ကြိုတင်ကာကွယ်သင့်တဲ့ ပန်းဂေါ်ဖီ ရောဂါများ

05/03/2020 15:00 PM တွင် ထွန်းရာဇာ ထွန်းရာဇာ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ပန်းဂေါ်ဖီခင်းတွေမှာ ဆေးအရမ်းသုံးရတာမျိုးတွေလျော့ချနိုင်ဖို့ ကြိုတင်ကာကွယ်နည်းတွေကို ပြောပြပေးချင်ပါတယ်။ ရောဂါလက္ခဏာကို ကိုယ်တိုင်ဆန်းစစ်တတ်ပြီး ဆေးရမ်းသုံးနေရတဲ့အဖြစ်တွေ ရပ်တန့်နိုင်ဖို့ရည်ရွယ်ပါတယ်ဗျ။

၁။ ဘက်တီးရီးယား ပျော့ပုပ်ရောဂါ

အရွက်နဲ့ ပန်းပွင့်ပေါ်မှာ ရေစိုနာကွက်လေးတွေစဖြစ်လာမယ်။ရေစိုနာကွက်က ပိုပိုကြီးလာပြီး ပုပ်လာပါလိမ့်မယ်။ မျက်နှာပြင်ပေါ်က ကွဲလာပြီး အရည်နဲနဲထွက်လာတဲ့လက္ခဏာတွေ့ရမယ်။ လေနဲ့ထိလေ အညိုရောင်ကနေ အနက်ရောင်ပြောင်းလေ ဖြစ်ပါလိမ့်မယ်။

ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားတွေက လယ်ယာသုံးကိရိယာတွေ၊ စိုက်ပျိုးကိရိယာတွေကနေ ကူးစက်ပြန့်ပွားကြပါတယ်။ ပူနွေးစိုစွတ်တဲ့ရာသီဥတုတွေမှာ ပိုဖြစ်တတ်ကြပါတယ်။

ကာကွယ်နှိမ်နင်းနည်း

ရောဂါဖြစ်လာပြီဆိုရင် ဓာတုဆေးတွေကလည်း ဒီရောဂါကို မနိုင်ကြပါဘူးတဲ့ဗျာ။ဒါကြောင့် ကြိုတင်ကာကွယ် ထားနိုင်တဲ့နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

- သီးလှည့်စိုက်ပါ။

- ရေဆင်းကောင်းတဲ့မြေဖြစ်ပါစေ။(ရေမဝပ်ပါစေနဲ့)။

- ဘောင်အမြင့်နဲ့စိုက်ပါ

- ပန်းပွင့်တွေခြောက်နေတုန်းမှာမှ ခူးဆွတ်ပါ။ ခူးဆွတ်ချိန်မှာ ရောဂါဖြစ်နေတဲ့ပန်းပွင့်တွေကို ရောမခူးပါနဲ့။

၂။ ပင်ခြေမဲရောဂါ (Blackleg)

မှိုကြောင့်ဖြစ်တဲ့ ပင်ခြေမဲရောဂါရဲ့လက္ခဏာတွေကတော့ ပျိုးပင်အဆင့်မှာ ဖြစ်တတ်ပါတယ်။ ခါးရိတဲ့ လက္ခဏာတွေမှာ ပန်းရောင်အစုအမြုံလေးတွေ ကပ်နေတာကိုပါ တွေ့ရမှာပါ။ဒီရောဂါကလည်း ပူနွေး စိုစွတ်တဲ့ရာသီ ဥတုမျိုးမှာ ပိုမိုပြန့်ပွားတာ ပိုမြန်ပါတယ်။

ဒီရောဂါကို ကာကွယ်ချင်တယ်ဆိုရင်တော့ - ရောဂါကင်းတဲ့မျိုးစေ့ကို စိုက်ပါ။ မစိုက်ခင် ရေပူစိမ်ခြင်းမျိုး ( seed treatment) လုပ်ပါ။  ရိတ်သိမ်းချိန်ပြီးတဲ့အခါ သီးနှံပင်အကြွင်းကျန်တွေကို စိုက်ခင်းထဲ မထားခဲ့ပါနဲ့။

၃။ ပန်းဂေါ်ဖီ ဘက်တီးရီးယား ရွက်ပုပ်ရောဂါ (Black rot)

ဒီရောဂါရဲ့ လက္ခဏာတွေကတော့ အရွက်တွေမှာ တွေ့ရမှာပါဗျ။ အရွက်အနားတွေမှာ ပုံသဏ္ဍန်မမှန်တဲ့ အကွက်တွေ စဖြစ်လာမယ်။ အရွက်ရိုးတံဘက်ဆက်ဖြစ်သွားပြီး အင်္ဂလိပ် အက္ခရာ ဗွီ (V ) ပုံစံ အကွက် ဖြစ်သွားပါလိမ့်မယ်။ နောက်ပိုင်းမှာ ရောဂါဖြစ်နေတဲ့ အကွက်တွေပေါင်းသွားပြီး မီးလောင်ခံထားရတဲ့ ပုံစံမျိုးတွေ ဖြစ်သွားတတ်ပါတယ်။

ဘက်တီးရီးယားကြောင့် ဖြစ်တဲ့ ဒီရောဂါကို ထိန်းချုပ်ဖို့ဆိုရင်တော့ - မျိုးစေ့တွေ ၊ စိုက်ပျိုးရေတွေ၊  အင်းဆက်တွေကို သတိထားရပါမယ်ဗျ။ ဒီအရာတွေကနေ တစ်ဆင့်ကူးစက်နိုင်တာမို့ပါ။ 

ကာကွယ်နှိမ်နှင်းနည်းတွေကတော့

- မြေကို နေကင်ခြင်းမျိုးတွေ လုပ်ရပါမယ်။

- သီးလှည့်စိုက်ခြင်း (မုန်ညင်း၊ မုန်လာမဟုတ်တဲ့ အပင်တွေနဲ့)

- ခံနိုင်ရည်ရှိမျိုးကို အသုံးပြုခြင်း စတာတွေကို ပြုလုပ်ထားသင့်ပါတယ်ဗျ။

၄။ ပန်းဂေါ်ဖီတင်းပုတ်မြစ် ရောဂါ (Clubroot)

ကြီးထွားမှုတွေ နှေးသွားမယ်။ အပင်တွေ ပုလာပြီး အရွက်တွေ ဝါလာမယ်။ အပင်ကညှိုးနေပေမယ့် ညပိုင်းမှာ ပြန်လန်းလာမယ်။ အမြစ်တွေက ကြီးပေါင်းအဖုတွေ ဖြစ်လာမယ်ဆိုရင်တော့ ဒီရောဂါဖြစ်နေတာပါ။

မှိုကြောင့်ဖြစ်တာလား နီမတုတ်ကြောင့်လားဆိုတာ ဝေခွဲရခက်နိုင်ပါတယ်။အကြောင်းကတော့ ရောဂါဖြစ်စေတဲ့မှိုတွေက မြေကြီးထဲမှာ ၁၀ နှစ်ကျော် နေနိုင်ပြီး မြေမှုန်တွေ၊ စိုက်ပျိုးရေတွေကနေတစ်ဆင့် ကူးစက်ပြန့်ပွားနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်ဗျ။ 

ကာကွယ်နှိမ်နင်းဖို့ဆိုရင်တော့

စိတ်ချသေချာရတဲ့ မျိုးစေ့ကို စိုက်ရပါမယ်။ မှိုသတ်ထားတဲ့ပျိုးဘောင်မှာ အရင်ပျိုးပြီးမှ စိုက်ခင်းထဲကို ရွှေ့စိုက်သင့်ပါတယ်တဲ့ဗျာ။ မှိုမျိုးစေ့တွေ ထုတ်လုပ်မှုလျော့ချနိုင်အောင် ထုံးထည့်တာမျိုးလည်း ပြုလုပ်နိုင်ပါတယ်ဗျ။

၅။ ဒေါင်းနီးရွက်ခြောက်ရောဂါ (Downy Mildew )

ဒီရောဂါရဲ့ လက္ခဏာတွေကတော့ ထောင့်ချွန်းပါတဲ့ အကွက်လေးတွေ အရွက်ရဲ့ အပေါ်မျက်နှာပြင်မှာ ဖြစ်လာမယ်။ လိမ္မော်ရောင်( သို့) အဝါရောင် အကွက်တွေဆက်ဖြစ်လာပါလိမ့်မယ်။ အရွက်အောက်ခြေဘက်မှာတော့ အမွှေးဖွာဖွာလေးတွေဖြစ်နေတာကို တွေ့ရပါလိမ့်မယ်ဗျ။ ဒါကတော့ အေးပြီး စိုစွတ်တဲ့ ဒေသတွေမှာအဖြစ်များတဲ့ မှိုရောဂါပါ။

ကာကွယ်နှိမ်နင်းနည်းတွေကတော့

စိုက်ခင်းသိမ်းပြီးတဲ့အခါ အပင်ကြွင်းကျန်တွေကို မထားခဲ့ပါနဲ့။ သီးလှည့်စိုက်ခြင်းတွေလုပ်လို့ရပါတယ်။  ဒီရောဂါကတော့ သင့်တော်တဲ့ မှိုသတ်ဆေးတွေသုံးလို့ ရပါတယ်တဲ့ဗျ။

၆။ ဖားဥမှိုရောဂါ (Powdery mildew)

ဒီရောဂါကတော့  အဖြူရောင်အကွက်တွေ အရွက်ရဲ့ အပေါ်အောက်မျက်နှာပြင်မှာ တွေ့ရမှာပါ။ ခရမ်းရောင်အဖြစ်အရောင် ကျွတ်နေတာတွေကိုလည်းတွေ့ရမှာပါ။ ဒီလိုအကွက်တွေပေါင်းသွားပြီး အရွက်မျက်နှာပြင်တစ်ခုလုံးကိုဖုံးအုပ်သွားပါလိမ့်မယ်။အရွက်တွေက နောက်ဆုံးကြွေကျသွားတဲ့အထိဖြစ်တတ်ပါတယ်။ မှိုကြောင့်ဖြစ်တဲ့ ဒီရောဂါကတော့ ခြောက်သွေ့တဲ့ရာသီတွေမှာ ဖြစ်တတ်ပါတယ်။

ကာကွယ်နှိမ်နင်းဖို့အတွက်တော့ အထက်မှာ ဖော်ပြခဲ့တဲ့နည်းတွေနဲ့ အတူတူဖြစ်ပါတယ်။ ဒီနည်းလမ်းတွေအပြင် ဆာလ်ဖာဖျန်းခြင်းကလည်း ရောဂါကို ထိန်းချုပ်နိုင်ပါတယ်တဲ့ဗျာ။

၇။ ပင်စည်ပုပ်ရောဂါ

ပုံသဏ္ဍမမှန်တဲ့ အကွက်တွေ အရွက်ပေါ်မှာ တွေ့လာရမယ်။ ပင်စည်ပေါ်မှာလည်း  အဖြူလိုလို အညိုဖျော့ဖျော့လိုအကွက်တွေရှိမယ်။ မှိုကြောင့်ဖြစ်တဲ့ရောဂါဖြစ်ပြီး အပူချိန်အေးပြီး စိုထိုင်းစများတဲ့ နေရာတွေမှာ အဖြစ်များပါတယ်။

ကာကွယ်ဖို့ဆိုရင်တော့ 

- နှံစားသီးနှံတွေနဲ့ သီးလှည့်စိုက်ပါ အပင်စိပ်စိပ်မစိုက်ပါနဲ့။ သင့်တော်တဲ့ မှိုသတ်ဆေးတွေဖျန်းလို့ ရပါတယ်ဗျ။

၈။ အဖြူရောင် သံချေးမှိုရောဂါ (White rust)

ဒီရောဂါကတော့ အဖြူရောင် အဖုလေးလို ဆူးလေးတွေကို အရွက်တွေ၊စေ့ရွက်တွေ၊ ပင်စည်တွေပေါ်မှာ တွေ့ရမှာ ဖြစ်ပါတယ်။ဒီလိုအဖုလေးတွေစုနေတဲ့ မျက်နှာပြင်တွေဖြစ်မှ သတိထားမိတတ်ပါတယ်။ ဒီအချိန်မှာ အရွက်တွေက ထူပြီး လိပ်သွားတတ်ပါတယ်။ မှိုကြောင့်ဖြစ်တဲ့ ဒီရောဂါကတော့ ခြောက်သွေ့တဲ့ရာသီဥတုမှာ အဖြစ်များပြီး လေနဲ့ပျံ့နှံ့နိုင်ပါတယ်။ မှိုကြောင့်ဖြစ်တာမို့ အထက်ကဖော်ပြတဲ့ မှိုရောဂါကာကွယ်နှိမ်နင်းတွေအတိုင်းပဲ ပြုလုပ်နိုင်ပါတယ်။

၉။ ပန်းဂေါ်ဖီမှိုစေ့ ရောဂါ (Cauliflower mosaic)

အရွက်ပေါ်မှာ ရောင်မညီကွက်ကျားတွေ တွေ့ရမယ်။ ရွက်ကြောတွေထင်းနေမယ်။ အပင်လည်း ပုသွားမယ်။ ပန်းပွင့်အရွယ်အစားလည်း သေးနေမယ်ဆိုရင်တော့ ဦးကြီးရဲ့အပင်က ဗိုင်းရပ်တိုက်ခိုက်ခံနေရပါပြီဗျ။ ပျပိုးတွေကနေတစ်ဆင့် ကူးဆက်နိုင်တာမို့ ပျတွေကိုလည်း သတိထားပါဗျာ။

ကာကွယ်နှိမ်နင်းဖို့အတွက်ကတော့ ပျတွေမခိုအောင်းနိုင်အောင် စိုက်ခင်းဘေးနားမှာရှိတဲ့ ပေါင်းမြက်တွေကို ရှင်းပေးဖို့လိုပါတယ်ဗျ။ ဒီရောဂါအတွက်ကတော့ ပျတွေနှိမ်နင်းနိုင်မယ့် ပိုးသတ်ဆေးအသုံးပြုလို့ ရပါတယ်ဗျာ။

၁၀။ Ring Spot

ခရမ်းရောင်အစက်သေးသေးလေးတွေမှာ ရေစိုနာ အကွက်လေးတွေနဲ့တွေ့ရမယ်။ အညိုရောင်အဖြစ်ပြောင်းလာပြီး စိမ်းဝါရောင် ဘေးနားတွေနဲ့ ၁ -၂ စင်တီမီတာထိ ကြီးပါမယ်။  ဒီအစက်လေးတွေထဲမှာ အနက်ရောင်အဖုသေးသေးလေးတွေက အဝိုင်းပုံစံလေးပါရှိနေတတ်ပါတယ်။ ဆိုးဆိုးဝါးဝါး ကျရောက်တဲ့အရွက်တွေကတော့ ခြောက်လာပြီး အတွင်းဘက်ကို ကုပ်သွားတာမျိုးတွေ ဖြစ်လာတတ်ပါတယ်။

ဒီလိုလက္ခဏာတွေတွေ့ရရင်တော့ မှိုရောဂါတစ်ခု တိုက်ခိုက်ခံနေရတာလို့ ယူဆနိုင်ပါတယ်။ ဒီမှိုတွေက အေးပြီး စိုစွတ်တဲ့အခြေအနေတွေမှာ ရှင်သန်နိုင်ပြီး ဆောင်းတွင်းပိုင်းတွေမှာ ကူးစက်ခံရတတ်ပါတယ်။ မှိုရောဂါဖြစ်တာမို့ အထက်မှာဖော်ပြခဲ့သလို လယ်ယာသုံးပစ္စည်းတွေကစလို့ သတိထား ဂရုစိုက်လုပ်ဆောင်ရင်တော့ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

၁၁။  ခါးရိရောဂါ Wirestem( Damping -off) 

ခါးရိရောဂါအမျိုးအစားဖြစ်တဲ့အတွက် အပင်ပေါက်အဆင့်မှ ာဖြစ်တတ်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ ဝါယာကြိုးလို လိမ်သွားတာပါဗျ။ အေးတဲ့အချိန်မှာဖြစ်တတ်တဲ့ ဒီရောဂါကလည်း မှိုကြောင့်ဖြစ်တာပါ။

ပျိုးခင်းမြေကို ပိုးသန့်ပြီးမှ အသုံးပြုခြင်းမျိုးတွေနဲ့ မျိုးစေ့ကို ပိုးသန့်ခြင်းတွေလုပ်ဆောင်ခြင်းဖြင့် ကာကွယ်နိုင်ပါတယ်ဗျ။ အေးရင်ဖြစ်တတ်တဲ့ရောဂါမို့ မြေကြီးအပူချိန်နဲနဲနွေးလာတဲ့ ရာသီဥတုထိစောင့်ပြီးမှ စိုက်မယ်ဆိုရင်လည်း အဆင်ပြေပါတယ်တဲ့ဗျာ။

ကဲ….ရောဂါတွေရဲ့ လက္ခဏာတွေ၊ ဖြစ်တတ်တဲ့အခြေအနေတွေနဲ့ ကြိုတင်ကာကွယ်နည်းတွေကို လေ့လာပြီး အောင်မြင်တဲ့ ပန်းဂေါ်ဖီတောင်သူတွေဖြစ်စေဖို့ ရေးသားဖော်ပြလိုက်ရပါတယ်ဗျာ။ ရောဂါအများစုက ဖြစ်လာရင် ကုလို့မရတာများတာမို့ ကြိုတင်ကာကွယ်ကြဖို့လည်း တိုက်တွန်းလိုက်ရပါတယ်ဗျ။

ထွန်းရာဇာ

Source-https://plantvillage.psu.edu/topics/cauliflower/infos


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်