ကြိုတင်သတိပြုဖွယ် ကန္တာရနှံကောင်အန္တရာယ်

06/06/2020 10:30 AM တွင် ဒေါက်တာကိုကို ဒေါက်တာကိုကို မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

#နိဒါန်း

 လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ကမ္ဘာ့ စိုက်ပျိုး ထုတ်လုပ်ရေးကို ခြိမ်းခြောက်လာသည့် အင်းဆက် တစ်မျိုးရှိပါသည်။ ထိုအင်းဆက်မှာ မြန်မာလူမျိုးအများစုက ကျိုင်းကောင်ဟု ခေါ်လေ့ရှိ သော အင်္ဂလိပ်လို (Locust) ဟု ခေါ်သည့် အင်းဆက် ဖြစ်ပါသည်။ အမှန်တွင် ထို အင်းဆက်သည် ကျွန်ုပ်တို့ တွေ့နေကျ နှံကောင် (Grasshopper) အမျိုးအစားဖြစ်ပြီး မျိုးရင်း (Orthoptera) ဖြစ်ကာ မျိုးရင်း (Coleoptera) တွင် ပါဝင်သော ကျိုင်းကောင် (Beetle) အမျိုးအစား မဟုတ်ပါ။ ဤနှံကောင်များသည် ပြောင်းလဲနေသောပတ်ဝန်းကျင်နှင့် ကောင်းမွန်စွာ လိုက်လျော ညီထွေ နေထိုင်နိုင်ပြီး ၄င်းတို့သားပေါက်သောနေရာတွေဆီသို့ ကီလိုမီတာ ရာပေါင်းများစွာမှ ထောင်ပေါင်း များစွာအထိ ပျံသန်းနိုင်ကြပါသည်။

#နှံကောင်မျိုးစိတ်များ

ကမ္ဘာပေါ်တွင် စိုက်ပျိုးသီးနှံများကို စီးပွားရေးအရ ဆုံးရှုံးစေသော နှံကောင် (၁၆) မျိုး ရှိပြီး အာရှတိုက် တွင် ကျူးကျော်နှံကောင် (Migratory Locust)၊  အရှေ့တောင်အာရှတွင် ဘုံဘေနှံကောင် (Bombay Locust)၊ အင်ဒိုင်ချိုင်းနားကျွန်းဆွယ်နှင့် လာအိုနိုင်ငံများတွင် ကျောရိုးဝါ ဝါးနှံကောင် (Yellow-spined Bamboo Locust) နှင့် ဗဟိုအာရှတွင် အီတလီ နှံကောင် (Italian Locust) နှင့် သစ်ပင် နှံကောင် (Tree Locust) ကျရောက် ဖျက်ဆီး လေ့ရှိပါသည်။

#စတင်ပျံ့နှံ့ပုံ

ဤနှံကောင်သည် ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်အတွင်းတွင် ပင်လယ်နီတစ်လျှောက်၊ ယီမင်နိုင်ငံ နှင့် အိုမန်နိုင်ငံတို့တွင် အစပြု ကျူးကျော် ဝင်ရောက်လာကြပါသည်။ ၂၀၁၈ ခုနှစ် လူဘန် ဆိုင်ကလုံး မုန်တိုင်းတိုက်ပြီး မိုးကျသောအခါ သီးနှံပင်များ ပေါက်လာခြင်းသည် ၄င်းတို့အတွက် စားစရာအစာ နှင့် မျိုးပွားစရာ ရရှိလာကာ တွေ့သမျှ သီးနှံများကို အငမ်းမရ စားသောက် ကြပါတော့သည်။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရရီလမှစပြီး ဤနှကောင်များသည် ပင်လယ်နီတစ်လျှောက်ရှိ အာရတ်ကျွန်းဆွယ်၊ အီရန်နိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့အထိတိုင် ပျံ့နှံ့လာကြပါသည်။ ၂၀၁၉ ခုနှစ်၊ ဇွန်လတွင် ဤနှံကောင်များသည် ပင်လယ်နီကိုဖြတ်ပြီး အာဖရိကသို့ စတင် ပျံ့နှံ့လာကြပါသည်။

ထို့နောက် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် ရေလွှမ်းခံခဲ့ရသော ဆိုမာလီယာ မြောက်ပိုင်းနှင့် အီသီယိုပီးယားနိုင်ငံ တို့ဆီသို့ ကျူးကျော်ဝင်ရောက်လာပြီး ထိုနေရာများတွင်မျိုးပွားကာ ကင်ညာနိုင်ငံသို့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ကတည်းက ရောက်ရှိခဲ့ပါသည်။

ယခုအခါတွင် တန်ဇန်းနီးယားနိုင်ငံ၊ ယုဂန္ဓာနိုင်ငံနှင့် တောင်ဆူဒန်နိုင်ငံတို့ကို ပျံ့နှံ့လျက်ရှိပါသည်။ အရှေ့အာရှရှိ အိန္ဒိယနိုင်ငံနှက် ပါကစ္စတန်နိုင်ငံ တို့တွင်လည်း ဤနှံကောင်အတွက် စိုးရိမ်စရာ ဖြစ်လာလျက်ရှိပါသည်။

ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့အစည်း (FAO) ၏ အဆိုအရ ဤနှံကောင်အရေအတွက်သည် ၂၀၂၀ပြည့်နှစ်၊ ဇွန်လတွင် အဆ (၅၀၀) တိုးလာနိုင်သည်ဟု ခန့်မှန်းထားပါသည်။

#ဖျက်ဆီးပုံအလေ့အထ

ဥရောပတိုက်၊ အာရှတိုက်တို့၏ အလွန်အေးသော ဒေသများကလွဲ၍ အပူလျော့ပိုင်း ဒေသများတွင် ဤနှံကောင်များ၏ ဖျက်ဆီးမှုဒဏ်ကို ရှေးပဝေသဏီကတည်းကပင် အကြိမ် များစွာ ခံခဲ့ရဖူး ပါသည်။   ဤနှံကောင်များသည် အပင်နု၏ အရွက်များကို စားလေ့ရှိပါသည်။  စားသောက် သွားလာပုံ ဖျတ်လတ်သည့်အပြင် အုပ်စုလိုက် ဖျက်ဆီးတတ်သောကြောင့် သီးနှံပင်များနှင့် စိမ်းလမ်း စိုပြည်နေသော လယ်ယာစိုက်ခင်းကြီးများသည် တစ်ခဏတာအတွင်း တစ်ကွင်းလုံး ပြောင်တလင်းခါ ဖြစ်သွားပါသည်။ ဤနှံကောင်များကြောင့် ကမ္ဘာအရပ်ရပ် တွင်  သီးနှံပင်များ ပျက်စီးခဲ့ရပါသည်။

နှံကောင်အမတို့သည် ဥများကို မြေလွှာအတွင်းမှာ ဥ (၂ဝ) မှ (၁ဝဝ) အထိ အစုလိုက် အုလေ့ ရှိကြပါသည်။ နွေးသောဒေသများတွင် (၁ဝ) ရက်မှ ရက် (၂ဝ) အတွင်း ဥမှ အကောင်ပေါက် လာပြီး အေးသော ဒေသများတွင် ဆောင်းတွင်းတစ်တွင်းလုံး အကောင် မပေါက်ဘဲ နေတတ်ပါသည်။ ဆောင်းကုန်သောအခါ ထိုဥများထဲမှ ပိုးကောင် ကလေးများ ပေါက်လာ ကြပါသည်။

 အတောင်မစုံသေးသော ထိုပိုးကောင် ကလေးများသည် တွား၍ ဖြစ်စေ၊ ခုန်၍ဖြစ်စေ သွားလာ စားသောက်ရင်း အရေခွံလဲကာ လျင်မြန်စွာ ကြီးပြင်း လာကြပါသည်။ အရေခွံ  (၅) ကြိမ်  (၆)  ကြိမ်လောက် လဲပြီး သီတင်းပတ် (၅) ပတ်  (၆) ပတ်ခန့် ကြာသောအခါ  အရွယ်ရောက် နှံကောင်ကြီး များ ဖြစ်လာကြပါတယ်။ သီးနှံပင်များကို အင်္ဂါစုံ နှံကောင်များ က သာမက ၄င်းတို့က ပေါက်ပွားလာကြသော အတောင်မပေါက်သေး သော ပိုးလောင်းကလေးများကလည်း ကိုက်ဖြတ် စားသောက်ကြသည်။

#ကာကွယ်နှိမ်နင်းနည်း

ဤနှံကောင်များကို ကျရောက်လာမှ ကာကွယ်နှိမ်နင်းခြင်းသည် အချည်းနှီးသာ ဖြစ်သည်။ မပေါက်ပွားမီအချိန်နှင့် ကြီးပြင်းဆဲ အချိန်များ တွင် ကြိုတင်သုတ်သင်ပစ်ခြင်းဖြင့် သာလျှင် ၄င်းတို့၏ ဘေးအန္တရာယ်ကို ကာကွယ်နိုင်ပါသည်။ ယခင်က အချို့အရပ်ဒေသများ တွင် နှံကောင်များ လာမည့် လမ်းတွင် ကျင်းနက်နက် တူးထား ပြီးနောက် ကျင်းထဲကျလာသော နှံကောင်များကို မြေဖို့ပစ်နည်း သို့မဟုတ် မီးရှို့ပစ် နည်းတို့ဖြင့် နှိမ်နင်းဖူးပါသည်။

သို့ရာတွင် အဆိုပါနည်းသည် တရွေ့ရွေ့တွားပြီး ခုန်ပြီး လာကြ သော ပိုးလောင်းကလေးများ ကိုသာ နှိမ်နင်းနိုင်၍ ပျံသန်းနိုင်သော နှံကောင်ကြီးများကိုကား မနှိမ်နင်းနိုင်ချေ။ ယခုခေတ်တွင်မူ နှံကောင်များ ဥချပြီးချိန်တွင် မြေကို ကောင်းကောင်း ထွန်ပေးခြင်းဖြင့် ထိုဥများကို ဖျက်ဆီး ပစ်ကြပါသည်။ နှံကောင် ကလေးများ ပေါက်ပွားချိန်တွင် ဒလိမ့်လှိမ့်၍လည်း ဖျက်ဆီးပစ် ကြပါသည်။

အချို့နိုင်ငံများတွင် ဤနှံကောင်များမလာနိုင်ရန် ကာကွယ်လိုသော အပင်များ၏ အရွက် မျက်နှာပြင် နှစ်ဖက်စလုံးပေါ်ကို ကြက်သွန်ဖြူ ပိုးသတ်ဆေးရည်ဖြင့် ပက်ဖျန်းခြင်း၊ ဂျုံမှုန့်များကို အပင်များ၏ အရွက် ပေါ်ကို ပါးပါးလေးပက်ခြင်း၊ ဤနှံကောင်များကို စားသော ပျံလွှားငှက်များ နားနေနိုင်ရန် စိုက်ခင်းအနီး ငှက်နားကိုင်းပြုလုပ်ပေးခြင်း၊ ဤနှံကောင်များ၏ သဘာဝရန်သူ ရှိခိုးကောင်များကို ပွားများအောင် ပြုလုပ်ခြင်း၊ ဤနှံကောင်များကို ကောက်ယူ စားသောက် စေရန် ကြက်/ဘဲ လွှတ်ကျောင်းခြင်း၊ထောင်ချောက်သီးနှံအဖြစ် စိုက်ခင်းအနီး မြက်ရှည်ပင် များ စိုက်ပျိုးခြင်းတို့ကို ပြုလုပ်ကြပါသည်။ ဇီဝပိုးသတ်ဆေး မက်တာရိုက် ဇီယမ် အနီဆိုဖီလေး (Metarhizium anisophilae)ဖြင့်လည်း ဤ နှံကောင် ကို ကာကွယ်နှိမ်နင်း နိုင်ပါသည်။

#နိဂုံး

ကန္တာရနှံကောင်များကို အစတုံး မျိုးပြုတ်အောင် ဖျက်ဆီးပစ်ရန်မှာ ယနေ့အထိ မဖြစ်နိုင်သေးပါ။ ထို့ကြောင့် မိမိတို့နိုင်ငံအနေဖြင့် အတွေ့အကြုံရှိပြီး နိုင်ငံများ၏ ကာကွယ်နှိမ်နင်းရေး ဥပမာများ အား နမူနာ ယူရပါမည်။

ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့အစည်း၏ နှံကောင်လုပ်ငန်း က ကူညီပံ့ပိုးထားသော ကန္တာရနှံကောင်တည်ရှိရာပြမြေပုံ (Mapping) တွင် ဤနှံကောင်များသည် ၂၀၂၀ ပြည့်နှစ်၊ မတ်လနှင့် ဇွန်လအတွင်းတွင် ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံတို့တွင် သားပေါက်ဖို့ရှိပါသည်။ မြန်မာနိုင်ငံ အနေဖြင့် နယ်နိမိတ်ချင်းထိစပ်နေသော အိန္ဒိယနိုင်ငံ နှင့် ပတ်ဝန်းကျင် ပါကစ္စတန် နိုင်ငံများဆီမှ မိမိနိုင်ငံဆီသို့ရောက်မလာမီ ကြိုတင် သတိထား ပြင်ဆင် ထားဖို့ လိုပါသည်။ ယခင်ကလည်း ကျူးကျော်ဝင်ရောက် လာသော ရွှေခရုနှင့် ဖော ငမြောင်တောင် ဖြစ်ရပ်များလည်း အတွေ့အကြုံ ရှိခဲ့ဖူး သောကြောင့် သတိထားပါက မှားမည်မထင်ပါ။

ထို့အပြင် မိမိတို့နိုင်ငံသည် စပါးအပါအဝင် သီးနှံမျိုးစုံစိုက်ပျိုးသော စိုက်ပျိုးရေး နိုင်ငံ ဖြစ်ပြီး ပါကစ္စတန်၊ အိန္ဒိယနိုင်ငံများနှင့် နီးကပ်စွာ တည်ရှိ နေသည့်အပြင် ပတ်ဝန်းကျင်နှင့် လိုက်လျော ညီထွေ နေတတ်ပြီး ကီလိုမီတာပေါင်းများစွာကို အုပ်စုလိုက်ပျံသန်းနိုင်ကာ သီးနှံ မျိုးစုံကို တစ်ခဏ အတွင်း ပြောင်တလင်းခါအောင် ဖျက်ဆီးတတ်သော ဤကန္တာရ နှံကောင် အန္တရာယ် အတွက် နိုးကြားခြင်း အသိစိတ်ဓါတ်ဖြင့် ကြိုတင်ပြင်ဆင်ထားဖို့  လိုအပ်နေပြီ ဖြစ်ပါကြောင်း စိုက်ပျိုးရေးနှင့် ပါဝင်ပတ်သက်သူအားလုံးအား ကြိုတင် အသိပေးတင်ပြလိုက်ရပါသည်။

ဒေါက်တာကိုကို (စိုက်ပျိုးရေး)

ကိုးကားချက်များ

၁။မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)

၂။Emergency Prevention System Empress, Desert Locust Component, Strengthening Desert Locust Management, Locusts and other Migratory Pests Group, Rome, FAO.

၃။http://theconversation.com/locust-invasions-are-cyclical-african-states-shouldnt-be-caught-napping-130883

၄။https://www.organiclesson.com/get-rid-of-grasshoppers/

၅။https://www.indiaagronet.com/indiaagronet/pest_management/CONTENTS/Locust.htm

၆။ https://en.wikipedia.org/wiki/List_of_locust_species

၇။ https://www.chinadailyhk.com/article/123855 

                                                     ဒေါက်တာကိုကို 

source: https://www.agri.com.mm/locust-grasshopper2020/?fbclid=IwAR3nGUPPFb3EXlpKVOWxuDcZvIbxtn379h9sA2YMPX0h98w0LgtWxDJ1XVw


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်