ဖိလစ်ပိုင်နိုင်ငံရဲ့ ပြောင်းပြဿနာကနေ သင်ယူလေ့လာနိုင်စရာများ

11/06/2024 10:18 AM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

ဖိလစ်ပိုင်နိုင်ငံရဲ့ မွေးမြူရေးကဏ္ဍအကြောင်းအတိအကျပြောရရင်  ပြည်ပက တင်သွင်းတဲ့ ပြောင်းအပေါ်  မှီခိုနေရပါတယ်။ ဒါကြောင့် ပြောင်းတင်သွင်းမှုပေါ်မူတည်ပြီး ဖိလစ်ပိုင်ရဲ့ မွေးမြူရေးအစာ ဈေးနှုန်းအတက်အကျက ပြင်းထန်ခဲ့ပါတယ်။ 

ဒီပြဿနာဟာ အခုမှ ပေါ်ပေါက်လာတာ မဟုတ်ဘဲ ကာလရှည်ကြာ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေဆိုးပါ။ ဖိလစ်ပိုင်နိုင်ငံအနေနဲ့ ပြည်တွင်းမှာ နှစ်စဉ် ပြောင်းမက်ထရစ်တန်ချိန် ၈ သန်းကျော် ထုတ်လုပ်ပါတယ်။ မွေးမြူရေးအစာထုတ်လုပ်မှုက မက်ထရစ်တန်ချိန် ၁၈ သန်းကနေ ၁၉ သန်းဝန်းကျင် ရှိတာမို့ ပြောင်း မက်ထရစ်တန်ချိန် ၉ သန်း ဝန်းကျင် လိုအပ်ပါတယ်။ ဒါကြောင့်  ပြောင်း မက်ထရစ်တန်ချိန် ၁၀ သန်းလောက်ကို ပြည်ပကနေ နှစ်စဉ်တင်သွင်း နေရပါတယ်။ 

ပြည်ပကနေ ပြောင်းတွေ တင်သွင်းအသုံးပြုနိုင်တဲ့အတွက် မွေးမြူရေးကဏ္ဍက အဆင်ပြေပေမယ့် ပြောင်းစိုက်ပျိုးထုတ်လုပ်သူတွေဘက်ကတော့ "ပြည်ပက ပြောင်းတင်သွင်းမှုကြောင့် ပြည်တွင်းပြောင်း စိုက်ပျိုးရေးကို ထိခိုက်စေတယ်" လို့ ရှုမြင်နေကြတာပါ။ ဒါကြောင့် ပြည်ပသွင်းကုန် ပြောင်းနဲ့ အရည်အသွေးအရရော ဈေးနှုန်းအရပါ ယှဉ်ပြိုင်နိုင်မယ့် ပြောင်းတွေ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် အကူအညီတွေကို အစဉ်တစိုက် တောင်းဆိုခဲ့ကြပါတယ်။ 

အခုအခါမှာတော့ ဖိလစ်ပိုင် အထက်လွှတ်တော်ကနေ ပြည်တွင်း ပြောင်းကဏ္ဍဖွံ့ဖြိုးရေးအတွက် ဥပဒေကြမ်းတစ်ရပ်ကို ရေးဆွဲလာပါတယ်။ အထက်လွှတ်တော် စိုက်ပျိုးရေးကော်မတီ ဥက္ကဌ Cynthia Villar ဦးဆောင်ပြီး အဲဒီဥပဒေကြမ်းကို ရေးဆွဲတင်သွင်းတာပါ။အဲဒီ ဥပဒေအရ ပြည်တွင်းပြောင်းထုတ်လုပ်သူတွေကို ပံ့ပိုးကူညီဖို့အတွက် "ပြောင်းထုတ်လုပ်မှုကဏ္ဍ ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်ရေး ရံပုံငွေ (Corn Competitiveness Enhancement Fund)" ကို တည်ထောင်သွားမှာ ဖြစ်ပါတယ်။ 

နှစ်စဉ် ရံပုံငွေ အမေရိကန်ဒေါ်လာ ၅၂.၅ သန်း နှုန်းနဲ့ ၁၀ နှစ်ဆက်တိုက် အသုံးပြုပြီး ပြည်တွင်းပြောင်းကဏ္ဍ ဖွံ့ဖြိုးရေးကို ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ အဲဒီ ရံပုံငွေတွေ ရရှိနိုင်ဖို့အတွက်ကတော့ ပြောင်းအပါအဝင် ပြည်ပက တင်သွင်းမယ့် မွေးမြူရေးအစာကုန်ကြမ်းတွေကနေ အခွန်ကောက်ခံ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

ရရှိလာတဲ့ ရံပုံငွေတွေကို အရည်အသွေးမြင့် မျိုးစေ့နဲ့ ဓာတ်မြေဩဇာရရှိရေး၊ စိုက်ခင်းတွေထဲ စက်ယန္တယား ပိုမိုသုံးစွဲနိုင်ရေးနဲ့၊ ရိတ်သိမ်းချိန်လွန်နည်းပညာ အဆင့်မြှင့်တင်နိုင်ရေးအပြင် ပညာပေးလုပ်ငန်းတွေ၊ သုတေသနလုပ်ငန်းတွေအတွက်ပါ သုံးစွဲသွားမယ်လို့ ဆိုပါတယ်။ 

ဥပဒေ ရေးဆွဲရာမှာ ပြောင်းစိုက်တောင်သူတွေ အဆင်ပြေပြီး၊ မွေးမြူသူတွေ အခက်တွေ့တာမျိုး မဖြစ်အောင်လည်း ဂရုစိုက်ခဲ့ပုံရပါတယ်။ ဒီဥပဒေဟာ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေးအက်ဥပဒေ (Livestock, Poultry, and Dairy Industry Development Act) ရဲ့ ရည်ရွယ်ချက်တွေနဲ့ မဆန့်ကျင်အောင် ဂရုပြုရေးဆွဲခဲ့သလို၊ တစ်ဖက်မှာလည်း "ပြောင်းကဏ္ဍ ဖွံ့ဖြိုးလာခြင်းအားဖြင့် က မွေးမြူရေးကဏ္ဍကို ပံ့ပိုးကူညီနိုင်ပြီး စားနပ်ရိက္ခာ ဖူလုံရေးကို ဖော်ဆောင်နိုင်ဖို့" အာရုံစိုက်ထားတယ်လို့ သိရပါတယ်။ 

လွှတ်တော်အမတ် Cynthia VillarIn က ဥပဒေကြမ်းကို လွှတ်တော်ထံ တင်သွင်းရာမှာ "၂၀၂၃ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံရဲ့ ပြောင်းနဲ့ မွေးမြူရေးကဏ္ဍ နှစ်ရပ်ပေါင်းဟာ စိုက်ပျိုးမွေးမြူရေးကဏ္ဍကြီးတစ်ခုလုံးရဲ့ ထုတ်လုပ်မှုတန်ဖိုး (Agricultural GDP) ရဲ့ ၂၁.၁၇ ရာခိုင်နှုန်း ရှိကြောင်း ဒီကဏ္ဍတွေက ပြောင်းစိုက်ပျိုးသူ ၁.၂၈ သန်းကျော်နဲ့ မွေးမြူရေးသမား ၂.၈ သန်းရဲ့ လူမှုစီးပွားဘဝတွေကို အထောက်အကူပြုထားကြောင်း၊ တန်ဖိုးကွင်းဆက်တလျှောက်က ထောင်ပေါင်းများစွာသော နိုင်ငံသားတွေအတွက်လည်း အရေးကြီးကြောင်း" မီးမောင်းထိုး ဖော်ပြသွားပါတယ်။ 

မူဝါဒချမှတ်သူတွေဘက်က အဲဒီလို ဆောင်ရွက်ချက်အပေါ် ပြောင်းကဏ္ဍက ကြိုဆိုကြပေမယ့် တချို့ကလည်း စိန်ခေါ်မှုတွေ ရှိနေလိမ့်ဦးမယ်လို့ ဆိုပါတယ်။ ရာသီဥတု ဖောက်ပြန်တာလို ပြုပြင်ပြောင်းလဲလိူ့ မရတဲ့ စိန်ခေါ်မှုတွေလည်း ပေါ်ပေါက်လာနိုင်သေးတာကို ထည့်တွက်ရမယ်လို့ သူတို့က ထောက်ပြကြတာပါ။ 

ဘယ်လိုပဲဖြစ်ဖြစ် ဖိလစ်ပိုင်နိုင်ငံရဲ့ ဥပဒေသစ်ဟာ ဖိလစ်ပိုင်ရဲ့ ပြောင်းကဏ္ဍ၊ မွေးမြူရေးကဏ္ဍတွေအပေါ် ဘယ်လို သက်ရောက်မှုတွေ ဖြစ်လာမလဲ စောင့်ကြည့်ရပါဦးမယ်။ တချိန်တည်းမှာ ဒီဥပဒေဟာ ဖိလစ်ပိုင်နိုင်ငံဆီ ပြောင်းတင်ပို့ရောင်းချနေတဲ့နိုင်ငံတွေအပေါ်လည်း သွယ်ဝိုက်ပြီး သက်ရောက်မှု ရှိနိုင်ပါတယ်။ 

စိုက်ပျိုးမွေးမြူရေးကဏ္ဍက မူဝါဒရေးရာ စိတ်ဝင်စားသူတွေအတွက်ကတော့ ဒီသတင်းကနေ ဖိလစ်ပိုင်နိုင်ငံရဲ့ စိုက်ပျိုးမွေးမြူရေးကဏ္ဍအပေါ် စိတ်ဝင်တစား ကိုင်တွယ်ပုံ၊ ကဏ္ဍတစ်ခု ဖွံ့ဖြိုးရေးအတွက် နည်းလမ်းရှာဖွေပုံ၊ ရံပုံငွေ ရှာဖွေပုံ၊ အချိန်ယူပြီး ပြောင်းလဲယူဖို့ စဉ်းစားပုံတွေကို လေ့လာနိုင်မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်