျ သုံးစွဲပါ။ ပိုးသတ်ဆေး သုံးရန် လိုအပ်ပါကဒိုင်မီသိုအိတ်၊ အဆီဖိတ်၊ အေမီဒါကလိုရိုပစ်၊ ပရိုဖီနိုဖော့ စသောဆေးများကို အညွှန်းအတိုင်း သုံးစွဲပါ။
ဓာတ်ပုံ- ဖြုတ်အကောင်ကြီးပုံ (extension)
(၄) ေလွးပိုး (Thrips)
အကောင် အရွယ်အစား အလွန်သေးငယ်သောကြောင့်လှေးပိုးကို အလွယ်တကူ မတွေ့နိုင်ပါ။ ဆောင်းရာသီ သီးနှံများတွင် ပိုမို ကျရောက်လေ့ ရှိသည်။ လှေးပိုးအမသည် ဥ များကို အညွန့်နှင့် အရွက်နုများ အတွင်းသို့ ထိုးသွင်း ဥ လေ့ရှိပါသည်။ တစ်ခါ ဥလျှင် ဥ (၄၀-၅၀)ထိ ဥ တတ် ပါသည်။ ဥ အဆင့်တွင် (၅)ရက် ခန့်ကြာပြီးနောက် အကောင်ပေါက် ပါသည်။ အကောင်ငယ် အဆင့်တွင် (၇-၁၀)ရက် အထိနေပြီး အကောင်ကြီး အဆင့်သို့ ကူးပြောင်း ပါသည်။ အကောင်ကြီး အဆင့်တွင် (၂၅ရက်-၃၀)ရက်ထိ ရှင်သန် နိုင်သည်။ သက်တမ်း တစ်ခု အတွင်း အကောင်ငယ် များစွာ ပေါက်ပွားနိုင် ပါသည်။
ဖျက်စီးမှု့လက္ခဏာများ
အကောင်ငယ် အကောင်ကြီး နှစ်ဆင့်လုံးသည်မြေပဲပင်၏ အညွန့် အဖူးနှင့် အရွက်များပေါ်တွင် သစ်ရည်များကို စုပ်စားခြင်းဖြင့် တိုက်ခိုက် ဖျက်စီးပါသည်။ အပင်ပေါက် အပင်ငယ်များတွင် တိုက်ခိုက် ဖျက်စီးမှု့ကို ပိုမိုတွေ့ရတတ် ပါသည်။ လှေးပိုးများ၏ စုပ်စားမှု့ကြောင့် အရွက်အပေါ် မျက်နှာပြင်တွင် အဖြူကွက်များနှင့် အောက်မျက်နှာပြင်တွင် အညိုရောင် အကွက်များကို တွေ့နိုင်ပါသည်။ ပူပြင်းခြောက်သွေ့မှု့များလျှင် လှေးပိုး၏ မျိုးပွားနှုန်း ပိုများပြီးမြေပဲတွင် ဗိုင်းရပ်ရောဂါများကို ဆိုးဝါးစွာဖြစ်ပေါ်စေသည်။ အဖူးအပွင့်များပေါ်တွင် တိုက်ခိုက်ခံရပါက အဖူးအပွင်များခြောက်သွေ့ပျက်စီးစေပါသည်။ ပိုးကျရောက်မှု့ အနည်း အများ အလိုက် အထွက်နျှုန်းသည် (၁၇%-၄၀%)ထိလျှော့ကျနိုင် ပါသည်။
ကာကွယ်နှိမ်နင်းနည်းများ
စိုက်ခင်း သန့်ရှင်းရေး ဂရုစိုက်ပါ။ မစိုက်ပျိုးမီ ပင်ကြွင်း ပင်ကျန်များ အမှိုက်သရိုက်များ မီးရှို့ဖျက်စီးပါ။ ခံနိုင်ရည်ရှိသော မျိုးများကို စိုက်ပါ။ လှေးပိုး ဖျက်စီးခံ ထားရသောမြေပဲပင်များကို နှုတ်ယူ ဖျက်စီးပါ။ ပင့်ကူဇာတောင်ပိုး၊ လိပ်ခုံးကျိုင်းများသည် လှေးပိုးများကို စားသောက် ဖျက်စီးသော မိတ်ဆွေပိုးများဖြစ်သောကြောင့် ထိုပိုးများ မထိခိုက်အောင် ပိုးသတ်ဆေးများကို စနစ်တကျ သုံးပါ။ လိုအပ်မှသာ သုံးစွဲပါ။ သုံးစွဲနိုင်သော ဆေးများမှာ ဒိုင်မီသိုအိတ်၊ ပရိုဖီနိုဖေါ့၊ သိုင်ရာမီသောက်စင်၊ ဖစ်ပရိုနေး စသည်တို့ ဖြစ်သည်။
ဓာတ္ပံု-infonet-biovision
ဓာတ်ပုံ- လှေးပိုး (infonet-biovision)
Nan Win Aung
Source:www.infonet-biovision.org၊www.cactusmartorell.com၊ www.homesteadjunction.com၊ www.ikisan.com/up-groundnut-insect-management.html