ပဲတီစိမ်း ရိတ်သိမ်းချိန်လွန်နည်းပညာ

ko khun     07/05/2019 10:27 AM     Content Provider - Greenovator
Photo - photo - shutter stock

ပဲတီစိမ်းသည် မြန်မာနိုင်ငံ၌ အရေးပါသော သီးနှံတစ်ခုဖြစ်သည်။ လွန်ခဲ့သော နှစ်များစွာကပင် စိုက်ပျိုးထုတ် လုပ်ခဲ့ပြီး ယနေ့တိုင် ထင်ရှားသော သီးနှံဖြစ်သည်။ အိန္ဒိယနှင့် ဗဟိုအာရှတို့သည် ပဲတီစိမ်း၏ မူလပေါက်ရောက် ရာဒေသများဖြစ်သည်။ အသားဓါတ်သည် ၂၅ ရာခိုင်နှုန်းပါဝင်ကာ အခြားအနှံထွက် သီးနှံများထက် ၃ ဆ ပိုများသည်။ လူနှင့်တိရစ္ဆန်များအတွက် အရေးပါသလို မြေဆီအလွှာအတွက်လည်း အာဟာရ ထည့်သွင်းပေး သည့် သီးနှံဖြစ်သည်။ ရေငတ်ဒဏ်ခံနိုင်သလို သီးထပ် သီးညှပ် စိုက်ပျိုးလို့ကောင်းသည့် အပင်မျိုးအစားလည်း ဖြစ်သည်။ 

စိုက်ပျိုးထုတ်လုပ်ခြင်း

မြန်မာနိုင်ငံတွင် မိုးနှင့်ဆောင်းတွင် စိုက်ပျိုးကြပြီး စိုက်ပျိုးဧက ပေါင်း ၃ သန်းခန့်ရှိသည်။ အောက်တိုဘာလတွင် ဆောင်းပဲအဖြစ်စိုက်ပျိုးပြီး သြဂုတ်လတွင် မိုးပဲအဖြစ်စိုက်ပျိုးကြသည်။ ကချင်၊ ကရင်၊ ကယား၊ စစ်ကိုင်း၊ ပဲခူး၊ မန္တလေး၊ မကွေး၊ မွန်၊ ရှမ်း၊ ရန်ကုန်နှင့် ဧရာဝတီတို့တွင် များစွာစိုက်ပျိုးကြသည်။ ဒေသအလိုက် တောင်ငူပဲ၊ ပခုက္ကူပဲ၊ အညာပဲ၊ ပဲတီ ဆိုပြီ စျေးကွက်တွင် သီးခြားအမည်များ ရှိသည်။ ရေဆင်း-၁ (ပဲတီရွှေဝါ)၊ အညာရွှေဝါ၊ ရေဆင်း-၉၊ ရေဆင်း-၁၁၊ ရေဆင်း-၁၄၊ စိုက်ပျိုးရေး-၁ ၊ ရေဆင်း -၃၊ ရေဆင်း၅၊ ပုလဲထွန်း စသည့်မျိုးများကို အများစု စိုက်ပျိုးကြသည်။ ၎င်းမျိုးများသည် သီးတောင့် အရေအတွက်များခြင်း၊ အပင်ပုခြင်း၊ အပင်အုပ်စိုင်း ခြင်း၊ အသေအပျောက်နည်းခြင်း၊ ရောဂါဒဏ်ခံနိုင်ခြင်း၊ ဈေးကွက်ဝင်မှုတို့ကြောင့် တောင်သူများ ကြိုက်နှစ်သက် ကြသည်။ စိုက်ပျိုးထွက်ရှိသည့် ပမာဏ၏ ၉၀ ရာခိုင်နှုန်းခန့်အား အိန္ဒိယ၊ တရုတ်၊ ယူအေအီး၊ မလေးရှား၊ အင်ဒိုနီးရှား စသည့်နိုင်ငံများသို့ တင်ပို့ရောင်းချကြသည်။ 

ရိတ်သိမ်းပြီးနောက်ပိုင်း စီမံဆောင်ရွက်မှု

ရိတ်သိမ်းပြီးနောက်ပိုင်း ချွေခြင်း၊ လှေ့ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ အရွယ်အစားခွဲခြင်း၊ အိတ်သွတ်ခြင်း၊ သိုလှောင်ခြင်း ပြုလုပ်သည့်ကာလများတွင် အရေအတွက်အားဖြင့် လျော့နည်းမှုများ၊ အရည်အသွေးကျဆင်းမှု များ ဖြစ်ပွားလေ့ရှိသည်။ ထို့ကြောင့် အရေအတွက်ရော အရေအသွေးပါ ကျဆင်းသွားမှုမျိုး မရှိရလေအောင် ရိတ်သိမ်းပြီးနောက်ပိုင်း ဆောင်ရွက်မှုများကို ကောင်းစွာဂရုစိုက်လုပ်ဆောင်ရန် လိုအပ်ပါသည်။ စိုက်ပျိုးသည့် တောင်သူများသည် ဤလုပ်ဆောင်မှုများ ဆောင်ရွက်ရာတွင် ၂.၃၉ ရာခိုင်နှုန်းခန့် ဆုံးရှုံးသည်ဟု သုတေသန အချက်အလက်များမှ သိရသည်။

ရိတ်သိမ်းပြီးနောက် အဆင့်လိုက်ဆုံးရှုံးမှုများ 

ဤကဲ့သို့ ဆုံးရှုံးမှုများကို အဆင့်လိုက် လျော့နည်းအောင် ဆောင်ရွက်နိုင်ပါသည်။ 

၁။ ချွေခြင်းနှင့် လှေ့ခြင်း

ဤလုပ်ငန်းစဉ်များ ဆုံးရှုံးမှုများမှာ ၀.၆၃နှင့် ၀.၆၁ ရှိကြသည်ကို တွေ့မြင်ရမည် ဖြစ်သည်။ ၎င်းတို့ကို လျော့ ချနိုင်ရန် စိုက်ပျိုးသူတောင်သူများအနေဖြင့် ချွေခြင်းလှေ့ခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် နေရာတသတ်မတ် တည်းထားကာ ခိုင်ခံမှုရှိသည့် အဆောက်အဦများတွင် ဆောင်ရွက်ရန်လိုသည်။ ဥပမာ - ကွန်ကရစ်တလင်းပြင်။ ဤလုပ်ငန်းများကို မြန်နိုင်သမျှ မြန်မြန်ဆောင်ရွက်ရန် လိုသည်။

၂။ သယ်ယူပို့ဆောင်ခြင်း

ဤအဆင့်များတွင်လည်း စိုက်ခင်းမှ ချွေလှေ့သည့်နေရာသို့ သယ်ရာတွင် ၀.၆၇ ရာခိုင်နှုန်းနှင့် ၎င်းနေရာမှတဆင့် သိုလှောင်သည့်နေရာသို့ သယ်ဆောင်ရာတွင် ၀.၂၉ ရာခိုင်နှုန်း ဆုံးရှုံးနေပြန်သည်။ ၎င်းတို့ကို လျော့ချနိုင်ရန် သေချာထုပ်ပိုးပြီး ကောင်းမွန်သည့် သယ်ယူရေးယာဉ် တစ်မျိုးမျိုးကို အသုံးပြုကာ မြန်မြန်လုပ်ရန် လိုအပ်သည်။

၃။ သိုလှောင်ခြင်း

တောင်သူအဆင့် ယာယီသိုလှောင်မှုတွင် ၀.၂၉ ရာခိုင်နှုန်းဆုံးရှုံးပြီး နောက်ဆုံး စားသုံးသူအထိ ဆုံးရှုံးမှုများ ၇.၅ ရာခိုင်နှုန်းထိရှိသည်။ ညံ့ဖျင်းသော သိုလှောင်မှု၊ ထုတ်ပိုးမှုများကြောင့် ဖြစ်သည်။ အရေအတွက်မှာလဲ လျော့နည်း ဆုံးရှုံးသလို အရည်အသွေး ပျက်ဆီးများ သည်များလဲ ပါဝင်သည်။ ဥပမာ − ဖိတ်စင်မှု၊ ပုပ်သိုးမှု၊ ရောဂါကျရောက် မှု၊ အင်းဆက်ဖျက်ဆီးမှု၊ ကြွက်ငှက်များဖျက်ဆီးမှု စသည်တို့ပါဝင်သည်။ သိပ္ပံနည်းကျ သိုလှောင်သိမ်းဆည်း ထုတ်ပိုးမှသာ ဆုံးရှုံးမှုများကို ကာကွယ်နိုင်မည်။ 

၄။ ကြိတ်ခွဲခြင်း

ဤလုပ်ငန်းတွင် အခွံချွတ်ခြင်း၊ သန့်စင်ခြင်း၊ ကြိတ်ခွဲခြင်း၊ အတန်းအစား ခွဲခြားခြင်း၊ အမှုန့်ပြုလုပ်ခြင်းစသည့် လုပ်ငန်းများ ပါဝင်သည်။ ဤလုပ်ငန်းစဉ်များ အားလုံးပေါင်းတွင် ၁ ရာခိုင်နှုန်း ခန့်ဆုံးရှုံးသည်။ ဤဆုံးရှံးမှုများကို လျော့ချရန် ကောင်းမွန်သော ခေတ်မီသော ကြိတ်ခွဲစက်များကို အသုံးပြုပြီးဆောင်ရွက်သင့်သည်။

အောက်ပါအချက်များကို လိုက်နာခြင်းဖြင့် ရိတ်သိမ်းပြီးနောက်ပိုင်း ဆုံးရှုံးမှုများကို ကာကွယ်နိုင်မည်။

 သေချာရင့်မှည့်သည့် အချိန်မှသာ ရိတ်သိမ်းပါ။

 ကောင်းမွန်သည့် ရိတ်သိမ်းနည်း စနစ်ကိုအသုံးပြုပါ။

 ချွေခြင်းလှေ့ခြင်းဆောင်ရွက်ရာတွင် ခေတ်မီပါစေ။

 လုပ်ငန်းစဉ်တိုင်းတွင် အဆင့်မြင့်ဆောင်ရွက်ပါ။

 သန့်စင်ပြီး၊ သေချာအတန်းအစား ခွဲခြားပြီးမှ ရောင်းချပါ။

 ကောင်းမွန်သော သိုလှောင်အိတ်များ အသုံးပြုကာ ဂရုတစိုက်သယ်ဆောင်ပါ။

 သိုလှောင်ရုံသည် ကောင်းမွန်ပါစေ။

 အိတ်များ သယ်ယူရာတွင် ချိတ်များ အသုံးပြု၍ အတင်အချ မပြုလုပ်ရပါ။

ရိတ်သိမ်းရာတွင် စဉ်းစားရမည့်အချက်များ

 ပဲတီစိမ်း၏ အကောင်းဆုံးအရည်အသွေးနှင့် စားသုံးသူလက်ခံနိုင်သော အရည်အသွေးရှိသော ရင့်မှည့်မှုရှိသည့် အချိန်တွင် ရိတ်သိမ်းပါ။

 စောပြီးရိတ်သိမ်းပါက လုံးပိန်လုံးညှပ်များ၊ အရည်အသွေးမကောင်းသော အစေ့များပါဝင်ကာ သိုလှောင်စဉ်တွင်လဲ အလွယ်တကူ ပုပ်သိုးနိုင်သည်။

 နောက်ကျမှ ရိတ်သိမ်းပါက သီးတောင့်များကွဲကာ အစေ့များထွက်ကျခြင်း၊ ကြွက်နှင့် ငှက်များ သောင်းကျန်းခြင်းကြောင့် ဆုံးရှုံးမှု များမည်ဖြစ်သည်။

 သီးတောင့်များ ၈၀ ရာခိုင်နှုန်း ရင့်မှည့်သည့် အချိန်သည် ရိတ်သိမ်းရန် အကောင်းဆုံး အချိန်ဖြစ်သည်။

 ရာသီဥတုဆိုးရွားချိန်များတွင် ရိတ်သိမ်းရန် မသင့်လျော်ပါ။

 မှန်ကန်သည့် ရိတ်သိမ်းကိရိယာများကိုသာ အသုံးပြုရန် လိုသည်။

 ရိတ်သိမ်းချိန်မတိုင်မီတွင်လည်း အင်းဆက်များ ကင်းဝေးဖို့လိုသည်။

 မရိတ်သိမ်းမီတွင်လည်း အခြားမျိုးကွဲများရှိပါက နှုတ်ပစ်ပါ။

 ရိတ်သိမ်းပြီးသော အစည်းများကို အမြီးပြန်ခေါင်းပြန် မထားရပါ။

 ရိတ်သိမ်းပြီးခြင်း တလင်းတွင် နေလှန်းပါ။

 နေလှန်းပြီးပါက ရိတ်ထုံးများကို သန့်ရှင်း၊ ခြောက်သွေ့ပြီး လေဝင်လေထွက်ကောင်းသော နေရာတွင် အတန်းလိုက် စနစ်တကျထားပါ။

 ရိတ်သိမ်းပြီး အချိန်တွင်လဲ အခြားမျိုးများနှင့် ရောမထားရပါ။

အမျိုးအစား(သို့)အတန်းအစား ခွဲခြားခြင်း

အမျိုးအစားခွဲခြားခြင်းသည် သတ်မှတ် အရည်အသွေးအလိုက် တူညီသည့်အရာများကို စုစည်း လိုက်ခြင်းသာ ဖြစ်သည်။ မတူညီသော တောင်းဆိုချက် လိုအပ်ချက်များအလိုက် အတန်းအစား ခွဲရသည်။

 အမျိုးအစားခွဲခြင်းဖြင့် စိုက်ပျိုးသူ၊ အရောင်းအဝယ်ပြုလုပ်သူနှင့် စားသုံးသူများတွင် အကျိုးများသည်။

 တောင်သူများအနေဖြင့် မရောင်းချမီ အမျိုးအစား ခွဲခြားခြင်းပြုထားပါက စျေးကောင်းရသည်။

 အမျိုးအစားခွဲခြင်းဖြင့် စားသုံးသူသည် သင့်တော်သောစျေးဖြင့် သတ်မှတ်အရည်အသွေးရှိသော ပဲကိုရ သည်။

 အမျိုးအစားခွဲခြင်းဖြင့် အဝယ်တော်များသည် ဈေးနှုန်းနှင့် ပစ္စည်းကို ကောင်းစွာ ရွေးချယ်ဝယ်ယူလာ နိုင်သည်။

 အမျိုးအစားခွဲခြင်းဖြင့် သီးနှံအရည်အသွေးများမှာ စံသတ်မှတ်ချက်များနှင့်အတူ ယုံကြည်မှု ပိုလာသည်။ ဈေးကွက်ထိုးဖောက်နိုင်စွမ်းအား ပိုကောင်းလာသည်။

နိုင်ငံခြားတင်ပို့သည့် အရည်အသွေး သတ်မှတ်ချက်များ

၁။ ဖုန်၊ သဲ၊ ခဲ၊ အမှိုက်ပါဝင်မှု ၁%

၂။ အရောင်မညီ အကျိုးအပဲ့ ၄%

၃။ အခြားမျိုးကွဲပါဝင်မှု ၁%

၄။ မျိုးရောပါဝင်မှု ၂%

၅။ အစိုဓါတ် ၁၄%

သီးနှံ၏ အလေးချိန်အလိုက် အများဆုံးပါဝင်နိုင်မှုများကို ဖော်ပြထားသည်။ ပဲတီစိမ်း၊ ပဲတီရွှေဝါတို့၏ အစိုဓါတ် ပါဝင်မှု ၁၄ ထိသာ ခွင့်ပြုထားသော်လည်း အညာရွှေဝါမျိုးအား ၁၅ ရာခိုင်နှုန်းထိ ခွင့်ပြုထားသည်။ ယူရစ် အက်ဆစ်အား ပဲ ၁ကီလိုဂရမ်တွင် ၁၀၀ မီလီဂရမ်ထိ ခွင့်ပြုထားပြီး အယ်ဖလာတောက်စင် မှိုဆိပ်အား ၃၀ မိုက်ခရိုဂရမ်ထိသာ ခွင့်ပြုထားသည်။

ကိုခွန် (စိုက်ပျိုးရေး)

ကိုးကား

၁။ www.commerce.gov.mm

၂။ post harvest profile of green gram, India

၃။ www.mpbsma.org

၄။ postharvest-wikipedia 

 



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  စကားပုံ  

"ရေတစ်အိုး မိုးတစ်ပေါက်"