ဖိလစ်ပိုင်နိုင်ငံရဲ့ ပြောင်းပြဿနာကနေ သင်ယူလေ့လာနိုင်စရာများ

11/06/2024 10:18 AM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

ဖိလစ်ပိုင်နိုင်ငံရဲ့ မွေးမြူရေးကဏ္ဍအကြောင်းအတိအကျပြောရရင်  ပြည်ပက တင်သွင်းတဲ့ ပြောင်းအပေါ်  မှီခိုနေရပါတယ်။ ဒါကြောင့် ပြောင်းတင်သွင်းမှုပေါ်မူတည်ပြီး ဖိလစ်ပိုင်ရဲ့ မွေးမြူရေးအစာ ဈေးနှုန်းအတက်အကျက ပြင်းထန်ခဲ့ပါတယ်။ 

ဒီပြဿနာဟာ အခုမှ ပေါ်ပေါက်လာတာ မဟုတ်ဘဲ ကာလရှည်ကြာ ဖြစ်ပေါ်ခဲ့တဲ့ အခြေအနေဆိုးပါ။ ဖိလစ်ပိုင်နိုင်ငံအနေနဲ့ ပြည်တွင်းမှာ နှစ်စဉ် ပြောင်းမက်ထရစ်တန်ချိန် ၈ သန်းကျော် ထုတ်လုပ်ပါတယ်။ မွေးမြူရေးအစာထုတ်လုပ်မှုက မက်ထရစ်တန်ချိန် ၁၈ သန်းကနေ ၁၉ သန်းဝန်းကျင် ရှိတာမို့ ပြောင်း မက်ထရစ်တန်ချိန် ၉ သန်း ဝန်းကျင် လိုအပ်ပါတယ်။ ဒါကြောင့်  ပြောင်း မက်ထရစ်တန်ချိန် ၁၀ သန်းလောက်ကို ပြည်ပကနေ နှစ်စဉ်တင်သွင်း နေရပါတယ်။ 

ပြည်ပကနေ ပြောင်းတွေ တင်သွင်းအသုံးပြုနိုင်တဲ့အတွက် မွေးမြူရေးကဏ္ဍက အဆင်ပြေပေမယ့် ပြောင်းစိုက်ပျိုးထုတ်လုပ်သူတွေဘက်ကတော့ "ပြည်ပက ပြောင်းတင်သွင်းမှုကြောင့် ပြည်တွင်းပြောင်း စိုက်ပျိုးရေးကို ထိခိုက်စေတယ်" လို့ ရှုမြင်နေကြတာပါ။ ဒါကြောင့် ပြည်ပသွင်းကုန် ပြောင်းနဲ့ အရည်အသွေးအရရော ဈေးနှုန်းအရပါ ယှဉ်ပြိုင်နိုင်မယ့် ပြောင်းတွေ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် အကူအညီတွေကို အစဉ်တစိုက် တောင်းဆိုခဲ့ကြပါတယ်။ 

အခုအခါမှာတော့ ဖိလစ်ပိုင် အထက်လွှတ်တော်ကနေ ပြည်တွင်း ပြောင်းကဏ္ဍဖွံ့ဖြိုးရေးအတွက် ဥပဒေကြမ်းတစ်ရပ်ကို ရေးဆွဲလာပါတယ်။ အထက်လွှတ်တော် စိုက်ပျိုးရေးကော်မတီ ဥက္ကဌ Cynthia Villar ဦးဆောင်ပြီး အဲဒီဥပဒေကြမ်းကို ရေးဆွဲတင်သွင်းတာပါ။အဲဒီ ဥပဒေအရ ပြည်တွင်းပြောင်းထုတ်လုပ်သူတွေကို ပံ့ပိုးကူညီဖို့အတွက် "ပြောင်းထုတ်လုပ်မှုကဏ္ဍ ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်ရေး ရံပုံငွေ (Corn Competitiveness Enhancement Fund)" ကို တည်ထောင်သွားမှာ ဖြစ်ပါတယ်။ 

နှစ်စဉ် ရံပုံငွေ အမေရိကန်ဒေါ်လာ ၅၂.၅ သန်း နှုန်းနဲ့ ၁၀ နှစ်ဆက်တိုက် အသုံးပြုပြီး ပြည်တွင်းပြောင်းကဏ္ဍ ဖွံ့ဖြိုးရေးကို ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ အဲဒီ ရံပုံငွေတွေ ရရှိနိုင်ဖို့အတွက်ကတော့ ပြောင်းအပါအဝင် ပြည်ပက တင်သွင်းမယ့် မွေးမြူရေးအစာကုန်ကြမ်းတွေကနေ အခွန်ကောက်ခံ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

ရရှိလာတဲ့ ရံပုံငွေတွေကို အရည်အသွေးမြင့် မျိုးစေ့နဲ့ ဓာတ်မြေဩဇာရရှိရေး၊ စိုက်ခင်းတွေထဲ စက်ယန္တယား ပိုမိုသုံးစွဲနိုင်ရေးနဲ့၊ ရိတ်သိမ်းချိန်လွန်နည်းပညာ အဆင့်မြှင့်တင်နိုင်ရေးအပြင် ပညာပေးလုပ်ငန်းတွေ၊ သုတေသနလုပ်ငန်းတွေအတွက်ပါ သုံးစွဲသွားမယ်လို့ ဆိုပါတယ်။ 

ဥပဒေ ရေးဆွဲရာမှာ ပြောင်းစိုက်တောင်သူတွေ အဆင်ပြေပြီး၊ မွေးမြူသူတွေ အခက်တွေ့တာမျိုး မဖြစ်အောင်လည်း ဂရုစိုက်ခဲ့ပုံရပါတယ်။ ဒီဥပဒေဟာ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေးအက်ဥပဒေ (Livestock, Poultry, and Dairy Industry Development Act) ရဲ့ ရည်ရွယ်ချက်တွေနဲ့ မဆန့်ကျင်အောင် ဂရုပြုရေးဆွဲခဲ့သလို၊ တစ်ဖက်မှာလည်း "ပြောင်းကဏ္ဍ ဖွံ့ဖြိုးလာခြင်းအားဖြင့် က မွေးမြူရေးကဏ္ဍကို ပံ့ပိုးကူညီနိုင်ပြီး စားနပ်ရိက္ခာ ဖူလုံရေးကို ဖော်ဆောင်နိုင်ဖို့" အာရုံစိုက်ထားတယ်လို့ သိရပါတယ်။ 

လွှတ်တော်အမတ် Cynthia VillarIn က ဥပဒေကြမ်းကို လွှတ်တော်ထံ တင်သွင်းရာမှာ "၂၀၂၃ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံရဲ့ ပြောင်းနဲ့ မွေးမြူရေးကဏ္ဍ နှစ်ရပ်ပေါင်းဟာ စိုက်ပျိုးမွေးမြူရေးကဏ္ဍကြီးတစ်ခုလုံးရဲ့ ထုတ်လုပ်မှုတန်ဖိုး (Agricultural GDP) ရဲ့ ၂၁.၁၇ ရာခိုင်နှုန်း ရှိကြောင်း ဒီကဏ္ဍတွေက ပြောင်းစိုက်ပျိုးသူ ၁.၂၈ သန်းကျော်နဲ့ မွေးမြူရေးသမား ၂.၈ သန်းရဲ့ လူမှုစီးပွားဘဝတွေကို အထောက်အကူပြုထားကြောင်း၊ တန်ဖိုးကွင်းဆက်တလျှောက်က ထောင်ပေါင်းများစွာသော နိုင်ငံသားတွေအတွက်လည်း အရေးကြီးကြောင်း" မီးမောင်းထိုး ဖော်ပြသွားပါတယ်။ 

မူဝါဒချမှတ်သူတွေဘက်က အဲဒီလို ဆောင်ရွက်ချက်အပေါ် ပြောင်းကဏ္ဍက ကြိုဆိုကြပေမယ့် တချို့ကလည်း စိန်ခေါ်မှုတွေ ရှိနေလိမ့်ဦးမယ်လို့ ဆိုပါတယ်။ ရာသီဥတု ဖောက်ပြန်တာလို ပြုပြင်ပြောင်းလဲလိူ့ မရတဲ့ စိန်ခေါ်မှုတွေလည်း ပေါ်ပေါက်လာနိုင်သေးတာကို ထည့်တွက်ရမယ်လို့ သူတို့က ထောက်ပြကြတာပါ။ 

ဘယ်လိုပဲဖြစ်ဖြစ် ဖိလစ်ပိုင်နိုင်ငံရဲ့ ဥပဒေသစ်ဟာ ဖိလစ်ပိုင်ရဲ့ ပြောင်းကဏ္ဍ၊ မွေးမြူရေးကဏ္ဍတွေအပေါ် ဘယ်လို သက်ရောက်မှုတွေ ဖြစ်လာမလဲ စောင့်ကြည့်ရပါဦးမယ်။ တချိန်တည်းမှာ ဒီဥပဒေဟာ ဖိလစ်ပိုင်နိုင်ငံဆီ ပြောင်းတင်ပို့ရောင်းချနေတဲ့နိုင်ငံတွေအပေါ်လည်း သွယ်ဝိုက်ပြီး သက်ရောက်မှု ရှိနိုင်ပါတယ်။ 

စိုက်ပျိုးမွေးမြူရေးကဏ္ဍက မူဝါဒရေးရာ စိတ်ဝင်စားသူတွေအတွက်ကတော့ ဒီသတင်းကနေ ဖိလစ်ပိုင်နိုင်ငံရဲ့ စိုက်ပျိုးမွေးမြူရေးကဏ္ဍအပေါ် စိတ်ဝင်တစား ကိုင်တွယ်ပုံ၊ ကဏ္ဍတစ်ခု ဖွံ့ဖြိုးရေးအတွက် နည်းလမ်းရှာဖွေပုံ၊ ရံပုံငွေ ရှာဖွေပုံ၊ အချိန်ယူပြီး ပြောင်းလဲယူဖို့ စဉ်းစားပုံတွေကို လေ့လာနိုင်မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်