ပဲတီစိမ်း၊ မတ်ပဲ၊ ပဲပုပ် စသည့် ပဲမျိုးစုံ သီးနှံတို့တွင် ပန်းပွင့်ချိန်၌ အစေ့များ ပြည့်ဖြိုးစေရန်နှင့် အစေ့တွင် ပရိုတိန်းဓာတ် ဖြည့်တင်းပေးရန်အတွက် နိုက်ထရိုဂျင်ဓာတ်သည် အလိုအပ်ဆုံး အချိန်ဖြစ်သည်။ ၎င်းအပြင် အပွင့်များ ကြွေကျခြင်းအား ကာကွယ်ရန် ပန်းပွင့်၏ ဝတ်မှုန်ပြွန် ကောင်းစွာ ရှည်ထွက်ပီး မျိုးအောင်မှု ကောင်းစေရန်နှင့် အပင် အတွင်းရှိ နိုက်ထရိုဂျင်ဓာတ်၏ ဇီဝကမ္မဆိုင်ရာ လုပ်ငန်းများကို အထောက်အကူပေး နိုင်ရန်အတွက် ဘိုရွန်ဓာတ် (လက်ချား)သည် ပန်းပွင့်ချိန်တွင် အထူး လိုအပ်သည်။ ပဲမျိုးစုံ သီးနှံပင်သည် ယေဘူယျအားဖြင့် ပန်းပွင့်သည်မှ ပဲတောင့်များ ရင့်သည်အထိ ၂၀-၃၀ ရက်အထိ ကြာမြင့်တတ်ပြီး အပင်အတွင်း နိုက်ထရိုဂျင် မလုံလောက်ပါက ယင်းကာလ တိုတောင်းလာပြီး ပဲအထွက် နည်းတတ်သည်။ အကယ်၍ နိုက်ထရိုဂျင် လုံလောက် စွာပေးထားပါက ပန်းပွင့်ချိန်မှ ပဲတောင့်များရင့်မှည့်သည်အထိ ကြာချိန် ပိုရှည်လာပြီး ပဲအထွက်လည်းကောင်းစေသည်။ စပါး၊ ပြောင်းဖူး စသည် နှံစားသီးနှံပင်နှင့် ပဲမျိုးစုံ အပင်များ၏ နိုက်ထရိုဂျင် လိုအပ်ချက်ကို နှိုင်းယှဉ်ကြည့်ပါက စပါးနှင့် ပြောင်းဖူးတွင် အစေ့တစ်ဂရမ် ထုတ်လုပ်ပေးရန် အတွက် နိုက်ထရိုဂျင် ၁၅ မီလီဂရမ်ခန့် လိုအပ်သော်လည်း ပဲမျိုးစုံတွင် အစေ့ တစ်ဂရမ် ထုတ်လုပ်ရန်အတွက် နိုက်ထရိုဂျင် ၃၉ မီလီဂရမ်ခန့် လိုအပ်သဖြင့် ပဲမျိုးစုံသည် နှံစားသီးနှံများထက် နိုက်ထရိုဂျင် လိုအပ်မှု ပိုများသည်။
စပါးသီးနှံ စိုက်ပျိုးရာတွင် အများအားဖြင့် သဘာဝမြေသြဇာ၊ ဓာတ်မြေသြဇာ တစ်မျိုးမျိုးကို တောင်သူများ တတ်နိုင်သလောက် ထည့်သွင်းပြီးမှ စိုက်ပျိုးကြသည်။ စပါးပင် မှို့ကပ်ချိန်တွင် နိုက်ထရိုဂျင် အလိုအပ်ဆုံးဖြစ်ပြီး မြေဆီလွှာ အတွင်းရှိသော နိုက်ထရိုဂျင်ကို စုပ်ယူ၍ ပန်းပွင့်ခြင်း၊ မျိုးအောင်ခြင်း၊ နို့ရည် ခဲခြင်း စသည့် လုပ်ငန်းများ ဆောင်ရွက်ပြီး အစေ့ ရင့်မှည့်ချိန် ရောက်ရှိသည်။ စပါးစေ့အတွင်း ကစီဓာတ် ဖြည့် တင်းချိန် ပရိုတင်းဓာတ် ၈-၁၀ ရာခိုင်နှုန်းခန့် ဖြည့်တင်း ပေးပြီးပါက စပါးပင်၏ တာဝန်ပြီးဆုံးပါသည်။
သို့သော် ပဲမျိုးစုံသီးနှံတွင် ပန်းပွင့်ပြီးနောက်ပိုင်း အစေ့ အဆန်တည်ခြင်း၊ အစေ့ ပြည့်ဖြိုးစေရန် ကစီဓာတ် ဖြည့် တင်းခြင်း လုပ်ငန်းများအပြင် ယေဘူယျအားဖြင့် ၂၅-၃၅ ရာခိုင်နှုန်းအထိရှိသော ပရိုတိန်းဓာတ်များ ကိုပါ ဖြည့်ပေးပြီးမှသာ ပဲပင်၏ တာဝန်ပြီးဆုံးပါသည်။ ထို့ကြောင့် နှံစားပင်များနှင့် နှိုင်းယှဉ်ပါက ပရိုတိန်း ပါဝင်မှု များသဖြင့် ပဲသီးနှံများသည် နိုက်ထရိုဂျင် လိုအပ်ချက်လည်း ပိုများနေရခြင်း ဖြစ်သည်။ ပဲမျိုးစုံ သီးနှံများအတွက် လိုအပ်သော နိုက်ထရိုဂျင်ဓာတ်ကို မြေဆီလွှာမှ စုပ်ယူရရှိသည့် အပြင် ပဲပင် အမြစ်တွင် ရှိနေသာ ရိုင်ဇိုဘီယမ် ဘက်တီးရီးယားများ၏ ပံ့ပိုးမှုမှလည်း ရယူသုံးစွဲကြသည်။
မြန်မာနိုင်ငံ ပဲစိုက်မြေများတွင် စမ်းသပ်ချက်အရ ပဲပင် အမြစ်တွင် ရှိနေသော ရိုင်ဇိုဘီယမ်၊ ဘက်တီးရီးယားတို့သည် ပဲမျိုးစုံ သက်တမ်း တစ်လျှောက် တစ်ဧကတွင် နိုက်ထရိုဂျင် (၂) ကီလိုဂရမ် အထိ ဖြည့်တင်းပေးသည်။ သို့သော် ယင်းဘက်တီးရီးယား၊ မိုက်ခရုပ်တို့၏ သဘာဝမှာ ပဲပင်မှ အစာချက်လုပ်ပြီးရှိသော ကာဘွန်ဟိုက်ဒရိတ်ကို ရယူ စားသုံးရှင်သန်ပြီး ယင်းမိုက်ခရုပ်တို့ လေထဲမှ ဖမ်းယူရသော နိုက်ထရိုဂျင်ဓာတ်ကို ပဲပင်အား ရရှိစေကာ အပြန်အလှန် အကျိုးပြု နေထိုင်ကြပါသည်။ သို့သော် ယင်းအပြန်အလှန် အကျိုးပြုမှုသည် ပဲမျိုးစုံ အပင်များ ပန်းမပွင့်မီ အချိန်ထိသာဖြစ်ပြီး၊ ပန်းပွင့်ပီး နောက်ပိုင်း တွင် ပဲမျိုးစုံ အပင်သည် သီးကင်းများ၊ အစေ့ အဆံများ အတွက် အပင် အပေါ်ပိုင်းသိ့ု အဓိက ထား၍ အစာ ပို့ပေးရသဖြင့် ချက်လုပ်ပီး အစာများကို ရိုင်ဇိုဘီယမ် မိုက်ခရုပ်များရှိရာ အပင်၏အောက်ပိုင်းသိ့ု အနည်းငယ်သာ ပိ့ုပေးတော့သဖြင့် ပန်းပွင့်ပြီး နောက်ပိုင်းတွင် ရိုင်ဇိုဘီယမ် ဘက်တီးရီးယားတိ့ု၏ ပဲပင်အတွက် နိုက်ထရိုဂျင်ဓာတ် ပံ့ပိုးမှုကို အားကိုးရန် မရနိုင်တော့ပါ။ ၎င်းအပြင် ပဲပင်၏ အောက်ပိုင်းတွင် အရွက် အိုများသည်လည်း အစာရရှိမှု နည်းလာကာ ပန်းပွင့်ချိန်နောက်ပိုင်းတွင် အဝါရောင်ပြောင်းပြီး ကြွေကျကုန်သည်။ အောက်ရွက်များ ကြွေကျမှုကြောင့်လည်း တစ်ဖက်တွင် စုစုပေါင်း ချက်လုပ်နိုင်သော အစာ ပမာဏမှာလည်း လျော့နည်းလာရသည်။
ပဲမျိုးစုံ သီးနှံပင်များ၏ အစေ့ ထုတ်လုပ်နိုင်မှု အမြင့်ဆုံး စွမ်းရည်မှာ ပတ်ဝန်းကျင် အခြေအနေပေးမှုပေါ် မူတည်၍ တစ်ဧကလျှင် တစ်ရက် အတွင်း အစေ့ ၅၀ ကီလိုဂရမ်အထိ ထုတ်လုပ် ပေးနိုင်ပါသည်။ အစေ့အဆန် ပြည့်ဖြိုး ပေးနေရသော ကာလအတွင်း ချက်လုပ်ပီး အစာအာဟာရများကို အကျိုးရှိစွာ အသုံးပြု၍ အမြင့်မားဆုံး အစေ့ ထုတ်လုပ်ပေးနိုင်ရန် တစ်ဧကမြေပေါ်တွင် တစ်ရက်လျှင် နိုက်ထရိုဂျင် (၃) ကီလိုဂရမ် အထိ လိုအပ်ပါသည်။
သို့သော် မြေဆီလွှာတွင် မည်မျှပင် နိုက်ထရိုဂျင် လုံလောက်စွာ ရှိနေသော်လည်း တစ်ဧကကွက်တွင် မြေဆီလွှာမှ ပဲမျိုးစုံအပင်သို့ အမြင့်ဆုံး ပံ့ပိုးပေးနိုင်သော နိုက်ထရိုဂျင် ပမာဏမှာ တစ်ရက်လျှင် ၁ ဒသမ ၂ ကီလိုဂရမ်ခန့်သာ ရှိသည်။ ထို့ကြောင့် ပဲမျိုးစုံပင်များ၏ ပန်းပွင့်ချိန်မှ အစေ့အဆန် ရင့်မှည့်သည် အထိ ကာလအတွင်း အစေ့ထုတ်လုပ်မှု အများဆုံး ရရှိစေရန် လိုအပ်သော နိုက်ထရိုဂျင်ကို ကာမိစေရန် အရွက်ပေါ်မှ နိုက်ထရိုဂျင်ကို ကူညီဖြည့်တင်းရန် လိုအပ်နေကြောင်း ထင်ရှားလှပါသည်။ ၎င်းအပြင် ပဲမျိုးစုံအတွက် အရေးကြီးသော အနည်းလို အာဟာရဓာတ် တစ်မျိးမှာ ဘိုရွန်ခေါ် လက်ချားဓာတ် ဖြစ် သည်။
ဘိုရွန်ဓာတ်သည် မြေဆီလွှာအတွင်း မူလကတည်းက ပါဝင်မှု နည်းနေတတ်ပီး အများဆုံးရှိလျှင် မြေကြီး တစ်ကီလိုလျှင် ဘိုရွန် ၅ မီလီဂရမ်ခန့်သာ ပါဝင်တတ်သည်။ မြေ အချဉ်အငံဓာတ် (ပီအိတ်ချ်) နိမ့်သောမြေတွင် ရေစီးလျှင်အလွယ်တကူ ပါဝင် ဆုံံးရှုံးတတ်ပီး မြေအချဉ်၊ အငံဓာတ် မြင့်ပါက မြေတွင်တွဲကပ်နေပြီး အပင်မှ စုပ်ယူ၍ မရနိုင်တော့ပါ။ ထို့ကြောင့် ပဲစိုက်မြေ အများစုတွင် ဘိုရွန်ဓာတ် လျော့နည်း ချို့တဲ့နေတတ်သည်။ ဘိုရွန်ဓာတ် ချို့တဲ့နေပါက အပင်၏ ထိပ်ပိုင်း ဆဲလ်ပွားများမှု နည်းခြင်း၊ ပရိုတင်း တည်ဆောက်မှုနှေးကွေးစေခြင်း၊ အပွင့်၊ အသီးများ ကြွေခြင်းနှင့် ပန်းပွင့်၏ ဝတ်မှံုများ ရှင်သန်မှုကာလ တိုလာခြင်းတိ့ုကြောင့်ပဲအထွက်ကို လျော့နည်းစေနိုင်ပါသည်။
အထက်ဖော်ပြပါ အချက်များကို အခြေပြုလျက်စိုက်ပျိးရေး သုတေသနဦးစီးဌာန ရေဆင်းနှင့်နယ်သုတေ သနခြံများ တောင်သူ စိုက်ကွက်များပေါ်တွင် ၂၀ဝ၃ ခုနှစ်မှ စတင်၍ သုတေသန စမ်းသပ်မှုများ ဆောင်ရွက်ခဲ့ရာ ပဲမျိုးစုံ သီးနှံများဖြစ်သော ပဲတီစိမ်း၊ မတ်ပဲ၊ ပဲပုပ်နှင့် ပဲလွမ်း တိ့ုတွင် ပန်းပွင့်ချိန်မှ သီးကင်းဝင်စ အချိန်အထိ နိုက်ထရိုဂျင်နှင့် ဘိုရွန်ဓာတ်ကို အရွက်ပေါ်မှ ပန်းဖြိုင်ဖြိုင်ပွင့်ချိန် တစ်ကြိမ် ဖျန်းပေး ခြင်းဖြင့် အထွက်နှုန်း ၂၀ မှ ၄၀ ရာခိုင်နှုန်းအထိ တိုးလာကြောင်း ခိုင်လုံသော စမ်းသပ် တွေ့ရှိချက်များ ရရှိပြီးဖြစ်ပါသည်။
ဤစမ်းသပ်တွေ့ရှိချက်များပေါ် မူတည်ပြီးတောင်သူများ ကိုယ်တိုင် လိုက်နာ ဆောင်ရွက်နိုင်စေရန် လွယ်ကူပြီး ကုန်ကျစရိတ် ပိုမို သက်သာသော နည်းလမ်းများဖြင့် ဆက်လက် စမ်းသပ်ခဲ့ရာ တောင်သူများ၏ လက်တစ်ကမ်းတွင် ရှိနေသာ ပစ္စည်းများကို အသုံးပြု၍ တောင်သူ ကိုယ်တိုင် ဖျော်စပ် အသုံးပြုနိုင်သော အောက်ပါ နည်းလမ်းကို ရရှိလာခဲ့ပါသည်။
(က) ပါဝင္သည့် ပစ္စည်းများ- ယူရီးယား၊ လက်ချား (မိမိဒေသ ပရဆေးဆိုင်များတွင် ဝယ်ယူနိုင်ပါသည်) တစ်ဧက တစ်ကြိမ် ဖျန်းရန် အတွက် ယူရီးယား (၄) ပေါင်ခန့်နှင့် လက်ချား ဝ ဒသမ ၅ ပေါင်ခန့် လိုအပ်ပါသည်။
(ခ) ဖျော်စပ်နည်း- ရေတစ်ဂါလံလျှင် ယူရီးယား ဟင်းစားဇွန်း လေးဇွန်းခွဲနှင့် လက်ချားမှုန့် ဟင်းစားဇွန်း တစ်ဇွန်းကို ပျော်အောင် ဖျော်ပါ။
မှတ်ချက်။ ပရဆေးဆိုင်မှ လက်ချားအား အပူပေးပြီး ပေါက်ပေါက်ကဲ့သိ့ု ဖြစ်လာချိန် ဒလှိမ့်တုံးဖြင့် အမှုန့် ပြုလုပ်ပြီးမှ အသုံးပြုပါ။ (သို့မဟုတ်) လက်ချား အမှုန့်ကို ဝယ်ယူအသုံးပြုပါ။
ဖျန်းရန်အကြိမ်- ပန်းဖြိုင်ဖြိုင် ပွင့်ချိန် (၁) ကြိမ်။
ဖျန်းရန်ပမာဏ- တစ်ဧကလျှင် ရေ (၂၀) ဂါလံ။
ဖျန်းရန်အချိန်- နံနက်စောစော၊ ညနေစောင်း၊ နေအေးသော အချိန်။
ပဲမျိုးစုံ သီးနှံများအပေါ်အကျိုးသက်ရောက်မှု- ကုလားပဲ-၂၀% ၊ ပဲတီစိမ်း-၂၅%၊ မတ်ပဲ-၃၀%၊ ပဲပုပ်- ၄၀ % ပိုမိုထွက်ရှိနိုင်ပါသည်။
အကျိုးကျေးဇူးများ- ကုန်ကျ စရိတ်နှင့် လုပ်အားခ သက်သာခြင်း၊ အာဟာရဓာတ် ပါဝင်မှု သေချာခြင်း၊ ပန်းပွင့် များ၍ ပန်းပွင့် ကာလရှည်ခြင်း၊ သီးတောင့်များ၍ အစေ့ အရည်အသွေးကောင်းခြင်း၊ ပိုးမွှားရောဂါ ဒဏ်ခံနိုင်ရည်ရှိခြင်း။
တစ်ဧက ကုန်ကျစရိတ် (ခန်မှန်း)- လက်ချားအမှုန့်-၂၀ကျပ်သား x ၃၀ဝိ/= ၆၀ဝိ/-
ယူရီးယား(ပုလဲ)-၁ပိဿာ(၁)x ၁၀၀၀ိ/-= ၁၀၀၀ိ/- စုစုပေါင်း=၁၆၀ဝိ/-
ဖော်ပြပါ နည်းလမ်းသည် ကုန်ကျစရိတ် သက်သာပြီးအလွန် လွယ်ကူသော နည်းလမ်းဖြစ်သည့် အပြင်ပဲမျိုးစုံ အထွက်တိုးရေးအတွက် တောင်သူ ကိုယ်တိုင်ဖျော်စပ် အသုံးပြုနိုင်သော နည်းလမ်းကောင်းတခု ဖြစ် သည့်အပြင် အခြား သီးနှံများအတွက်လည်း အသုံးပြုနိုင်ပါသည်။
အစိမ်းရောင်လမ်း
မှတ်ချက်။ စိုက်ပျိုးရေးဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် www.doa.gov.mmမှ လက်ကမ်းစာစောင်အား ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။