သတိပြုကာကွယ် နှမ်းပိုးမွှားရောဂါအန္တရာယ်

23/06/2020 15:00 PM တွင် ဒေါက်တာကိုကို ဒေါက်တာကိုကို မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    နှမ်းကို မြန်မာနိုင်ငံအပူပိုင်းဒေသတွေဖြစ်တဲ့ မန္တလေး၊ စစ်ကိုင်းနဲ့ မကွေးတိုင်းဒေသကြီးတို့မှာ သီးသန့်အနေနဲ့ပဲဖြစ်ဖြစ်၊ ပဲစင်းငုံနဲ့ သီးညှပ်အနေနဲ့ဖြစ်ဖြစ် စိုက်ပျိုးပါတယ်။ မြန်မာနိုင်ငံအောက်ပိုင်းတွေဖြစ်တဲ့ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့မှာ စပါးရိတ်ပြီးနောက် သီးထပ်အဖြစ် စိုက်ပျိုးကြပါတယ်။

    နှမ်းမှာအဓိကကျတဲ့ပိုးမွှားတွေကတော့ နှမ်းဖြုတ်ညို၊ နှမ်းရွက်လိပ်ပိုး၊ နှမ်းသီးလုံးဖောက်ပိုး၊ နှမ်းဖလံ၊ ရွက်စုံစားခူဝါနဲ့ နှမ်းကျိုင်းနက်နဲ့ နှမ်းစေ့စုပ်ကြမ်းပိုးတို့ဖြစ်ကြပြီး အဓိကကျတဲ့ ရောဂါတွေကတော့ နှမ်းရိုးမည်းရောဂါ၊ နှမ်းဖိုရောဂါ၊ နှမ်းရိုးပြောက်ရောဂါ၊ ဖိုက်တိုပသိုရာပင်နာကျရောဂါ၊ ရွက်ပြောက်ရောဂါ၊ ဖျူစေရီယမ်ပင်ညှိုး ရောဂါနဲ့ ဘက်တီးရီးယားရွက်ပြောက်ရောဂါတို့ဖြစ်ကြပါတယ်။ 

    ဒီနှစ်မှာ ရွက်စုံစားခူဝါ၊ နှမ်းရွက်လိပ်ပိုး၊ နှမ်းဖြုတ်ညို၊ နှမ်းစေ့စုပ်ကြမ်းပိုး၊ နှမ်းဖိုရောဂါ၊ နှမ်းရိုးမည်းရောဂါ၊ ဖျူစေရီယမ် ပင်ညှိုးရောဂါတို့ အဓိကကျရောက်တာကို ကြားသိရပါတယ်။ ဒီအဓိကကျတဲ့ ပိုးမွှားရောဂါတွေရဲ့ သဘောသဘာဝနဲ့ ကာကွယ်နှိမ်နင်းခြင်းကိုမပြောခင် နှမ်းသီးနှံနှစ်သက်တဲ့ ရေ၊ မြေ၊ ရာသီဥတုသဘာဝကို သိထားဖို့လိုပါတယ်။ စိုက်ပျိုးသင့်တဲ့ မျိုးအကြောင်းကိုလည်း တင်ပြလိုပါတယ်။ ဒါမှသာလျှင် နှမ်းပင်နှစ်သက်တဲ့ ဘောသဘာသဘာဝကိုသိပြီး နှမ်းပင် သန်စွမ်းကြံ့ခိုင်အောင် ပြုစုနိုင်မှာဖြစ်ပါတယ်။ သန်စွမ်းကြံ့ခိုင်တဲ့ နှမ်းပင်ကသာလျှင် ရာသီဥတုနဲ့ ပိုးမွှားရောဂါဒဏ်ကို ခံနိုင်မှာ ဖြစ်ပါတယ်။ 

    နှမ်းသီးနှံဟာ လောင်းကစားသီးနှံလို့ လူသိများပါတယ်။ ဆိုလိုတာက စွန့်စားရတဲ့ သီးနှံဖြစ်ပါတယ်။ ၄င်းဟာ ရေစီးရေလာကောင်းမွန်ပြီး မြေဆီသြဇာထက်သန်တဲ့မြေမျိုး၊ အစိုဓါတ်ထိန်းသိမ်းနိုင်ပြီး ရေမဝပ်နိုင်တဲ့မြေအမျိုးအစားကို နှစ်သက်ပါတယ်။ မိုးရေနဲ့ အစိုဓါတ်အသင့်အတင့်ရရင် မြေအမျိုးအစားမျိုးစုံမှာ စိုက်ပျိုးနိုင်ပါတယ်။ သင့်တော်တဲ့ မြေအမျိုးအစားကတော့ မြေနီသဲဝှမ်း၊ နုန်းမြေ၊ သဲနုန်းမြေနဲ့ နုန်းစနယ်မြေတို့ ဖြစ်ကြပါတယ်။ မြေချဉ်ငန်ဓါတ် ၅.၈ နဲ့ ၇.၀ အတွင်းမှာရှိတဲ့ မြေအမျိုးအစားဆိုပါက အကောင်းဆုံးဖြစ် ပါတယ်။ 

    နှမ်းသီးနှံဟာအပူချိန် ၂၀ ဒီဂရီစင်တီဂရိတ်မှာ အပင်ကောင်းစွာပေါက်နိုင်ပြီး ၂၀ ဒီဂရီစင်တီဂရိတ်အောက်နိမ့်ပါက မျိုးစေ့အပင်မပေါက်နိုင်ပါ။ ၂၅ ဒီဂရီစင်တီဂရိတ်အထက်မှာ အပင်ကြီးထွားဖြစ်ထွန်းနိုင်ပြီး အပွင့်ပွင့်ရန် အသင့်တော်ဆုံးအပူချိန်ကတော့ ၂၄ ဒီဂရီစင်တီဂရိတ်နဲ့ ၂၇ ဒီဂရီစင်တီဂရိတ်ကြား ဖြစ်ပါတယ်။ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်အထက်မှာ သန္ဓေအောင်မှုကို ထိခိုက်စေပြီး အသီးတင်မှုကို နည်းစေပါတယ်။

    စိုက်ပျိုးသင့်တဲ့မျိုးအနေနဲ့ ဒေသအလိုက်၊ တောင်သူအကြိုက် ကွာခြားနိုင်ပြီး နှမ်းလျင်မျိုးများအနေနဲ့ ဆင်းရတနာ − ၁၊ ဆင်းရတနာ − ၂၊ ဆင်းရတနာ − ၃၊ ဆင်းရတနာ − ၄၊ ဂျူး x နီ x ပုတ်၊ မယ်တော်လက်သဲ၊ ဂွတစ်ရာ၊ ဂွကျောနက်၊ မယ်သီလ၊ ရှပ်ကလေး၊ ရွှေတစ်ဆုပ်၊ သာထွန်းဖြူ၊ နှမ်းနီ ၂၅/၁၆၀၊ ရိုးစိမ်း၊ ဘုတ်မွှေး၊ စပ်ဖြူ၊ မကွေး ၂/၁၂၊ မကွေး ၇/၉၊ ရသေ့ကျော်နဲ့ ဘပန် တို့ဖြစ်ကြပြီး နှမ်းကြီးမျိုးများအနေနဲ့ ကြယ်မရှောင်၊ စလင်းတုတ်ထောင်၊ မကွေးနီ ၅၀/၂နဲ့ ညောင်အိုင်တို့ဖြစ်ကြပါတယ်။

    ယခုနှစ်နှမ်းမှာ အကျများတဲ့ ရွက်စုံစားခူဝါအကြောင်းပြောလိုပါတယ်။ ၄င်းဟာ နှမ်းပင်သက်တမ်းတစ်လျှောက်လုံး ကျရောက်တတ်ပါတယ်။ အချို့နှစ်တွေမှာ သာမညဖျက်ပိုးဖြစ်ပြီး အချို့နှစ်တွေမှာ ဆိုးရွားစွာကျတတ်ပါတယ်။ ဥကပေါက်ကာစ ပိုးလောက်ကောင်ဟာ အရွက်ကိုခြစ်စားတာကြောင့် အရွက်မှာ အစိမ်းရောင်ပျောက်ပြီး ဝါကုန်ပါတယ်။ ပိုးလောက်ကောင်အကြီးတွေကတော့ အရွက်တွေကို ကိုက်ဖြတ်စားတာကြောင့် အရွက်များစုတ်ပြတ်နေပြီး အချို့အရွက်တွေမှာ ရိုးတံပဲကျန်ပါတော့တယ်။ အရွက်တွေပေါ်မှာ ပိုးကောင်ရဲ့မစင်ကိုလည်း တွေ့နိုင်ပါတယ်။ ၄င်းတို့ဟာ ဥတွေကို အရွက်တွေပေါ်မှာ အစုလိုက်အုပါတယ်။ ဥဘဝမှာ (၄ − ၅) ရက်၊ ပိုးလောက်ကောင်ဘဝမှာ (၂၁) ရက်နဲ့ ပိုးရုပ်ဖုံးဘဝမှာ (၇) ရက်ကြာပါတယ်။ ပိုးရုပ်ဖုံးကို မြေကြီးထဲမှာ ပြုလုပ်ပါတယ်။ ကာကွယ်နှိမ်းနင်းဖို့ကတော့ အရွက်တွေပေါ်မှာ ဥအစုလိုက်တွေ့ရင် ကောက်ယူဖျက်ဆီးပါ။ နှမ်းပင် (၁၂) ပင်မှာ ပထအဆင့် ပိုးလောက်ကောင် (၅၀) ကျော်တွေ့ရင်ပဲဖြစ်ဖြစ်၊ ဒုတိယ အဆင့်လောက်ကောင် (၃၀) ကျော်တွေ့ရင်ပဲဖြစ်ဖြစ် အောက်ပါပိုးသတ်ဆေးတစ်မျိုးမျိုးကို ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်း အသုံးပြုပါ။ 

    • ကလိုပိုင်ရီဖော့စ် (Chlorpyrifos)

    • ဆိုက်ပါမက်သရင် (Cypermethrin)

    • အဆီဖိတ် (Acephate)

    နောက်တစ်မျိုးကတော့ နှမ်းရွက်လိပ်ပိုးဖြစ်ပါတယ်။ ၄င်းဟာ နှမ်းပင်ရဲ့ ထိပ်ပိုင်းအရွက် အနည်းငယ်ကို အတူတူလိပ်ပြီး အဲဒီနှမ်းရွက်ကို စားပစ်ပါတယ်။ ဖျက်ဆီးပုံအစောပိုင်းအဆင့်မှာ နှမ်းကိုင်း၊ နှမ်းညွန့်မထွက်ဘဲ နှမ်းပင်သေသွားတတ်ပါတယ်။ ဖျက်ဆီးခံရမှု နောက်အဆင့်တွေမှာ နှမ်းညွန့်များ ကြီးထွားမှုရပ်သွားပါတယ်။ ပန်းပွင့်တဲ့အချိန်မှာ လောက်ကောင်တွေဟာ ပန်းပွင့်တွေရဲ့အတွင်းပိုင်းကို စားသောက်ကြပြီး သီးတောင့်ဖြစ်ချိန်မှာ သီးတောင့်ထဲဝင်ကြပြီး ဖွံ့ဖြိုးစ နှမ်းစေ့များကို စားသောက်ကြပါတယ်။ လောက်ကောင်တွေဟာ အစိမ်းရောင်သန်းတဲ့အရောင်ရှိကြပြီး အနက်ရောင်ဦးခေါင်းနဲ့ တိုတောင်းတဲ့ အဖြူရောင်အမွှေးများပါကြပါတယ်။ ၄င်းတို့ကို ကာကွယ်နှိမ်နင်းဖို့ အောက်ပါပိုးသတ်ဆေးတစ်မျိုးမျိုးကို ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်း အသုံးပြုပါ။ 

    • အဆီဖိတ် (Dimethoate)

    • ဒိုင်မီသိုအိတ် (Acephate)

    နောက်တစ်မျိုးကတော့ နှမ်းဖြုတ်ညိုဖြစ်ပါတယ်။ ၄င်းကတော့ မိုးနှမ်းဆိုရင် ဇွန်လမှာ ကျတတ်ပါတယ်။ အကောင်ငယ်နဲ့ အကောင်ကြီးတွေဟာ အရွက်တွေရဲ့ အောက်မျက်နှာပြင်မှာ နေကြပါတယ်။ ဒီပိုး စုပ်စားတာကြောင့် နှမ်းပင်ကို ပျက်စီးမှုမရှိပေမဲ့ နှမ်းဖိုရောဂါကိုဖြစ်စေပြီး နှမ်းအထွက်ကို ထိခိုက်စေပါတယ်။ ဥတွေကို နှမ်းပင်ရဲ့ ရွက်ညှာထိပ်၊ ရွက်ကြောကြားမှာ အုပါတယ်။ တစ်ခါအုရင် ဥ (၂၀၀) လောက်အုပါတယ်။ ဥမှ အကောင်ပေါက်ပြီး အရွက်ကိုစုပ်စားပါတယ်။ ဥဘဝမှာ (၈ − ၉) ရက်၊ အကောင်ငယ်ဘဝမှာ (၁၃ − ၁၅) ရက်၊ အကောင်ကြီးဘဝမှာ (၈ − ၁၂) ရက်ကြာပါတယ်။ ကာကွယ်နှိမ်နင်းနည်းအနေနဲ့ကတော့ စိုက်ခင်းပတ်ဝန်းကျင်က ပေါင်းမြက်တွေကိုရှင်းပါ။ လိုအပ်ရင် သီးလှည့်စိုက်ပါ။ နှမ်းမျိုးစေ့ကို မျိုးစေ့လူးနယ်ဆေး အင်မီဒါကလိုပရစ်ဒ်ဖြင့် ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်းအသုံးပြုပါ။ အရွက်တစ်ရွက်မှာ အကောင် (၆) ကောင်တွေ့ရင် အောက်ပါပိုးသတ်ဆေးတစ်မျိုးမျိုးကို ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်း အသုံးပြုပါ။ 

    • ဒိုင်မီသိုအိတ် (Dimethoate)

    • အဆီဖိတ် (Acephate)

    • သိုင်ယာမက်သိုဇမ် (Thiamethoxam)

    နှမ်းရောဂါအနေနဲ့ကတော့ နှမ်းဖိုရောဂါအကျများပါတယ်။ နှမ်းဖြုတ်ညိုအကျများရင် ဒီရောဂါဖြစ်တတ် ပါတယ်။ ရောဂါလက္ခဏာအနေနဲ့ကတော့ အရွက်သေးငယ်ခြင်း၊ ဆစ်ကြားတိုခြင်း၊ ကြားဖူးတွေကနေ မူမမှန်ကိုင်းများထွက်ခြင်း၊ အပွင့်အင်္ဂါအစိတ်အပိုင်းတွေ အစိမ်းရောင်ဖြစ်ခြင်းတို့ဖြစ်ကြပါတယ်။ နှမ်းခင်းကို အဝေးကကြည့်ရင် ထိပ်ဖျားမှာ အထက်ပါလက္ခဏာတွေကြောင့် အဆုပ်လိုက်အဆုပ်လိုက် အပွင့်ရောင်မရှိဘဲ အစိမ်းရောင်ကို တွေ့မြင်နိုင်ပါတယ်။ ကာကွယ်နှိမ်နင်းခြင်းအနေနဲ့ ရာသီစောစောစိုက်တာကို ရှောင်ပါ။ နှမ်းမျိုးစေ့ကို မျိုးစေ့လူးနယ်ဆေး အင်မီဒါကလိုပရစ်ဒ်ဖြင့် ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်းအသုံးပြုပါ။ ရောဂါကျနှမ်းပင်များကို ကာဘင်ဒါဇင် မှိုသတ်ဆေးကို ဆေးဘူး/အိတ်ပါအညွှန်းစာအတိုင်း အသုံးပြုပြီးပက်ဖျန်းပါ။ ဒီရောဂါကို သယ်ဆောင်ဖြန့်ဖြူးတဲ့ ဖြုတ်ညိုကိုနှိမ်နင်းဖို့ အောက်ပါပိုးသတ်ဆေးတစ်မျိုးမျိုးကို ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်း အသုံးပြုပါ။

    • ဒိုင်မီသိုအိတ် (Dimethoate)

    • အဆီဖိတ် (Acephate)

    • သိုင်ယာမက်သိုဇမ် (Thiamethoxam)

    အချို့ဒေသတွေမှာတွေ့ရတဲ့ ရောဂါကတော့ ဖျူစေရီယမ်ပင်ညှိုးရောဂါပါ။ ၄င်းရဲ့ ရောဂါလက္ခဏာကတော့ နှမ်းပင်ရဲ့ အပြင်ဖက်ကျတဲ့ အရွက်တွေကစပြီး အဝါရောင်ပြောင်းလာပြီး ငိုက်ကျလာပါတယ်။ ၄င်းကနေတစ်ဆင့် ရောဂါလက္ခဏာဟာ ပင်စည်ပိုင်းကိုရောက်လာပါတယ်။ ရောဂါပြင်းထန်ရင် နှမ်းပင်တစ်ပင်လုံးက အရွက်တွေကြွေသွားပြီး ခြောက်သွားပါတယ်။ ရောဂါအနည်းငယ်ကျရောက်တဲ့ နှမ်းပင်ဆိုရင် အပင်တစ်ခြမ်းညှိုးသွားပါတယ်။ ရောဂါကျနှမ်းပင်ကို ဆွဲနုတ်လိုက်ရင် အမြစ်တွေရဲ့ တစ်စိတ်တစ်ပိုင်း ဒါမှမဟုတ် အားလုံး ပုပ်ဆွေးနေတာကို တွေ့ရပါမယ်။ ကာကွယ်နှိမ်နင်းမှုအနေနဲ့ ဒီရောဂါခံနိုင်ရည်ရှိတဲ့ နှမ်းမျိုးကို စိုက်ပါ။ နှမ်းမျိုးစေကို ထရိုင်ဂိုဒါးမား ဒါမှမဟုတ် ကာဘင်ဒါဇင် ဒါမှမဟုတ် သိုင်ရမ် ကို ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်း လူးနယ်စိုက်ပျိုးပါ။ အခြားသီးနှံတွေနဲ့ သီးလှည့်စိုက်ပါ။ နွေရာသီမှာ ထယ်ရေးနက်နက်ထိုးပါ။ တစ်ဧကလျှင် မြေဆွေး (၅) တန်နှုန်း ထည့်ပါ။ တစ်ဧကလျှင် မြေဆွေး (၂၀) ကီလိုဂရမ်ကို ထရိုင်ဂိုဒါးမား (၁၀) ကီလိဂရမ်နှုန်းရောစပ် ကြဲပက်ပါ။ ရောဂါကျနှမ်းပင်တွေကို မီးရှို့ပါ။

    နောက်တစ်မျိုးကတော့ နှမ်းရိုးမည်းရောဂါပါ။ ဒီရောဂါကို မိုးစိုက်နှမ်းခင်းများမှာ တွေ့ရတတ်ပါတယ်။ ရောဂါလက္ခဏာအနေနဲ့ နှမ်းပင်ရဲ့ပင်ခြေပိုင်းမှာ အညိုရောင်အနာကွက်ငယ် စတင်ဖြစ်ပေါ် လာပါတယ်။ ရောဂါ ပြင်းထန်ရင် ရောဂါရအပိုင်းရှိ တစ်ရှူးများ ညိုမည်းလာပြီး အချို့မှာ အနာချိုင့် ဖြစ်လာပါတယ်။ အခေါက်များလည်း ဖွာလန်လာပါတယ်။ ဒါ့အပြင် ၄င်းတစ်ရှူးများပေါ်မှာ ခပ်မည်းမည်း အဖုလေးများဖြစ်ပေါ်နေပါတယ်။ အဲဒီအချိန်မှာ နှမ်းပင်ခြေရင်းပိုင်းမှာ လုံးဝမဲနက်ပြီး အပေါ်ပိုင်းလည်း အဝါရောင်ပြောင်းပြီး ညှိုးစပြုလာပါတယ်။ နောက်ဆုံးမှာ တစ်ပင်လုံးမဲခြောက်ပြီး သေသွားပါတယ်။ ရောဂါရနှမ်းရိုးကို ထက်ခြမ်းခွဲကြည့်ရင် မှိုမျှင်စုတွေ တွေ့နိုင်ပါတယ်။ ဒီရောဂါဟာ အပူချိန် ၃၅ − ၃၉ ဒီဂရီစင်တီဂရိတ်ဆိုရင် ရောဂါ ပြင်းထန်ပါတယ်။ 

    ဒီရောဂါကိုကာကွယ်နှိမ်နင်းဖို့ကတော့ စိုက်ခင်းရေမဝပ်ဖို့သတိပြုပါ။ ကြားပေါင်းလိုက်ရင် နှမ်းပင်တွေကို မထိခိုက်ပါစေနဲ့။ သီးလှည့်စိုက်ပါ။ ရောဂါရပင်ကြွင်းပင်ကျန်များကို မီးရှိုးဖျက်ဆီးပါ ဒါမှမဟုတ် မြေမြှုပ်ပြီး ဆွေးမြေ့အောင်လုပ်ပါ။ အောက်ပါမှိုသတ်ဆေးတစ်မျိုးမျိုးကို ဆေးဘူး/အိတ်ပါအညွှန်းစာအတိုင်းအသုံးပြုပါ။

    • ဘီနိုမိုင်း (Benomyl)

    • ကာဘင်ဒါဇင် (Carbendazim)

    • မန်ကိုဇက်ဘ် (Mancozeb)

    • ပရိုပီကိုနာလ်ဇိုးလ် (Propiconazole)

    နောက်ဆုံးတစ်မျိုးမှာ နှမ်းသီးချိန်မှ ရိတ်သိမ်းခြွေလှေ့ချိန်တွင် ကျရောက်သော နှမ်းစေ့စုပ်ကြမ်းပိုး ဖြစ်ပါတယ်။ ၄င်းအကောင်ကြီးတွေဟာ နှမ်းသီးတွေကို စုပေါင်းစုပ်စားကြပြီး နှမ်းနယ်လှေ့တဲ့အချိန်အထိ ဆက်လက်ဖျက်ဆီးပါတယ်။ အချို့ဆိုင်ရင် နှမ်းလှောင်တဲ့အချိန်အထိ ဖျက်ဆီးပါတယ်။ ၄င်းတို့ကို ကာကွယ်နှိမ်နင်းမယ်ဆိုရင် ဥအစုတွေကို ရှာဖွေဖျက်ဆီးပါ။ ပိုးလောင်းကောင်နဲ့ အကောင်ကြီးတွေဟာ စုဝေးနေတာမို့ ရေပုံး ဒါမှမဟုတ် ရေခွက်အတွင်းမှာ နှမ်းကိုင်းတွေကို လှုပ်ခါချပြီး ဖျက်ဆီးပါ။ နှမ်းများကို စုပုံပြီး တလင်းတွင် ဖြန့်မထားဘဲ စည်းနှောင်ပြီး ဖိုခနောက်ဆိုင်ထောင်ထားပါ။ နှမ်းစည်းတွေကို ရိုက်ခါပြီး နှမ်းစေ့တွေကို ခြွေလှေ့တုန်းမှာ ထွက်ကျလာတဲ့ ဒီအကောင်တွေကို တံမြက်စည်းနဲ့စုဆောင်းမြေမြှုပ်ပါ။ စိုက်ခင်းပတ်ဝန်းကျင်က ပေါင်းမြက်များကို ရှင်းလင်းပါ။ အောက်ပါပိုးသတ်ဆေးတစ်မျိုးမျိုးကို ဆေးဘူး/အိတ်ပါ အညွှန်းစာ အတိုင်း အသုံးပြုပါ။

    • တမာပိုးသတ်ဆေး (Neem pesticide)

    • သိုင်ယာမက်သိုဇမ် (Thiamethoxam)

    • အဆီဖိတ် (Acephate)

    • ဒိုင်မီသိုအိတ် (Dimethoate)

    နိဂုံးချုပ်အနေနဲ့ အကြံပေးလိုတာကတော့ ရေမြေရာသီဥတုနဲ့ကိုက်ညီပြီး ပိုးမွှားရောဂါခံနိုင်ရည်ရှိတဲ့ နှမ်းမျိုးများကို စိုက်ပျိုးပါ။ စိုက်ခင်းပတ်လည်က ပေါင်းမြက်များကို ရှင်းလင်းပါ။ ရောဂါကျနှမ်းပင်များကို ဖျက်ဆီးပါ။ ဖျူစေရီယမ်ပင်ညှိုးရောဂါကျဖူးသော နှမ်းခင်းကို နောက်နှစ်မှာ နှမ်းထပ်မစိုက်ပါနဲ့။ ပိုးသတ်ဆေးများကို လိုအပ်မှသာ သုံးစွဲပါ။ မြေသြဇာများကို အချိုးညီအချိန်ကိုက်သုံးစွဲပါ။ နှမ်းရိတ်သိမ်းပြီးပါက တလင်းတွင် ဖြန့် ခင်းထားခြင်းမပြုဘဲ စည်းနှောင်ပြီး အမိုးအကာအောက်တွင် ဖိုခနောက်ဆိုင် ထောင်ထားပါ။ 

ကိုးကားချက်များ

၁။ စိုက်ပျိုးရေးဦးစီးဌာန၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲပုပ်သီးနှံစိုက်ပျိုးနည်းလက်စွဲ။ ၆၅ စာမျက်နှာ။ 

၂။ မြန်မာနိုင်ငံနှမ်းသီးနှံတွင် အဓိကကျရောက်တတ်သောပိုးမွှားရောဂါနှင့်ကာကွယ်နှိမ်နင်းနည်းများ။ ၂၄ စာမျက်နှာ။

၃။ ဒေါက်တာကိုကို။ ၂၀၂၀။ “နှမ်းတွင် ကျရောက်တတ်သော အင်းဆက်ဖျက်ပိုးများကို ကာကွယ်နှိမ်နင်းခြင်း”၊ ဆီထွက်သီးနှံများ (မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်း၊ ဆီအုန်း၊ ပဲပုပ်၊ မုန်ညင်း) တွင် ကျရောက်တတ်သော အင်းဆက်ဖျက်ပိုးများနှင့်ရောဂါများအားကာကွယ်နှိမ်နင်းနည်း။ ဖြူသဇင်စာပေ၊ ရန်ကုန်။ 

၄။ ဒေါက်တာကိုကို။ ၂၀၂၀။ “နှမ်းတွင် ကျရောက်တတ်သော ရောဂါများကို ကာကွယ်နှိမ်နင်းခြင်း”၊ ဆီထွက်သီးနှံများ (မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်း၊ ဆီအုန်း၊ ပဲပုပ်၊ မုန်ညင်း) တွင် ကျရောက်တတ်သော အင်းဆက်ဖျက်ပိုးများနှင့်ရောဂါများအားကာကွယ်နှိမ်နင်းနည်း။ ဖြူသဇင်စာပေ၊ ရန်ကုန်။ 

ဒီဆောင်းပါးနဲ့ပတ်သက်လို့ သိလိုသမျှကို ဖြေကြားပေးသော ဒေါ်စန်းစန်းမြင့် (စစ်ကိုင်းတိုင်း သီးနှံကာကွယ်ရေး တာဝန်ခံ)၊ ဒေါ်တင်ဆန်း (ယင်းမာပင်ခရိုင်သီးနှံကာကွယ်ရေးတာဝန်ခံ)၊ ဒေါ်နီလာမော် (ခရိုင်ဦးစီးမှူး၊ မင်းဘူးခရိုင်စိုက်ပျိုးရေးဌာန) ဒေါ်ကေသီဝေ (မန္တလေးတိုင်း သီးနှံကာကွယ်ရေးတာဝန်ခံ) နှင့် ဦးစိုးနိုင် (ခရိုင်ဦးစီးမှူး၊ ကျောက်ဆည်ခရိုင်စိုက်ပျိုးရေးဦးစီးဌာန) တို့ကို ကျေးဇူးတင်ပါသည်။ 

ဒေါက်တာကိုကို (စိုက်ပျိုးရေး)

ဒေါက်တာကိုကို၏စိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်

(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်