နွားမွေးမြူရေးသမားတွေ သိထားသင့်တဲ့ ပိုက်ကာ (Pica)

11/11/2024 10:38 AM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

မွေးမြူရေးသမားတစ်ဦး မေးထားတဲ့ မေးခွန်းကို အစိမ်းရောင်လမ်းမိသားစုက ကျွန်တော့်ဆီ လှမ်းပို့ပေးပါတယ်။ မေးခွန်းက “နွားတွေက ပျဉ်တွေ၊ တိုင်တွေကို ကိုက်နေတာ၊ ဘာလုပ်သင့်လဲ၊ ဘာတွေတိုက်ကျွေးပေးရမလဲ” ဆိုတဲ့ မေးခွန်းပါ။ ဆရာရေ ဖြေပေးပါဦးလို့လည်း တောင်းဆိုထားပါတယ်။ 

လူတွေ၊ နွားတွေအပါအဝင် သတ္တဝါအတော်များများမှာ အဲဒီလို ထူးဆန်းတဲ့ အမူအကျင့် (behavior) တွေ တခါတရံ တွေ့ရတတ်ပါတယ်။ အာဟာရဓာတ်မရှိတဲ့ အရာတွေ၊ ပုံမှန်စားရိုးစားစဉ် မဟုတ်တာတွေကို စားတာ၊ စားဖို့ကြိုးစားတာစတဲ့ အမူအကျင့်တွေကို အင်္ဂလိပ်လိုတော့ Pica (ပိုက်ကာ) လို့ခေါ်ပါတယ်။

ပိုက်ကာ ဆိုတဲ့ စကားလုံးဟာ လက်တင်ဘာသာစကားက ဆင်းသက်လာတာ ဖြစ်ပါတယ်။ Magpie လို့ခေါ် တဲ့ ငှက်မျိုးတွေ ရှိပါတယ်။ အဲဒီငှက်တွေရဲ့ မျိုးစုကို Pica လို့ ခေါ်ပါတယ်။ အဲဒီငှက်မျိုးတွေဟာ အခြားငှက်တွေနဲ့ မတူဘဲ အစားအသောက်ကို စုံတကာစေ့အောင် စားတယ်လို့ ဆိုပါတယ်။ အဲဒါကြောင့် လူနဲ့ တိရစ္ဆာန်တွေမှာ “မဆိုင်တာတွေပါ စားတဲ့ အမူအကျင့်” ကို Pica လို့ ခေါ်ဝေါ်လာကြတယ်လို့ ယုံကြည်ကြပါတယ်။ အဲဒီစကားလုံး ဆေးပညာစာပေတွေထဲကို ၁၅၆၃ ခုနှစ်က စတင်ရောက်ရှိလာတာဖြစ်တယ်လို့ မှတ်သားရပါတယ်။ 

ပိုက်ကာ ဆိုတဲ့ အမူအကျင့်ဟာ ယေဘုယျအားဖြင့် အာဟာရဓာတ် တစ်ခုခု ချို့တဲ့နေတဲ့ လက္ခဏာလို့ ဆိုနိုင်ပါတယ်။ အခြားအကြောင်းအရင်းတွေ ရှိတတ်ပေမယ့် များသောအားဖြင့် အာဟာရဓာတ် တစ်မျိုး သို့မဟုတ် တစ်မျိုးထက်ပိုပြီး ချို့တဲ့နေတဲ့အခါ ဖြစ်ပေါ်တာကိုတွေ့ရတတ်ပါတယ်။ လူနဲ့ တိရစ္ဆာန်တွေရဲ့ ခန္ဓာကိုယ်ဟာ အာဟာရဓာတ်အမျိုးအစားပေါင်း မြောက်များစွာ လိုအပ်ပါတယ်။ အတိအကျရေတွက်မယ်ဆိုရင် အာဟာရဓာတ် အမျိုးအစား ရာဂဏန်းချီပြီး လိုအပ်တာ တွေ့ရမှာပါ။ အဲဒီလို လိုအပ်တဲ့ အာဟာရဓာတ်တွေထဲက တစ်ခုခုဟာ အလွန်အမင်း ချို့တဲ့လာမယ်ဆိုရင် ခန္ဓာကိုယ်က အဲဒီ လိုအပ်တဲ့ အာဟာရဓာတ်ကို တောင်းဆိုလာပါတယ်။ နေ့စဉ် စားသုံးနေတဲ့ အစာထဲမှာ အဲဒီအာဟာရဓာတ် မပါဝင်တာကို ခန္ဓာကိုယ်ကအလိုအလျောက်သိလာတဲ့အခါ ပုံမှန်စားနေကျမဟုတ် တဲ့ နေရာတွေမှာ အဲဒီအာဟာရဓာတ်ကို ရှာဖွေလာတဲ့ သဘောပါပဲ။ 

နွားတွေမှာ ပိုက်ကာ ဖြစ်ပေါ်တဲ့ အကြောင်းအရင်းတွေထဲမှာ အဓိကအားဖြင့် တွေ့ရတာကတော့ အစာထဲမှာ အမျှင်ဓာတ်နည်းပါးခြင်း၊ ဆိုဒီယမ် (Sodium – Na) နဲ့ ဖော့စ်ဖရပ်စ် (Phosphorous – P) ဆိုတဲ့ သတ္တုဓာတ်တွေ ချို့တဲ့ခြင်းတွေကြောင့်လို့ ဆိုပါတယ်။ ဒါပေမယ့် အခြားသော အာဟာရဓာတ်တွေ ချို့တဲ့နေတာလည်း ဖြစ် နိုင်တာပါပဲ။ 

အမျှင်ဓာတ်ချို့တဲ့ခြင်း

မြန်မာနိုင်ငံရဲ့ နွားမွေးမြူရေးကဏ္ဍမှာတော့ အမျှင်ဓာတ်ချို့တဲ့လို့ ပီကာ ဖြစ်တာ ရှားမယ်ထင်ပါတယ်။ အများစုက အမျှင်ဓာတ်ပါတဲ့ မြက်ကြမ်းတွေ၊ ကောက်ရိုးတွေကို ကျွေးမွေးနေကြရလို့ပါ။ 

စားကျက်မြေကျယ်ဝန်းပြီး စားကျက်လွှတ်ကျောင်းစနစ်နဲ့ မွေးမြူတဲ့ နိုင်ငံတွေမှာတော့ ရာသီအလိုက် မြက်နုထွက်တာ၊ မြက်ရင့်တာ စသဖြင့် အပြောင်းအလဲရှိတတ်ပြီး၊ မြက်နုထွက်တဲ့အချိန်မှာ အဲဒီမြက်နုလေးတွေထဲ အမျှင်ဓာတ်ပါဝင်မှု နည်းတာမျိုး ကြုံတွေ့ရနိုင်ပါတယ်။ 

အမျှင်ဓာတ်နည်းတဲ့အစာတွေ စားရတဲ့အခါ နွားရဲ့ အစာအိမ်လေးခန်းထဲက ပထမဆုံးအခန်းဖြစ်တဲ့ ရူမင် (Rumen) ထဲမှာ အက်ဆစ်ဓာတ်ပိုမြင့်လာပါတယ်။ အဲဒီ အက်ဆစ်ဓာတ်မြင့်မားမှုကြောင့် နို့ထွက်နှုန်းကျလာပြီး နို့ မှာ အဆီပါဝင်မှုလည်း ကျလာပါတယ်။ နွားရဲ့ မစင်ဟာ ပျော့နေတာကို တွေ့ရပါမယ်။ ပီကာအပြင် အဲဒီလက္ခဏာတွေကိုပါ တွေ့ရသလား ဆက်စပ်စဉ်းစားကြည့်သင့်ပါတယ်။ 

တကယ်လို့ ကိုယ်ရဲ့ နွားခြံမှာ ကျွေးမွေးတဲ့အစာမှာ အမျှင်ဓာတ်နည်းနေတယ် (ဥပမာ မြက်နုတွေပမာဏ များများ ကျွေးနေတယ်၊ အစာနု ပမာဏ များများကျွေးနေတယ်)၊ တစ်ဖက်မှာလည်း ပိုက်ကာနဲ့အတူ နို့ထွက်နှုန်းကျ တာ၊ နို့မှာ အဆီပါဝင်မှုနည်းတာတွေကိုတွေ့ရမယ်  ဆိုရင် အမျှင်ဓာတ်များတဲ့ အစာကြမ်းကို ပိုမိုကျွေးမွေးကြည့် သင့်ပါတယ်။ ပိုက်ကာတွေ့ရတာ လျော့သွားမယ်ဆိုရင် ကုန်ကျစရိတ်မရှိဘဲ ပြဿနာကို ဖြေရှင်းနိုင်မှာပါ။ 

တကယ်လို့ ဝမ်းကလည်း ပုံမှန်ပဲ၊ အမျှင်ဓာတ်လည်း လုံလောက်အောင် ကျွေးနေတယ်၊ နို့စားနွားဆိုရင် နို့ မှာအဆီပါဝင်မှုလည်း မလျော့ကျသွားဘူး ဆိုရင်တော့ သတ္တုဓာတ်ဖြည့်စွက်ဖို့ စဉ်းစားသင့်ပါပြီ။ 

သတ္တုဓာတ်ချို့တဲ့ခြင်း

နွားတွေကို ကျွေးတဲ့အစာတွေအားလုံးဟာ အပင်ထွက်အစာတွေချည်းပါပဲ။ အပင်ဆိုတာ မြေမှာပေါက်ရတာပါ။ မြေဆီလွှာထဲမှာ အာဟာရဓာတ် တစ်ခုခုချို့တဲ့နေမယ်ဆိုရင် အဲဒီမြေမှာပေါက်တဲ့ နွားစာပင်မှာလည်း အာ ဟာရဓာတ်က ချို့တဲ့နေမှာပါ။ အဲဒီအစာကို စားရတဲ့ နွားတွေဟာလည်း ကြာလာတာနဲ့အမျှ အာဟာရဓာတ်ချို့တဲ့ ပြီး ပိုက်ကာ ကို တွေ့လာရတတ်ပါတယ်။ 

တိုးတက်တဲ့နိုင်ငံကြီးတွေမှာတော့ ပိုက်ကာကို တွေ့ရပြီဆိုရင် နွားစာစာကျက်ထဲက မြေဆီလွှာကို စစ်ဆေးတာ၊ နွားတွေရဲ့ သွေးကို ဖောက်ယူပြီး စစ်ဆေးတာတွေ လုပ်ဆောင်ကြပါတယ်။ ဘယ်အာဟာရဓာတ်တွေ ချို့တဲ့နေတာလဲ ဆိုတာကို အတိအကျ စစ်ဆေးတဲ့သဘောပါ။ ရလဒ်ပေါ်မူတည်ပြီး၊ လိုအပ်တဲ့ အာဟာရဓာတ်ကို ဖြည့် စွက်ပေးကြပါတယ်။ ဓာတ်ခွဲခန်းရလဒ်ပေါ်မူတည်ပြီး စားကျက်မှာ အသုံးပြုတဲ့ ဓာတ်မြေဩဇာကို ပြင်ယူတာမျိုးပါ။ နွားတွေကိုလည်း လိုအပ်တဲ့ အာဟာရဓာတ် ဖြည့်စွက်ကျွေးမွေးပေးပါတယ်။ 

မြန်မာနိုင်ငံက အသေးစားမွေးမြူသူများအတွက်ကတော့ အဲဒီအဆင့်တွေအထိ စဉ်းစားဖို့ မလွယ်ကူပါဘူး။ ဒါကြောင့် လုပ်နိုင်တာကတော့ သတ္တုဓာတ်ဖြည့်စွက်စာတွေ နွားတွေကိုကျွေးမွေးပေးဖို့ပဲ ဖြစ်ပါတယ်။ 

သတ္တုဓာတ်ဖြည့်စွက်စာအနေနဲ့ အာဟာရဖြည့်သတ္တုဓာတ်ဆားခဲ (Mineral Block) တွေက အသင့်လျော်ဆုံးဖြစ်ပါတယ်။ အဲဒီဆားခဲကို နွားတွေ လျက်နိုင်အောင် စီစဉ်ပေးရပါမယ်။ တိရစ္ဆာန်ဆေးဝါးနဲ့ အစာရောင်းချတဲ့ ဆိုင်အတော်များများမှာ အဲဒီ သတ္တုဓာတ်ဆားခဲတွေကို ဝယ်ယူရရှိနိုင်ပါတယ်။ အများစုက နိုင်ငံခြားက တင်သွင်းထားတာပါ။ မြန်မာနိုင်ငံမှာ ထုတ်လုပ်တဲ့ သတ္တုဓာတ်ဆားခဲတွေကိုလည်း ဈေးနှုန်းသက်သက်သာသာနဲ့ ဝယ်ယူရရှိ နိုင်နေပါပြီ။ 

အဲဒီ သတ္တုဓာတ်ဆားခဲတွေထဲမှာ ဆိုဒီယမ်၊ ဖော့စဖရပ် အပြင် အခြားသော နွားတွေမှာ လိုအပ်တဲ့ သတ္တုဓာတ်အတော်များများ စုံလင်အောင် ထည့်ပေးထားပါတယ်။ ဒါကြောင့် နွားမှာ ဘယ်လို သတ္တုဓာတ်ပဲ လိုနေနေ၊ ဒီ တစ်မျိုးတည်းနဲ့တင် ဖြေရှင်းနိုင်တဲ့ သဘောပါပဲ။ 

သတ္တုဓာတ်ဆားခဲတွေဟာ အလေးချိန်စီးပြီး မာကျောပါတယ်။ ဒါကြောင့် နွားတွေက တပြိုင်နက်တည်း အများကြီး စားလို့မရပါဘူး။ လျှာနဲ့ပဲ ယက်ရတာပါ။ ဒါကြောင့် ဈေးကွက်ထဲမှာ “လျက်ဆားခဲ” လို့လည်း ခေါ်ကြပါ တယ်။ ဘာကြောင့် အဲဒီလို လုပ်ထားရသလဲဆိုရင် နွားတွေရဲ့ ခန္ဓာကိုယ်က သတ္တုဓာတ်တွေကို ပမာဏ နည်းနည်း လေးစီပဲ လိုအပ်လို့ပါ။ တပြိုင်နက်တည်း အများကြီးစားလိုက်ရင် တန်ဆေး လွန်ဘေး ဆိုတဲ့စကားအတိုင်း အဆိပ် သင့်နိုင်ပါတယ်။ 

နွားတွေဟာ သူတို့လိုအပ်နေတဲ့ အာဟာရဓာတ်ကို တွေ့ပြီဆိုရင်၊ ရေငတ်တုန်း ရေတွင်းထဲကျသလို တပြိုင်နက်တည်း ပမာဏအများကြီး သိမ်းကြုံးစားပစ်ကြမှာ သေချာပါတယ်။ အဲဒီလို ပမာဏအများကြီး တပြိုင်နက် စားလိုက်ရင် နွားအတွက် အန္တရာယ်ရှိပါတယ်။ ဒါကြောင့် နည်းနည်းချင်း လျက်ပြီး ဆားလို့ရအောင် “လျက်ဆားခဲ” အဖြစ် ထုတ်လုပ်ထားတာဖြစ်ပါတယ်။ 

အစိမ်းရောင်လမ်းကတဆင့် မေးမြန်းလာတဲ့ မေးခွန်းအတွက် အတတ်နိုင်ဆုံး ဖြေကြားပေးထားတာဖြစ်ပါ တယ်။ နွားခြံကို ကိုယ်တိုင်လေ့လာရတာ မဟုတ်ဘဲ မေးခွန်းမှာပါတဲ့ အချက်အလက်လေးကိုပဲ မှန်းဆဖြေဆိုရတာမို့ ကွက်တိမှန်တဲ့ အဖြေတော့ ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ ဒါပေမယ့် ပိုက်ကာဆိုတာ ဘာလဲ၊ ဘာကြောင့်ဖြစ်တာလဲ၊ ဘယ်လို ကုစားနိုင်မလဲ ဆိုတဲ့ မွေးမြူသူတွေ သိထားသင့်တဲ့အချက်တွေကိုတော့ ဒီဆောင်းပါးကနေတဆင့် ခြုံငုံ နားလည်နိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်