မိမိတို့စိုက်ပျိုးထားတဲ့ အပင်တွေဟာ စိမ်းလန်းစိုပြေပြီး တစ်ညီတည်း ကြီးထွားနေကြတယ်ဆိုရင် ၎င်းတို့ဟာ ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်ပြီး ကျန်းမာသန်စွမ်းစွာ ရှင်သန်နေတာဖြစ်ပါတယ်။ သို့ပေမဲ့ အရွက်များ ညှိုးနွမ်းနေတာ၊ အစက်အပြောက်တွေပေါ်လာတာ ဒါမှမဟုတ် ကြံ့ခိုင်သန်စွမ်းမှု အားနည်းနေတာမျိုး တွေ့ရမယ်ဆိုရင်တော့ အပင်များအနေနဲ့ ပိုးမွှား၊ ရောဂါ၊ အာဟာရချို့တဲ့ခြင်းနဲ့ အခြားပြဿနာတွေကို ခံစားနေရတာဖြစ်နိုင်ပါတယ်။ အရွက်တွေပေါ်မှာ ဖြစ်ပေါ်တတ်တဲ့ ပြဿနာတွေဟာ abiotic (သက်ရှိမဟုတ်သော) နဲ့ biotic (သက်ရှိ) စတဲ့ အကြောင်းအရင်း အမျိုးမျိုးကြောင့်ဖြစ်နိုင်ပါတယ်။ အဆိုပါ အခြေအနေမျိုး ကြုံတွေ့ရမယ်ဆိုရင်တော့ ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းအရင်းတွေကို လေ့လာဆန်းစစ်ပြီး ကာကွယ်ကုသတာမျိုး လုပ်ပေးနိုင်ပါတယ်။
Abiotic ကြောင့် ဖြစ်ပေါ်တတ်တဲ့ ပြဿနာတွေကတော့ အာဟာရချို့တဲ့ခြင်း၊ ရေလောင်း များခြင်း/ နည်းခြင်း၊ နေရောင်ခြည် ရရှိမှု၊ အပူချိန်၊ ဓာတုဆေးဝါးများ (ပေါင်းသတ်ဆေး၊ မြေသြဇာလောင်ခြင်း) ကြောင့် ထိခိုက်ခြင်းနဲ့ မြေချဉ်/ငံ ဓာတ် မညီမျှခြင်း စတာတွေ ပါဝင်ပါတယ်။ Biotic ကြောင့် ဖြစ်ပေါ်တတ်တဲ့ ပြဿနာတွေကတော့ မှိုရောဂါ၊ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်၊ နီမတုတ်နဲ့ အဖျက်ပိုးမွှား စတာတွေဖြစ်ပါတယ်။
ရေလောင်းများခြင်း/ နည်းခြင်းကြောင့် ဖိစီးမှုဖြစ်ပေါ်ခြင်း
အရွက်များပေါ်မှာ အများဆုံးဖြစ်ပေါ်လေ့ရှိတဲ့ ပြဿနာတစ်ခုကတော့ အပင်ကနေ ရေ ရရှိခြင်းနဲ့ မရရှိခြင်းဆိုတဲ့ အချက်ပေါ်မှာ မူတည်နေတာဖြစ်ပါတယ်။ ရေ အလွန်အကျွံလောင်းခြင်းနဲ့ ရေလောင်းနည်းခြင်း နှစ်မျိုးစလုံးဟာ အပင်ပေါ်မှာ "အစိုဓာတ်ဖိစီးမှု" (moisture stress) ဆိုတာကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဥပမာအားဖြင့် အိမ်တွင်း အလှစိုက်အပင်တွေဆိုရင် နေရာအကန့်အသတ်ရှိတဲ့ အိုးများအတွင်းမှာ စိုက်ပျိုးထားတာ ဖြစ်တာကြောင့် ပြင်ပမှာစိုက်ပျိုးထားတဲ့ အပင်တွေနဲ့ယှဉ်လိုက်ရင် အစိုဓာတ်ဖိစီးမှုဒဏ်ကို ခံနိုင်ရည်မဲ့ကြပြီး အိုးအတွင်းမှာရှိတဲ့ မြေဆီလွှာရဲ့ အစိုဓာတ်ဟာ အပင်တစ်ခုလုံးရဲ့ ကျန်းမာရေးအပေါ် များစွာလွှမ်းမိုးနေတာလည်း ဖြစ်ပါတယ်။ အပင်တစ်ပင်ကို ရေလောင်းတာ နည်းလွန်းတဲ့အခါ အပင်ရဲ့အရွက်တွေအပေါ်မှာ သက်ရောက်မှုရှိနိုင်ပါတယ်။ ရေလောင်းနည်းလွန်းတဲ့အခါ အရွက်တွေပေါ်မှာ အများဆုံးတွေ့ရလေ့ရှိတဲ့ လက္ခဏာကတော့ အဝါရောင်ပြောင်းလာတာဖြစ်ပြီး အပင်ထဲမှာကျန်ရှိနေသေးတဲ့ ရေတွေကို ဆက်လက်ထိန်းသိမ်းဖို့ရာအတွက် အပင်ရဲ့အရွက်တွေဟာ တဖြည်းဖြည်းနဲ့ ကြွေကျသွားမှာဖြစ်ပါတယ်။ ထို့နည်းတူ အပင်ကို အလွန်အကျွံရေလောင်းပါကလည်း အရွက်များ အဝါရောင်ပြောင်းလာပြီး အမြစ်များကိုလည်း ထိခိုက်စေနိုင်ပါတယ်။ အမြစ်များ ထိခိုက်သေဆုံးတဲ့အခါ အရွက်များ အရောင်ပျက်ပြယ်သွားတဲ့ပုံစံကို တွေ့ရှိရမှာဖြစ်ပါတယ်။
အာဟာရဓာတ် ချို့တဲ့ခြင်း
အာဟာရဓာတ်ချို့တဲ့ခြင်းဟာ အပင်ရဲ့ကျန်းမာသန်စွမ်းမှုနဲ့ အသွင်အပြင်တို့ကို ထိခိုက်စေနိုင်တဲ့ အဖြစ်အများဆုံး abiotic အကြောင်းအရင်းများထဲမှ တစ်ခုဖြစ်ပါတယ်။ အပင်များဟာလည်း လူသားတွေလိုပဲ ကောင်းစွာ ရှင်သန်ကြီးထွားဖို့ရာအတွက် အာဟာရဓာတ်တွေ လိုအပ်ပါတယ်။ အာဟာရဓာတ်တစ်ခုချင်းစီဟာ အပင်ကြီးထွားဖွံ့ဖြိုးမှုအတွက် တိကျသောအခန်းကဏ္ဍမှာ ပါဝင်နေတာဖြစ်ပြီး အဆိုပါ အာဟာရဓာတ်များချို့တဲ့ခြင်းဟာ အရွက်များပေါ်မှာ သိသာထင်ရှားသော လက္ခဏာများကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အပင်တစ်ပင်ဟာ ၎င်းအတွက် သင့်တော်မှန်ကန်တဲ့ အာဟာရဓာတ်ပမာဏကို မရရှိဘူးဆိုရင် အရွက်များ အဝါရောင်ပြောင်းလာတာကို ပထမဆုံးတွေ့ရှိရမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် နိုက်ထရိုဂျင်ဓာတ် ချို့တဲ့မယ်ဆိုရင် အပင်ရဲ့ အောက်ခြေမှာရှိတဲ့ အရွက်များကနေ စတင်ဝါလာပြီးတဲ့နောက် အရွက်အားလုံး အရောင်ဖျော့ပြီး ဝါလာတာမျိုးတွေ့ရမှာ ဖြစ်ပါတယ်။ ပိုတက်စီယမ်ဓာတ် ချို့တဲ့မယ်ဆိုရင်တော့ များသောအားဖြင့် အရွက်ရဲ့အနားသတ်များနဲ့ ထိပ်ဖျားတွေမှာ အညိုရောင် သို့မဟုတ် လောင်ထားတဲ့ပုံစံမျိုးအပြင် အရွက်များကွေးကောက်လာခြင်းနဲ့ ပင်စည်များအားနည်းခြင်းတို့ကိုပါ တွေ့ရှိရမှာ ဖြစ်ပါတယ်။
အလင်းရောင် မလုံလောက်ခြင်း
အပင်များ ကောင်းစွာရှင်သန်နိုင်ဖို့အတွက် နေရောင်ခြည် အပြည့်အဝရရှိဖို့လည်း လိုအပ်ပါတယ်။ အပင်များဟာ ၎င်းတို့ကြီးထွားဖွံ့ဖြိုးရန်အတွက် အလင်းစွမ်းအင်ကို ဓာတုစွမ်းအင်အဖြစ်သို့ ပြောင်းလဲပေးသော အစာချက်လုပ်တဲ့ဖြစ်စဉ်အတွက် အလင်းရောင်ကို မဖြစ်မနေလိုအပ်တာ ဖြစ်ပါတယ်။ အပင်တစ်ပင်ဟာ အလင်းရောင်ကို လုံလောက်စွာမရရှိတဲ့အခါ အထူးသဖြင့် ကလိုရိုဖီးလ်ထုတ်လုပ်မှု လျော့နည်းတဲ့အခါမျိုးမှာ အရောင်ဖျော့လာတာမျိုး သို့မဟုတ် အဝါရောင်လက္ခဏာများ ပေါ်လာနိုင်ပါတယ်။ အလင်းရောင် မလုံလောက်တဲ့အခါမှာ အရွက်များဟာ ပုံမှန်ထက်သေးငယ်လာပြီး အထူးသဖြင့် အချိန်မတိုင်ခင်မှာဘဲ အရွက်များကြွေကျသွားတာမျိုး ဖြစ်ပေါ်နိုင်ပါတယ်။
အဖျက်ပိုးမွှားနှင့် ရောဂါများ
အပင်တစ်ပင်မှာ အဖျက်ပိုးမွှားတွေ ဝင်ရောက်နေတယ်ဆိုတာကို ပထမဆုံးတွေ့မြင်နိုင်တဲ့ လက္ခဏာတစ်ခုကတော့ အရွက်တွေပေါ်မှာ အဝါရောင်အကွက်များ ပေါ်လာတာကို တွေ့ရှိရခြင်းဖြစ်ပါတယ်။ ပျပိုး၊ ယင်ဖြူနဲ့ လှေးပိုးကဲ့သို့ အဖျက်ပိုးတွေကျရောက်မယ်ဆိုရင် အရွက်များ အဝါရောင်ပြောင်းလာခြင်း၊ တွန့်လိပ်လာခြင်း၊ ပန်းပွင့်များအရောင်ပျက်ပြယ်လာခြင်း သို့မဟုတ် အရွက်များ ပုံသဏ္ဍာန်ပျက်ခြင်းတို့ကို သတိပြုမိနိုင်ပါတယ်။ အပင်မှာ ကျရောက်လေ့ရှိတဲ့ အဖျက်ပိုးမွှားများဟာ များသောအားဖြင့် အရွက်အောက်မှာ စုဝေးနေထိုင်တတ်ကြပြီး အပင်မှအရည်များကို စုပ်ယူစားသုံးခြင်းဖြင့် အရွက်များ အဝါရောင်ပြောင်းလာခြင်းနဲ့ ကြွေကျခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အဖျက်ပိုးတွေ အပင်ရည်ကို စုပ်ယူစားသုံးပြီးနောက် စွန့်ထုတ်လိုက်တဲ့ စေးကပ်တဲ့အရည်များကြောင့်လည်း အရွက်များပေါ်မှာ အဖြူရောင်အကွက်များ သို့မဟုတ် အနက်ရောင်မှိုများကိုပါ တွေ့ရှိရနိုင်ပါတယ်။
အရွက်အစက်အပြောက်ရောဂါ၊ ဖားဥမှိုရောဂါနဲ့ သံချေးရောဂါကဲ့သို့ မှိုရောဂါတွေ ကျရောက်တဲ့အခါ အရွက်ပေါ်မှာ အကွက်များ၊ အစက်ပြောက်များနဲ့ အနာဖုများပါ တွေ့ရတတ်ပါတယ်။ ဘက်တီးရီးယားရောဂါများ ကျရောက်မယ်ဆိုရင်တော့ အရွက်ပေါ်မှာ ရေစိုနာကွက်များဖြစ်ပေါ်လာပြီး အမည်းရောင် ပြောင်းသွားမှာ ဖြစ်ပါတယ်။
ဓာတုဆေးဝါးများကြောင့်
အန္တရာယ်ရှိသော ဓာတုပစ္စည်းများနဲ့ ထိတွေ့မိတဲ့အခါ သို့မဟုတ် ပမာဏမှားယွင်းပြီး အသုံးပြုမိတဲ့အခါမျိုးမှာဆိုရင် အရွက်များပေါ်မှာ သိသာထင်ရှားတဲ့ ထိခိုက်ပျက်စီးမှုများကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ပေါင်းသတ်ဆေးများ အသုံးပြုတဲ့အခါ ရည်ရွယ်ထားတဲ့ ပေါင်းပင်များသာမက စိုက်ပျိုးထားတဲ့အပင်များကိုပါ ထိတွေ့မိခြင်းဖြင့် အရွက်များ ပုံပျက်သွားခြင်း၊ တွန့်လိပ်သွားခြင်းနဲ့ အရောင်ပျက်ပြယ်ခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အကယ်၍ ဆေးရဲ့ပြင်းအား နည်းတယ်ဆိုရင်တောင် အရွက်ပေါ်မှာ အစက်အပြောက်များ ဖြစ်ပေါ်ခြင်းနဲ့ အပင်ရဲ့ ကြီးထွားမှုပုံစံ ထိခိုက်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ နောက်ထပ်ထိခိုက်နိုင်တဲ့ အခြေအနေကတော့ မြေသြဇာလောင်ခြင်း ဖြစ်ပါတယ်။ မြေသြဇာတွေမှာ ယေဘူယျအားဖြင့် ဆားဓာတ်တွေမြင့်မားစွာ ပါဝင်တာကြောင့် အရွက်တွေနဲ့ တိုက်ရိုက်ထိတွေ့မိတဲ့အခါ အရွက်ရဲ့ ဘေးအနားသတ်များ လောင်ကျွမ်းခြင်း၊ အရွက်ထိပ်ဖျားများ အညိုရောင်ပြောင်းလာခြင်းနဲ့ ခြောက်သွေ့သေဆုံးခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ ထို့နည်းတူ ပိုးသတ်ဆေးတွေကို သတ်မှတ်ထားတဲ့ ပမာဏထက် ပိုပြီးအသုံးပြုတာမျိုးနဲ့ နေရောင်တိုက်ရိုက်ကျရောက်ပြီး အပူချိန်မြင့်တဲ့ အခြေအနေမျိုးမှာ အသုံးပြုမိတဲ့အခါ အရွက်များလောင်ကျွမ်းခြင်း၊ အစက်အပြောက်များ ဖြစ်ပေါ်လာခြင်းနဲ့ အပင်ညှိုးနွမ်းခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။
မြေချဉ်/ငံ ဓာတ် မညီမျှခြင်းကြောင့်
မြေဆီလွှာမှာ ချဉ်/ငံ ဓာတ် မညီမျှခြင်းဟာလည်း အပင်အတွက်လိုအပ်သော အာဟာရဓာတ်များ ရရှိခြင်းကိုထိခိုက်စေနိုင်ပြီး အရွက်များအပေါ်မှာ သိသိသာသာ သက်ရောက်မှုရှိနိုင်ပါတယ်။ အပင်အများစုဟာ ချဉ်/ငံ ဓာတ် မျှတသော ကြားနေအခြေအနေဖြစ်တဲ့ pH ပမာဏ ၆ ကနေ ၇ အတွင်းရှိ အက်ဆစ်ဓာတ် အနည်းငယ်ဆန်တဲ့ မြေဆီလွှာကို ပိုမိုနှစ်သက်ကြပါတယ်။ မြေဆီလွှာဟာ အက်ဆစ်ဓာတ်များလွန်းပြီး pH နိမ့်တဲ့အခြေအနေမှာဆိုရင် အိုင်းယွန်းဓာတ်၊ မန်းဂနိစ်နဲ့ အလူမီနီယမ်ကဲ့သို့သော အာဟာရဓာတ်တွေကို အလွန်အကျွံရရှိနိုင်ပြီး အရွက်ပေါ်မှာ အစက်အပြောက်များ ဖြစ်လာခြင်း၊ ကြေးဝါရောင်ပြောင်းလာခြင်းနဲ့ အရွက်များလောင်ကျွမ်းခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။ တစ်ချိန်တည်းမှာပဲ အပင်အတွက်အရေးကြီးတဲ့ ဖော့စဖောရပ်စ်၊ ကယ်လ်စီယမ်နဲ့ မဂ္ဂနီစီယမ် ကဲ့သို့ အာဟာရဓာတ်များ ရရှိနိုင်မှုနည်းပါးသွားပြီး အပင်ကြီးထွားမှု ညံ့ဖျင်းခြင်းနဲ့ ရွက်ကြောများကြားမှာ အဝါရောင်ဖြစ်ပေါ်ခြင်းတို့ကို တွေ့ရှိနိုင်ပါတယ်။ အပြန်အလှန်အားဖြင့် မြေဆီလွှာမှာ အယ်ကာလီဓာတ်များပြီး pH မြင့်မားတဲ့အခြေအနေမှာဆိုရင် အိုင်ယွန်း၊ ဇင့်၊ ကော့ပါးနဲ့ မန်းဂနိစ် စတဲ့ အာဟာရဓာတ်များ ပျော်ဝင်မှုများနည်းပါးပြီး ၎င်းတို့ကိုအပင်ကနေ မရရှိနိုင်တာကြောင့် အရွက်နုများရဲ့ အစိမ်းရောင်ရွက်ကြောများပေါ်မှာ အဝါရောင်အကွက်များ ပေါ်လာတာကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ အချိန်ကြာလာတာနှင့်အမျှ မြေချဉ်/ငံ ဓာတ် မညီမျှခြင်းဟာ အပင်ကိုအားနည်းစေပြီး အစာချက်လုပ်နိုင်မှုကို လျှော့ချကာ အရွက်များကို ကြွေကျသွားစေမှာ ဖြစ်ပါတယ်။
ဇင်ထူးနိုင်
Ref: https://www.lovememini.com/post/common-plant-leaves-problems-and-how-to-fix-them
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။