ပရိုဘိုင်အိုတစ်တွေက ဘယ်လိုအလုပ်လုပ်သလဲ။
ပရိုဘိုင်အိုတစ်(Probiotics) တွေဟာ လူနဲ့ တိရစ္ဆာန်တွေရဲ့ ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုတဲ့ အချက်ကြောင့် သူ့ကို သုံးစွဲမှုက တနေ့တခြား တိုးတက်များပြားလာနေပါတယ်။ ပရိုဘိုင်အိုတစ်ဆိုတာ ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ အဏုဇီဝပိုးမွှားတွေလို့ အကြမ်းဖျဉ်း နားလည်ထားကြပါတယ်။ အဲဒီပရိုဘိုင်အိုတစ်တွေကို သောက်သုံးလိုက်တဲ့အခါ ဒါမှမဟုတ် တိရစ္ဆာန်တွေကို တိုက်ကျွေးလိုက်တဲ့အခါ ခန္ဓာကိုယ်ထဲမှာ ဘယ်လိုအလုပ်လုပ်သလဲ၊ ခန္ဓာကိုယ်ကို ဘယ်လိုအကျိုးပြုတာလဲဆိုတာကလည်း စိတ်ဝင်စားစရာပါ။
ပရိုဘိုင်အိုတစ်တွေကို စားသုံးလိုက်ရင် တိုက်ကျွေးလိုက်ရင် အစာလမ်းကြောင်းထဲကို ရောက်ရှိသွားပြီး ဘယ်လိုလုပ်ငန်းတာဝန်တွေကို ထမ်းဆောင်သလဲဆိုတာကို လေ့လာကြည့်ရအောင်ပါ။
(၁) ဘက်တီရီယိုဆင် (Bacteriocin) အဆိပ် ထုတ်လုပ်ပေးတယ်။
ပထမဆုံးလုပ်ငန်းကတော့ ပရိုဘိုင်အိုတစ်အဖြစ် ထုတ်လုပ်ထားတဲ့ ဘက်တီးရီးယားတွေဟာ ဘက်တီရီယိုဆင်(Bacteriocin) လို့ ခေါ်တဲ့ အဆိပ်အတောက်တွေကို ထုတ်လုပ်ပေးခြင်း ဖြစ်ပါတယ်။ ဘက်တီရီယိုဆင်အဆိပ် ကို ဒဖန်ဆင် (Defensin) လို့ လည်း ခေါ်ပါတယ်။ ပရိုဘိုင်အိုတစ် ဘက်တီးရီးယားဆဲလ် တွေရဲ့ ရိုင်ဘိုဇုမ်း (ribosome) လို့ခေါ်တဲ့ အစိတ်အပိုင်းကနေ ဘက်တီရီယိုဆင် အဆိပ်တွေ ကို ထုတ်လုပ်ပေးတာပါ။
အဲဒီအဆိပ်တွေက အစာလမ်းကြောင်းထဲမှာ ရှိနေတဲ့ ဘက်တီးရီးယားရောဂါပိုးမွှားတွေရဲ့ ကြီးထွား ပွားများမှုကို တားဆီးပေးပါတယ်။ ဒါကြောင့် ဘက်တီရီယိုဆင်တွေဟာ ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို တားဆီးတဲ့ ပဋိဇီဝအာနိသင် (Antibacterial activity) ကို ပေးစွမ်းပါတယ်။
ပရိုဘိုင်အိုတစ်တွေက ကျန်းမာရေးကို ဘာကြောင့်ကောင်းမွန်သလဲလို့ မေးလာရင် “ဘက်တီရီယိုဆင် ထုတ်လုပ်ပြီး ရောဂါပိုးမွှားတွေ လျော့ပါးသွားအောင် လုပ်ပေးလို့” ဆိုတာဟာ သေချာပေါက် ပါဝင်ရမယ့် အဖြေတစ်ခု ဖြစ်ပါတယ်။
(၂) ရောဂါပိုးမွှားများနှင့် နေရာယှဉ်လုတယ်။
အစာလမ်းကြောင်းဟာ အဏုဇီဝပိုးမွှားတွေ အများအပြားနေထိုင်တဲ့ နေရာ ဖြစ်ပါတယ်။ ပရိုဘိုင်အိုတစ်တွေကို စားသုံးလိုက်တဲ့အခါ တိရစ္ဆာန်ကို တိုက်ကျွေးလိုက်တဲ့အခါ အစာလမ်းကြောင်းထဲမှာ အဏုဇီဝပိုးမွှားတွေ များလာပါတယ်။ လူ့ခန္ဓာကိုယ်ကို အကျိုးပြုနိုင်တဲ့ ပရိုဘိုင်အိုတစ် အဏုဇိတပိုးမွှားတွေဟာ အစာလမ်းကြောင်းထဲမှာ ပွားများလာတာနဲ့အမျှ ရောဂါဖြစ်စေတဲ့ ပိုးမွှားတွေရဲ့ နေရာကို ယှဉ်ပြိုင်လုယူကြပါတယ်။ အဲဒီအခါ ရောဂါပိုးမွှားတွေအတွက် နေရာနည်းလာသလို ပေါက်ပွားရှင်သန်မှုလည်း ကျဆင်းလာပါတယ်။ ဒါဆိုရင် သေချာပေါက် ကျန်းမာရေးကို အထောက်အကူပြုမှာပါ။
(၃) အစာလမ်းကြောင်းထဲမှာ ချဉ်ငံနှုန်း (pH) ကို နှိမ့်ထားပေးတယ်။
အချို့ပရိုဘိုင်အိုတစ်တွေ (ဥပမာ လက်တိုဘက်ဆလက်စ်) ဟာ အစာလမ်းကြောင်းထဲကို ရောက်ရှိ သွားတဲ့အခါ အက်ဆီတစ်အက်ဆစ် (acetic acid) နဲ့ လက်တစ်အက်ဆစ် (lactic acid) တွေကို ထုတ်လုပ်ပေး ပါတယ်။ အက်ဆစ်တွေထွက်လာတာမို့ အစာလမ်းကြောင်းထဲမှာ ချဉ်ငံနှုန်း (pH) လျော့ကျလာပါတယ်။ ရောဂါ ဖြစ်စေတဲ့ အဏုဇီဝပိုးမွှားအများစုဟာ အဲဒီ အက်ဆစ်တွေရဲ့ ချဉ်ငံနှုန်းမှာ ကောင်းကောင်း ရှင်သန်ပွားများနိုင် ခြင်း မရှိပါဘူး။ ဒါကြောင့် အစာလမ်းကြောင်းမှာ ရောဂါပိုးမွှားတွေကို လျော့ချပေးနိုင်ပါတယ်။
(၄) ရောဂါပိုးမွှားတွေက အစာလမ်းကြောင်းနံရံကို ထိုးဖောက်ဝင်ရောက်တာကို တားဆီးပေးတယ်။
ရောဂါပိုးမွှားတွေက အစာလမ်းကြောင်းထဲမှာပဲ ရှိနေသေးရင် သိပ်ပြဿနာ မဟုတ်သေးပါဘူး။ အစာလမ်းကြောင်းရဲ့ အခေါင်းပေါက် (lumen) ထဲကနေကျော်ပြီး နံရံကို ထိုးဖောက်ဝင်ရောက်သွားရင် ပြဿနာ ကြီး ပါတယ်။ အဲဒီလို အူနံရံကို ဘက်တီးရီးယားတွေ ထိုးဖောက်ဝင်ရောက်လာတဲ့ ဖြစ်စဉ်ကို Translocation လို့ ခေါ်ပါတယ်။
အစာလမ်းကြောင်းရဲ့ အတွင်းပိုင်းနံရံရဲ့ အပေါ်ဆုံးအလွှာမှာ အက်ပီသီလီယယ်ဆဲလ် (Epithelium) လေးတွေနဲ့ ဖုံးအုပ်ထားပါတယ်။ အဲဒီ ဆဲလ်လေးတွေ တစ်လုံးနဲ့တစ်လုံးကြားကိုလည်း ခိုင်မာအောင် တွဲဆက်ထားရပါတယ်။ အဲဒီလို့တွဲဆက်ထားတဲ့ နေရာကို Tight Junction (TJ) လို့ ခေါ်ပါတယ်။ လူတွေ၊ တိရစ္ဆာန်တွေ ဟာ ဒဏ် (stress) တစ်ခုခုကို ခံစားရတဲ့အခါ အဲဒီဆဲလ်တွေကြားက အဆက်နေရာ TJ လေးတွေဟာ လျော့တိလျော့ရဲ ဖြစ်လာပါတယ်။ အဲဒီအချိန်မှာ အစာလမ်းကြောင်း အခေါင်းပေါက်ထဲမှာ ရှိနေတဲ့ ရောဂါပိုးမွှားတွေဟာ TJ တွေကို ထိုးဖောက်ပြီး အူရဲ့ နံရံအတွင်းပိုင်းကို တိုးဝင်လာကြပါတယ်။ အဲဒီကနေတဆင့် သွေးကြောတွေဆီ ရောက်ပြီး ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေကို ပြန့်နှံ့ရောက်ရှိကုန်ပြီး ရောဂါတွေ ဖြစ်ပေါ်လာစေပါတယ်။
သုတေသန လေ့လာတွေ့ရှိချက်တွေအရ ပရိုဘိုင်အိုတစ်တွေဟာ TJ တွေရဲ့ ခိုင်မာမှုကို မြင့်တက်စေတယ်လို့ ဆိုပါတယ်။
ပထမနည်းလမ်းကတော့ အစာလမ်းကြောင်းရဲ့ အတွင်းဘက်နံရံကို ကာကွယ်ထားတဲ့ အက်ပီသီလီ ယယ်ဆဲလ် (Intestinal Epithelial Cells – IECs) တွေကနေ TJ ရဲ့ လုပ်ငန်းတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ ပရိုတင်း (TJ-related complex protein) တွေ ထုတ်လုပ်မှုကို မြှင့်တင်အားပေးတဲ့ နည်းလမ်းဖြစ်ပါတယ်။ ပရိုဘိုင်အိုတစ်မှာ အသုံးပြုထားတဲ့ အကျိုးပြုမဏုဇီဝမျိုးစိတ်တွေပေါ် မူတည်ပြီး အားပေးတဲ့ ပရိုတင်းအမျိုးအ စားတော့ အနည်းငယ်စီ ကွာခြားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီ ပရိုတင်းတွေရှိနေတဲ့အတွက် TJ က သူ့ရဲ့ လုပ်ငန်းတွေကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်ပါတယ်။
ဒုတိယနည်းလမ်းကတော့ အက်ပီသီလီယယ်ဆဲလ် (IECs) တွေ အသစ်လဲလှယ်နိုင်ဖို့ ကူညီပေးတာဖြစ် ပါတယ်။ အဲဒီဆယ်လ်တွေ နုပျိုနေလေလေ၊ Tight junction က ခိုင်မာမှု ရှိလေလေပါပဲ။ နောက်တစ်ခုက အ ကြောင်းတစုံတရာကြောင့် အက်ပီသီလီယယ်ဆဲ တွေ ပျက်စီးခဲ့ရင် အလျင်အမြန် အသစ်လဲပြီး အစားထိုးနိုင်တဲ့ အတွက် ရောဂါပိုးမွှားတွေ TJ ကို ဖြတ်ပြီး ဝင်ရောက်လာတာမျိုး မဖြစ်ရအောင် တားဆီးကာကွယ်နိုင်ပါတယ်။
(၅) မြူဆင် (Mucin) ကို ပိုမိုထွက်ရှိစေတယ်။
ပရိုဘိုင်အိုတစ်တွေဟာ အစာလမ်းကြောင်းကနေ မြူဆင်(Mucin) ဆိုတဲ့ ဓာတုဒြပ်ပေါင်းကို ပိုမိုထွက် ရှိလာစေတယ်။ အစာလမ်းကြောင်း အတွင်းနံရဲ့ရဲ့ အပေါ်ဆုံးလွှာ အက်ပီသီလီယယ်ဆဲတွေပေါ်မှာ ချွဲမြှေးအ လွှာ(mucous membrane) တစ်ခုနဲ့ ဖုံးအုပ်ထားပြီး၊ အဲဒီ အလွှာကို မြူဆင်က ဖြစ်ပေါ်စေတာပါ။ အဲဒီအလွှာ ရှိ နေတဲ့အတွက် အကျိုးရလဒ်ကတော့ အစာအာဟာရတွေကို စုပ်ယူမှု ပိုမိုကောင်းမွန်လာစေခြင်း၊ အကျိုးပြု အ ဏုဇီဝပိုးမွှားတွေ အူနံရံမှာ ကြာရှည်ကပ်ငြိနေနိုင်အောင် ကူညီပေးခြင်း၊ ရောဂါပိုးမွှားတွေနဲ့ အက်ပီသီလီယယ် ဆဲလ်တွေ တိုက်ရိုက် ထိတွေ့မှုကို လျော့ချနိုင်ခြင်း တွေပါပဲ။
(၆) AMPs တွေ ထွက်ရှိစေတယ်။
အစာလမ်းကြောင်း အတွင်းဘက်နံရံရဲ့ အပေါ်ယံဆဲလ်လွှာဖြစ်တဲ့ အက်ပီသီလီယယ် ဆဲတွေကြားမှာ ပန်းနစ်(Paneth cell) လို့ခေါ်တဲ့ ဆဲလ်တွေ ရှိနေပါတယ်။ အဲဒီ ပန်းနစ်ဆဲလ်တွေက ပဋိဇီဝ အစွမ်းရှိတဲ့ ပိုလီပပ် တိုက် (Antimicrobial Polypeptides – AMPs) တွေကို ထုတ်လုပ်ပေးပါတယ်။ အဲဒီ AMPs တွေက ရောဂါဖြစ် ပွားစေနိုင်တဲ့ ဘက်တီးရီးယားတွေကို သတ်နိုင်တဲ့ အစွမ်းရှိသလို၊ ရောင်ရမ်းမှုတွေကိုလည်း လျော့ကျသက်သာ စေပါတယ်။ ဒါ့အပြင် ခုခံစွမ်းအားကို မြင့်မားစေသလို၊ တစ်သျှူးတွေ ပျက်စီးတဲ့အခါ ပြန်လည်သက်သာကောင်း မွန်စေဖို့ အထောက်အကူပြုစေပါတယ်။
ပရိုဘိုင်အိုတစ်တွေဟာ ပန်းနစ်ဆဲလ်တွေကနေ AMPs တွေ များများထွက်ရှိလာအောင် ဆောင်ရွက် ပေးနိုင်တယ်လို့ သုတေသနတွေ့ရှိချက်တွေက ဆိုပါတယ်။
(၇) ခုခံအားစနစ်ကို မြှင့်တင်ပေးတယ်။
အစာလမ်းကြောင်းထဲမှာ ရှိနေတဲ့ ရောဂါပိုးမွှားတွေ TJ ကို ကျော်ဖြတ်ပြီး ထိုးဖောက်ဝင်ရောက်လာနိုင် ခဲ့ရင်တောင် အစာလမ်းကြောင်းမှာ ရှိတဲ့ ခုခံစွမ်းအားစနစ် (Immune system) ဟာ ရောဂါပိုးတွေ တိုက်ခိုက် လာမယ့်ဘေးကနေ တတ်နိုင်သမျှ ကာကွယ်ပေးပါတယ်။ ပရိုဘိုင်အိုတစ်တွေက အစာလမ်းကြောင်းမှာရှိတဲ့ ခုခံစွမ်းအားဆဲလ်တွေရဲ့ လုပ်ငန်းတွေကို ကူညီပေးတယ်လို့ ဆိုပါတယ်။ ဥပမာ B. infantis မျိုးစိတ် ပရိုဘိုင် အိုတစ်တွေက ဒန်းဒရိုက်ဆဲလ် (dendritic cells) တွေရဲ့ ကြီးထွား မှုကို မြန်အောင် ဆောင်ရွက်ပေးပါတယ်။
TJ တွေကို ဖြတ်ကျော်ပြီး ဝင်ရောက်လာတဲ့ ရောဂါပိုးမွှားတွေကို ဖမ်းစားဆဲလ် (Macrophage – M cell) တွေက ဖမ်းယူပြီး အစာလမ်းကြောင်းနံရံရဲ့ အောက်ခြေပိုင်း (အက်ပီသီလီယမ်ဆဲလွှာရဲ့ အောက်) ကို ပို့ဆောင်ပေးပါတယ်။ အဲဒီမှာ ဒန်းဒရိုက်ဆဲလ် (dendritic cells) တွေရှိနေပါတယ်။ အဲဒီလို ပို့ဆောင်ပေးတဲ့လုပ် ငန်းကို ထရန့်ဆိုက်တိုးစစ် (Transcytosis) လို့ ခေါ်ပါတယ်။ ဒန်းဒရိုက်ဆဲလ်တွေက သူ့ဆီရောက်ရှိလာတဲ့ ပိုးမွှားတွေဟာ ဘယ်လိုပိုးမွှားမျိုးဖြစ်တယ်ဆိုတာကို စိစစ်ပြီး သက်ဆိုင်တဲ့ ခုခံစွမ်းအားစနစ်ဆဲလ် တွေဆီကို ပေးပို့တဲ့ လုပ်ငန်းကို ဆောင်ရွက်ပါတယ်။ ဒါကြောင့် ခုခံစွမ်းအားစနစ်က ရောဂါပိုးဝင်ရောက်လာပြီဆိုတာကို သိရှိ ပြီး လိုအပ်တဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေကို လုပ်ဆောင်ပေးပါတယ်။
ပရိုဘိုင်အိုတစ်အချို့ဟာ ရောဂါပိုးတွေကို ခုခံချေဖျက်မဲ့ ပဋိပစ္စည်း ထုတ်လုပ်မှုကို လှုံ့ဆောင်အားပေးတယ်ဆိုတဲ့ သုတေသနတွေလည်း ရှိလာနေပါတယ်။ ဥပမာ C. butyricum နဲ့ Enterococcus faecalis မျိုးစိတ် ပရိုဘိုင်အိုးတစ်တွေဟာ ဝက်တွေမှာ Immnoglobulin A လို့ခေါ်တဲ့ ပဋိပစ္စည်းထွက်ရှိမှုကို မြင့်မားစေတယ်လို့ ၂၀၁၉ ခုနှစ်မှာ ပြုလုပ်တဲ့ သုတေသနတစ်ခုမှာ တွေ့ရှိခဲ့ရပါတယ်။
ပရိုဘိုင်အိုတစ်တွေက ထွက်ရှိတဲ့ ဇီဝရုပ်ပစ္စည်း (metabolites) တွေထဲမှာ Short chain fatty acids (SCFAs) ဆိုတဲ့ အဆီဓာတ် တချို့ပါဝင်ပါတယ်။ အဲဒီ SCFAs တွေက ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ် ထဲက ရောင် ရမ်းမှုကို ဖြစ်ပေါ်စေတဲ့ ဆဲလ်တွေရဲ့ လုပ်ငန်းတွေအပေါ် သက်ရောက်မှုရှိပြီး ရောင်ရမ်းမှု ရောဂါဝင်ရောက်မှု ကြောင့်ဖြစ်ပေါ်တဲ့ ရောင်ရမ်းမှုတွေကို သိပ်ပြီး မပြင်းထန်အောင် ထိန်းညှိပေးတယ်ဆိုတဲ့ တွေ့ရှိချက်တွေကို လည်း သိလာရပြီ ဖြစ်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။