လက်ခံပင်သီးနှံများ
ပဲမျိုးစုံ၊ ဝါ၊ ခရမ်းချဉ်၊ ခရမ်း၊ ဆေးရွက်ကြီး၊ ရုံပတီ၊ ပြောင်းဖူး၊ နှံစားပြောင်း၊ နှမ်း၊ ငရုတ်၊ အပင်မျိုးစုံတွင် ကျရောက်တတ်သည်။
ဖျက်ဆီးပုံလက္ခဏာ
အရွက်၊ အဖူး၊ အပွင့်၊ အသီးတို့ကို ပိုးလောက်ကောင်ဘဝတွင် ကိုက်ဖြတ်ဖျက်ဆီးတတ်သည်။ အရွက်များတွင် ဆန်ခါပေါက်ကျ၍ အရွက်ကြောများသာ ကျန်သည်အထိ ဖျက်ဆီး၍ အဖူး၊ အပွင့်၊ အသီးများပဲ့နေခြင်း၊ ပြတ်နေခြင်းတို့ကို တွေ့ရသည်။ ပိုးလောက်ကောင်၏ ဦးခေါင်းပိုင်းနှင့် ခန္ဓာကိုယ်ထက်ဝက်ခန့်သည် အသီးတွင်းသို့ ဝင်ရောက်စားသောက်တတ်သည်။ ကုလားပဲသီးလုံးများကို ကိုက်ဖောက်ဝင်ရောက်၍ အတွင်း၌ ကုလားပဲစေ့အား စားသောက်နေသော ပိုးလောက်ကောင်ကို ခွေလျက်သားတွေ့ရှိနိုင်ပါသည်။ ပြောင်းဖူးဖက်များပဲ့နေခြင်း၊ ပေါက်နေခြင်းကို တွေ့ရပါက ဖက်ကိုခွာကြည့်လျှင် ပြောင်းဖူးစေ့များပေါ်၌ စားသောက်လျက်ရှိသော ပိုးလောက်ကောင်ကို တွေ့ရှိရပါသည်။ ပိုးလောက်ကောင်တို့ စွန့်ပစ်သော စိမ်းမဲရောင် ပိုးချေးများကို ဖျက်ဆီးခံရသော အစိတ်အပိုင်း၏အနီးတစ်ဝိုက်၌ ထင်ရှားစွာ တွေ့ရှိရပါသည်။
ဘဝစက်ဝန်း
ဖလံများသည် အညိုရောင်ရှိသည်။ ဖလံမသည် အဝါရောင်ဥများကို တစ်လုံချင်း အရွက်နှင့် အပွင့်အဖူးတို့၏ မျက်နှာပြင်ပေါ်၌ အုချသည်။ ဖလံမတစ်ကောင်သည် ဥပေါင်း (၁၀၀၀) အထိ အုနိုင်သည်။ ပေါက်ခါနီးဥသည် အညိုရောင်သို့ ပြောင်းသွားသည်။ ဥမှပေါက်ခါစ လောက်ကောင်သည် အစိမ်းရောင်ရှိ၍ အရွယ်ကြီးသော် စိမ်းညိုရောင်ရှိသည်။ ပိုးလောက်ကောင်၏ ခန္ဓာကိုယ် ဘေးတစ်ဖက်တစ်ချက်စီတွင် အညိုဖျော့ရောင် အစင်းတန်းပါရှိသည်။ အစာဝသော ပိုးလောက်ကောင်များသည် အပင်ခြေသို့ဆင်း၍ မြေကြီးအတွင်း၌ ရုပ်ဖုံးပြုလုပ်ကြသည်။ ရုပ်ဖုံး၏ အရောင်မှာတောက်ပြောင်သော နီညိုရောင်ရှိသည်။ ရုပ်ဖုံးမှထွက်လာသော ဖလံများသည် ညအချိန်၌သာထွက်၍ မိတ်လိုက်ကြသည်။ ပိုးလောက်ကောင်များသည် နေ့အချိန်၌ အပင်ခြေတွင်ဖြစ်စေ၊ အရွက်၊ အဖူး၊ အပွင့်များကြား၌ဖြစ်စေ၊ ပုန်းအောင်းနေ၍ ညနေပိုင်းအချိန်မှ နံနက်စောစော (၈) နာရီခန့်အထိ အပင်အစိတ်အပိုင်းတို့ကို ဖျက်ဆီးကြသည်။ ဥဘဝမှ ဖလံသက်တမ်းကုန်သည်အထိ ရက်သတ္တ (၄ – ၅ ) ပတ်ခန့်ကြာသည်။ ပိုးလောက်ကောင်ဘဝတွင် အဆင့် (၆) ဆင့် ရှိသည်။ ဥဘဝတွင် (၄) ရက်၊ လောက်ကောင်ဘဝတွင် (၂ -၃ ) ရက်၊ ရုပ်ဖုံးဘဝတွင် (၁) ပတ်၊ အကောင်ကြီး ဖလံဘဝတွင် (၁) ပတ်ကြာသည်။
ကာကွယ်နှိမ်နင်းနည်း
(၁) အပင်ပေါ်ရှိ ဥများ၊ ပိုးလောက်ကောင်များကို လက်နှင့်ကောက်ယူဖျက်ဆီးပါ။
(၂) မီးထောင်ချောက်ထွန်း၍ ဖလံများကို ဖမ်းယူဖျက်ဆီးပါ။
(၃) ပဲမျိုးစုံသီးနှံအတွင်း ပြောင်းဖူးကို ထောင်ချောက်သီးနှံအဖြစ် စိုက်ပျိုး၍ ပြောင်းဖူးပင်ပေါ်၌ ကျရောက်သော ပိုးလောက်ကောင်များကို ဖျက်ဆီးပစ်ပါ။
(၄) ဖျက်ဆီးမှုလက္ခဏာတွေ့ရှိရသော အပေါက်အပဲ့ရှိသည့် အသီးတောင့်များကို ခူးယူဖျက်ဆီးပါ။
(၅) ပဲမျိုးစုံစိုက်ပျိုးမည့်မြေကွက်အား ကြိုတင် ထယ်ထိုးထွန်မွှေ၍ မြေကြီးနှင့်ပေါင်းမြက်များတွင် ခိုအောင်းနေသော ရုပ်ဖုံးများနှင့် ပိုးလောက်ကောင်များကို ဖျက်ဆီးပစ်ပါ။
(၆) မြေပြင်ချိန်တွင် ဖြူရာဒန် ၃ ဂျီ (သို့) ဒိုင်ယာဇီနွန် ၁၀ ဂျီ အား တစ်ဧကလျှင် (၃ – ၆ ) ကီလို နှုန်းထည့်ပေးပါ။
(၇) ပင်လုံးပြန့်အာနိသင်ရှိ ပိုးသတ်ဆေးတစ်မျိုးမျိုး ပက်ဖြန်းပါ။
(၈) လောက်ကောင်များသည် ညနေပိုင်းနှင့် နံနက်စောစောပိုင်းတွင် စားသောက်ဖျက်ဆီးလေ့ရှိသဖြင့် ညနေပိုင်းနှင့် နံနက်စောစောအချိန်များတွင် ပိုးသတ်ဆေးပက်ဖြန်းပါ။
(၉) ဓာတုပိုးသတ်ဆေးများ အလွန်အကျွံသုံးစွဲပါက ဖျက်ပိုး၏ ပိုးသတ်ဆေးခံနိုင်စွမ်းရည်ပိုမိုလာစေခြင်း၊ စိုက်ခင်းအတွင်းရှိ အကျိုးပြုမိတ်ဆွေပိုးများ သေစေခြင်းတို့ဖြစ်စေသဖြင့် တမာပိုးသတ်ဆေး၊ ဆေးရွက်ကြီးနှင့် ဆပ်ပြာဖျော်ရည်တို့နှင့် အလှည့်ကျသုံးစွဲပါ။
စိုက်ပျိုးရေးဦးစီးဌာန