လူသားများအတွက် အဓိကလိုအပ်ချက်မှာ စားနပ်ရိက္ခာဖြစ်သည်။ ကမ္ဘာ့နိုင်ငံ အသီးသီးတွင်လည်း စားနပ်ရိက္ခာဖူလုံရေးအတွက် သီးနှံစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထား ဆောင် ရွက်ကြသည်။ မြန်မာနိုင်ငံ GDP ၏ ၃၀ ရာခိုင်နှုန်းသည် စိုက်ပျိုးရေးစီးပွားရေး ဖြစ်သည်။ စိုက်ပျိုးရေးမှ နိုင်ငံလူဦးရေ၏ ၆၁.၂ ရာခိုင်နှုန်းနီးပါးကို အလုပ်သမားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများရရှိစေပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးနှင့် ဝင်ငွေတိုးတက်ရေးသည် အရေးကြီးပါသည်။ မြန်မာနိုင်ငံတွင် ကွဲပြားခြားနားသော ရာသီဥတုကြောင့် ကုန်ကြမ်းသီးနှံများ များစွာထုတ်လုပ်နိုင်သည်။ ပြည်တွင်းဈေးကွက်တွင် ရောင်းချသည့် ကုန်ကြမ်းသီးနှံများကို ပြုပြင်မွမ်းမံခြင်းမရှိဘဲ ထုပ်ပိုးထားပြီး ရောင်းချသော စိုက်ပျိုးရေးထွက်ကုန် အများအပြားရှိသည်။ အချို့သော ထုတ်ကုန်များ၏ အရည်အသွေးသည် နိုင်ငံခြား တင်ပို့ရန် တင်ပို့ကုန် ဈေးကွက်အတွက် လိုအပ်ချက်ရှိပါသေးသည်။
ထို့ကြောင့် နိုင်ငံခြားတင်ပို့ရန် အစားအစာ အရည်အသွေးနှင့် ဘေးကင်းမှု၊ စျေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းနှင့် ထုတ်လုပ်သူများအတွက် ရရှိသောအကျိုးအမြတ်များ ဝင်ငွေရရှိမှုတို့အတွက် ရိတ်သိမ်းချိန်လွန် စီမံခန့်ခွဲမှုများသည် အရေးကြီးသည့်ကဏ္ဍမှ ပါဝင်နေပါသည်။ ရိတ်သိမ်းချိန်လွန် စီမံခန့်ခွဲမှုများဟုဆိုရာတွင် ရိတ်သိန်းချိန်လွန်သာမက မရိတ်သိမ်းမီ သီးနှံအရည်အသွေးကောင်းရန် မျိုး ရွေးချယ်စိုက်ပျိုးခြင်း၊ မြေ အာဟာရ ပြည့်ဝစေရေး စီမံဆောင်ရွက်ခြင်း၊ ရေ ရရှိရေး ဆောင်ရွက်ခြင်းထို့အပြင် ရာသီမှန်အောင်လည်း စိုက်ပျိုးရန်လိုအပ်လျက်ရှိပါသည်။
ယခုအခါ အပူဒဏ်၊ အအေးဒဏ်ခံနိုင်သည့်မျိုးများ ရာသီမတိုင်မီ ထွက်နိုင်သည့်နည်းစနစ်များ၊ ရေငတ်ခံနိုင်မျိုးများ၊ ရာသီဥတုကို အံတု၍ နည်းမျိုးစုံကို တီထွင်လာကြပြီးဖြစ်ပါသည်။ ရိတ်သိမ်းချိန်လွန် အနေနှင့် ရိတ်သိမ်းချိန်လွန် ကိုင်တွယ်ထိန်းသိမ်းခြင်း၊ ရိတ်သိမ်းချိန်လွန် ထုတ်ပိုးခြင်း၊ သိုလှောင်ခြင်း၊ ပြုပြင်မွမ်းမံခြင်းတို့သည်လည်း အရေးကြီးပါသည်။ မြန်မာနိုင်ငံတွင် အဓိက စားသုံးသီးနှံမှာ ဆန်စပါးဖြစ်ပြီး ဒုတိယဆီထွက်သီးနှံနှင့် တတိယအနေနှင့် ဟင်းသီးဟင်းရွက် သစ်သီးဝလံများ စိုက်ပျိုးကြပါသည်။ ထိုသို့စိုက်ပျိုးကြရာတွင် ဟင်းသီး ဟင်းရွက်နှင့် သစ်သီးဝလံများ၏ လေလွင့်ဆုံးရုံးမှုမှာ ၃၀ မှ ၅၀ ရာခိုင်နှုန်းအထိ ရှိနေပါသည်။ ထိုသို့သော အခြေအနေကြောင့် နိုင်ငံတော်ဝင်ငွေကို လျော့ကျစေရုံသာမက အာဟာရချို့တဲ့မှုနှင့် လူမှုစီးပွားပြဿနာများကိုလည်း ဖြစ်ပေါ်စေပါသည်။ ထို့ကြောင့် စိုက်ပျိုးရေးထွက်ကုန်များ ရိတ်သိမ်းပြီးနောက်ပိုင်း ဆုံးရှုံးမှုလျှော့ချခြင်းသည် နိုင်ငံတွင်း စားနပ်ရိက္ခာ ဖူလုံမှုတိုးမြင့်လာစေရန် အဓိက ဆောင်ရွက်ချက်များထဲမှ တစ်ခုဖြစ်သည်။ အထူးသဖြင့် တောင်သူများ၊ ကုန်သည်များနှင့် စားသုံးသူများ အကျိုးစီးပွားအတွက် ပြည်သူများ ပူးပေါင်းပါဝင်လာစေရန် သုတေသနနှင့် တိုးချဲ့ပညာပေးရေးဆောင်ရွက်ချက်များကို ရေရှည်ဆောင်ရွက်ရမည်ဖြစ်သည်။
သို့ဖြစ်ပါ၍ ဟင်းသီးဟင်းရွက် သစ်သီးဝလံများ လေလွင့်ဆုံးရှုံးမှု လျှော့ချနိုင်ရေးအတွက် အရည်အသွေးမြှင့်တင်ရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ရေးကို ဦးစားပေး ဆောင်ရွက်ရန် လိုအပ်ပါသည်။ အရည်အသွေးမြင့်တင်ရေးဆိုရာတွင် အရည်အသွေးမကောင်းသည့် သီးနှံများကို အရည်အသွေးကောင်းစေရန် မြှင့်တင်ပေနိုင်သည်မဟုတ်ဘဲ သီးနှံတွင်ရှိနေသည့် အရည်အသွေးများ မကျဆင်းစေရန် ဆောင်ရွက်ခြင်းပင်ဖြစ်သည်။
သီးနှံအရည်အသွေး သာမက သီးနှံတွင်ပါဝင်နေသော အဆိပ်အထောက်များ မပါဝင်ရေးသည်လည်း အရည်အသွေးတစ်ခုဖြစ်ပါသည်။ ထိုသို့ သီးနှံအတွင်း အဆိပ်အထောက် မပါဝင်စေရန် မရိတ်သိမ်းမီ ဓာတုဆေးမျိုးစုံ ဆေးဖျန်းပြီး ရိတ်သိမ်းရန် စောင့်ဆိုင်းရမည့်ကာလကို မှန်မှန်ကန်ကန် စောင့်ဆိုင်း ရိတ်သိမ်းရန်လည်း အရေးကြီး ပါသည်။ ရိတ်သိမ်းပြီးနောက်ပိုင်းတွင်လည်း ရိတ်သိမ်းချိန်လွန်ကိုင်တွယ် ထိန်းသိမ်းရန် အသုံးပြုကြသည့် ဆေးများကို အချိုး မှန်မှန်ကန်ကန်ထည့်၍ စီရင်ဆောင်ရွက်ချက်များကို တိကျသေချာစွာ လိုက်နာဆောင်ရွက်ခြင်း အန္တရာယ် ဖြစ်စေနိုင်သည့် အချက်များကို ကြိုတင်ကာကွယ်ခြင်းတို့ကို ဆောင်ရွက်ထား ရှိရပါမည်။
သီးနှံများကို ဈေးကွက်၌ ရောင်းချရာတွင် စိုက်ခင်းထဲမှခူးပြီး တိုက်ရိုက်ရောင်းချကြသည်မှာ မြန်မာနိုင်ငံအနှံ့ ဈေးကွက်တိုင်းတွင် ရောင်းချကြသည်။ ထိုသို့ရောင်းချသည့်အခါ ရရှိသည့် ဈေးနှုန်းနှင့် ဆုံးရှုံးမှု၊ သီးနှံများကို သန့်စင်ပြီးထုတ်ပိုး၍ ရောင်းချရာတွင် ရရှိသည့် ဈေးနှုန်းနှင့် ဆုံးရှုံးမှုများမှာ ကွာခြားပါသည်။ သို့ဖြစ်ပါ၍ ရိတ်သိမ်းချိန်လွန် နည်းပညာဖြင့် အရည်အသွေး မြှင့်တင်ရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ရေးကို ဦးစားပေးဆောင်ရွက်ခြင်းဖြင့် တောင်သူများ ဆုံးရှုံးမှုလျော့နည်းနိုင်ပြီး ဈေးကွက်တစ်ခု ဖန်တီးနိုင်ကာ ဝင်ငွေလည်းပိုမိုရရှိနိုင်ပါသည်။ တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ရေး ဆောင်ရွက်ရာတွင် အားသာချက်များအနေနှင့် တစ်နှစ်ပတ်လုံး သီးနှံမျိုးစုံစိုက်ပျိုးနိုင်ခြင်းကြောင့် သီးနှံကုန်ကြမ်းမျိုးစုံ လုံလောက်စွာရရှိနိုင်ခြင်း၊ စားသောက်ကုန်လုပ်ငန်းနည်းပညာများကို စိတ်ဝင်စားမှုများပြား လာခြင်း၊ စားသုံးသူများအနေဖြင့် အသင့်စား အစားအစာကို သုံးစွဲ လိုသူ များပြားလာခြင်း၊ စက်ကိရိယာများ အဆင့်မြှင့်တင်နိုင်မည့် အလားအလာ ကောင်းများရှိခြင်း၊ လူနေမှု၊ စားသောက်မှုပုံစံ ပြောင်းလဲလာ၍ ဈေးကွက်ကျယ်ပြန့်လာခြင်း၊ ပြည်တွင်း/ ပြည်ပခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာခြင်း၊ နိုင်ငံတကာနှင့်ယှဉ်လျှင် လုပ်အားခဈေးနှုန်း သက်သာခြင်း၊ Online Platform အားကောင်းလာခြင်းကြောင့် ပြည်တွင်းထုတ်ကုန်များကို စားသုံးသူများ အလွယ်တကူဝယ်ယူရရှိနိုင်ခြင်းနှင့် နိုင်ငံတော်မှ အားပေးမှုများရှိလာခြင်းတို့ကြောင့် ကုန်ကြမ်းများကို ပြည်တွင်း၍ ဈေးနှုန်း သက်သာစွာ ဝယ်ယူ ရရှိနိုင်ပြီး တန်ဘိုးမြှင့် ထုတ်ကုန် ပိုမိုထုတ်လုပ်လာနိုင်မည် ဖြစ်ပါသည်။ အားနည်းချက်များအနေနှင့် အချို့သော ခေတ်မီနည်းပညာရရှိမှု အားနည်းနေခြင်း၊ တစ်နိုင်တစ်ပိုင် လက်ဖြစ်ကိရိယာများကိုအသုံးပြုပြီး စက်ယန္တရားအဟောင်းများနှင့် တစ်ပတ်ရစ်များကိုလည်းမှီခိုလုပ်ကိုင်နေရခြင်း စားသောက်ကုန် ထုတ်လုပ်ရန် အခြေခံအဆောက်အဦ (စက်ပစ္စည်း၊ ငွေကြေးအရင်းအနှီး၊ လျှပ်စစ်မီး၊ ကျွမ်းကျင်လုပ်သား၊ သယ်ယူပို့ဆောင်ရေး၊ စက်သုံးဆီ၊ စားသုံးဆီ) ဖွံ့ဖြိုးမှုအားနည်းခြင်း၊ ပြည်ပဈေးကွက် အပါအဝင် ခိုင်မာသည့်ဈေးကွက် ဖော်ဆောင်နိုင်မှု အားနည်းခြင်း၊ ထုပ်ပိုးပစ္စည်းနှင့် ခေတ်မီထုတ်ပိုးမှုပုံစံရရှိနိုင်မှု အားနည်းခြင်း၊ အရည်အသွေးပြည့်မီသော ကုန်ကြမ်း အလုံအလောက် ရရှိရန် ခက်ခဲခြင်း ကုန်ကြမ်း/ ကုန်ချော သိုလှောင်ထားရှိရန် ဂိုဒေါင်/ အအေးခန်းများမရှိခြင်း၊ GMP, GHP နည်းစနစ်များဖြင့် ဆောင်ရွက်မှုအားနည်းနေခြင်း၊ Risk Management Strategy ပြင်ဆင်မှု အားနည်းခြင်းနှင့် စုပေါင်းဆောင်ရွက်မှု အလေ့အကျင့် (Partnership, Collaboration) အားနည်း ခြင်း တို့ကိုတွေ့ရှိရပါသည်။ ဤသို့ အားနည်းချက် အားသာချက်များကို ကြည့်၍ လိုအပ်ချက် များကို ဖြည့်ဆည်း၍ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်စေရန် ဆောင်ရွက်ခြင်းဖြင့်လည်း တန်ဖိုးမြှင့်ထုတ်ကုန်များကို ထုတ်လုပ်၍ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာကာ ဝင်ငွေတိုးတက်စေမည်ဖြစ်ပါသည်။
အခွင့်အလမ်းများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာခြင်း/ ဝင်ငွေတိုးတက်လာခြင်း၊ နည်းပညာအလွယ်တကူ ရရှိနိုင်၍ အိမ်တွင်းမှု တစ်နိုင်တစ်ပိုင် လုပ်ကိုင်နိုင်မှု အခွင့်အလမ်းများရရှိခြင်း၊ ယှဉ်ပြိုင်နိုင်မှုစွမ်းရည် မြင့်မားတိုးတက်စေ၍ အလုပ်အကိုင် အခွင့်အလမ်း သစ်များနှင့်အတူ ဝင်ငွေတိုးတက် ရရှိလာစေခြင်း၊ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ထုတ်လုပ်မှု နည်းပညာအသစ်များကို လေ့လာနိုင်ခြင်း၊ Value Added Products များ ပိုမိုထုတ်လုပ်လာနိုင်၍ ပြည်ပသို့ တင်ပို့နိုင်သောအခွင့်အလမ်းများ ရရှိလာခြင်း၊ စားသုံးသူများ အနေဖြင့်လည်း ကျန်းမာရေးနှင့် ညီညွတ်သော အရည်အသွေးကောင်းမွန်သည့် စားသောက်ကုန်များကို ဝယ်ယူမှု တိုးတက်များပြားလာခြင်း စသည့် အခွင့်အလမ်းများရရှိနိုင်ပြီး စိတ်ခေါ်မှုများ အနေနှင့် စားသောက်ကုန်များ၏ အရည်အသွေးသည် ပြည်ပထုတ်ကုန်များနှင့် ယှဉ်ပြိုင်နိုင်ရန် လိုအပ်ချက် များခြင်း၊ ဈေးကွက်ချိတ်ဆက်မှုအားနည်းခြင်း၊ ငွေကြေးတည်ငြိမ်မှု မရှိခြင်းကြောင့် အရင်း/ အမြတ် ရရှိမှု တွက်ချက်ရန်ခက်ခဲခြင်း၊ ပြည်ပပို့ရန်အတွက် နိုင်ငံတကာ၏ စားသောက်ကုန် အရည်အသွေးသတ်မှတ်ချက် စံနှုန်းလက်မှတ်များ ရရှိရန်ခက်ခဲခြင်းတို့ကြောင့် မူဝါဒဆိုင်ရာပံ့ပိုးမှုများ ပိုမိုတိုးတက်ဆောင်ရွက်ရန် လိုအပ်လျက်ရှိပါသည်။
စားသောက်ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သင့်သည့် လုပ်ငန်းများအနေဖြင့် စားသောက်ကုန်ထုတ်လုပ်မှု လုပ်ငန်းများဆိုင်ရာ အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တစ်ပိုင်တစ်နိုင်လုပ်ငန်းများဖြစ် သည့်အလျှောက် အတိုးနှုန်း သက်သာမှုရှိသော ချေးငွေများ ရရှိစေရေး ဆောင်ရွက်ရန် လိုအပ်လျက်ရှိပါသည်။ စွမ်းဆောင်ရည်ကောင်းမွန်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအား နိုင်ငံတော်အသိအမှတ်ပြုဆုချီးမြှင့်ခြင်း ကိုဆောင်ရွက်ပေးရမည် ဖြစ်ပါသည်။ သို့မှသာ လုပ်ငန်းရှင်များအတွက် စိတ်ဓာတ်ခွန်အားကို မြှင့်တင်ပေးပြီး လုပ်ငန်းစွမ်းဆောင်ရည်ကို ပိုမိုယှဉ်ပြိုင်လုပ်ကိုင်လိုစိတ်များ တိုးပွားလာမည်ဖြစ်ပါသည်။ စားသောက်ကုန်ထုတ်လုပ်မှု လုပ်ငန်းများဆိုင်ရာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ၏ ထုတ်ကုန်ပြပွဲများ ပြုလုပ်ပေးခြင်းအပြင် စားသောက်ကုန် ထုတ်လုပ်မှုလုပ်ငန်း များဆိုင်ရာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ အတွက် ပြိုင်ပွဲများ နှင့် အသိပညာပေး စကားဝိုင်းများ ကျင်းပခြင်းများကိုလည်း ကျင်းပပြုလုပ်ပေးသင့်ပါသည်။ ဌာနဆိုင်ရာများ၊ ပုဂ္ဂလိကလုပ်ငန်းရှင် များနှင့် ကွင်းဆက်တစ်လျှောက် ပတ်သက်သူများအားလုံး ပူးပေါင်းဆောင်ရွက်မှု အားကောင်း ရန်လိုအပ်လျက်ရှိပါသည်။ နည်းပညာသင်တန်းပေးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင်လည်း GMP, GHP သင်တန်း များအပြင် အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေး သင်တန်းများ၊ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါသည်။ ထို့အပြင် ထုတ်လုပ်မှုနည်းပညာ မြှင့်တင်ရေးသင်တန်းများနှင့် ထုတ်ကုန်များ ဈေးကွက်နှင့် ချိတ်ဆက်နိုင်ရေး သင်တန်းများပေးရန် လိုအပ်လျှက်ရှိပါသည်။ ပြည်တွင်း မိရိုးဖလာ စားသောက်ကုန်များကို ခေတ်မီသော ထုတ်ပိုးမှုပုံစံများဖြင့် ပိုမိုဆန်း သစ်သော စားသောက်ကုန်များ အဖြစ် တီထွင် ဖန်တီးထုတ်လုပ်ရမည်ဖြစ်ပြီး နိုင်ငံတကာ အသိအမှတ်ပြု အရည်အသွေး စံ သတ်မှတ်ချက်များ ရယူ၍ ပြည်ပသို့စားသောက်ကုန်များ ပိုမိုပို့ဆောင်နိုင်ရန် ထိုးဖောက် ဆောင်ရွက် မည်ဖြစ်သည်။
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိက အားဖြင့် ပြည်တွင်းမှထွက်ရှိသည့်ကုန် ပစ္စည်း များကို အရည်အသွေးမီမီ၊ အဆင့်အတန်းမြင့်မြင့် ထုတ်လုပ်ပြီး ပြည်ပသို့တင်ပို့နိုင်ရေး ကြိုးစားကြရမည်ဖြစ်သည်။ ထို့ကြောင့် ပိုမိုထိရောက်သော စျေးကွက်အခြေခံအဆောက်အအုံနှင့် ဖြန့်ဖြူး ရေးလမ်းကြောင်းများ ရရှိစေရန် ရိတ်သိမ်းပြီးနောက်ပိုင်း စက်ရုံများကို ခေတ်မီတိုးတက်အောင် ဆောင်ရွက်ပြီး သီးနှံမျိုးစုံ၊ ဆန်စပါးနှင့် ဆီထွက်သီးနှံများ အတွက် ရိတ်သိမ်းချိန်လွန် စီမံခန့်ခွဲခြင်း၊ အရည်အသွေးတိုင်းတာခြင်း အစားအစာဘေးကင်းလုံခြုံမှု ဆိုင်ရာသုတေသနလုပ်ငန်းများနှင့် တန်ဖိုးမြင့်ထုတ်ကုန်များ စမ်းသပ်ခြင်းတို့ကို ဆောင်ရွက်ပြီး သုတေသနဌာန များမှ စုစည်းထားသော သုတေသန ကြိုးပမ်းမှုများမှ တစ်ဆင့် လယ်သမားများ၊ ထောက်ပံ့ ရေးကွင်းဆက် တစ်လျှောက် ပါဝင်လုပ်ငန်းဆောင်ရွက်သူများ၊ MSMEs များနှင့် သက်ဆိုင်သူ အားလုံး အတွက် အလွန်အကျိုး ကျေးဇူးများစွာရရှိမည်ဖြစ်ပြီး ရိတ်သိမ်းပြီးနောက်ပိုင်း လယ်ယာထွက်ကုန်များ ဆုံးရှုံးမှုပြဿနာများကိုလည်း ဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။