စိုက်ပျိုးရေးဌာနကို တောင်သူတို့ အားကိုးကြပါ

22/01/2018 15:53 PM တွင် Myanmar Now Myanmar Now မှ ရေးသား

ကျောက်ဆည် (Myanmar Now) - မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်က တောင်သူတွေကို စိုက်ပျိုးရေးဌာနရဲ့ အကူအညီ ယူကြဖို့ တိုက်တွန်းလိုက်ပါတယ်။ စိုက်ပျိုးရေးဌာနအနေနဲ့လည်း နေရာအနှံ့ လိုက်လံပညာပေးဖို့ လိုအပ်တယ်လို့ ကျောက်ဆည်မြို့နယ် အမှတ် ၁ မဲဆန္ဒနယ် လွှတ်တော်အမတ် ဦးရဲမင်းထွန်းက ဆိုပါတယ်။ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း Myanmar Now နဲ့ တွေ့ဆုံရာမှာ ဦးရဲမင်းထွန်းက အပူပိုင်းဒေသ ရာသီဥတု အပြောင်းအလဲ၊ စိုက်ပျိုးရေး ထွက်ကုန် ပြည်ပစျေးကွက် ရောက်ရှိရေး၊ စိုက်ပျိုးရေး ပညာပေးမှု အခြေအနေတွေအကြောင်း ပြောပြထားပါတယ်။

မေး - ဒေသတွင်း စိုက်ပျိုးရေးအခြေအနေက အရင်နှစ်တွေနဲ့ ဘာကွာခြားလဲ။

ဖြေ - အရင်နှစ်တွေမှာ မိုးခေါင်တဲ့အတွက် မိုးကြိုစပါး(နွေစပါး)လည်း စိုက်လို့ မရဘူး။ နှမ်းကိုပဲ အဓိက စိုက်ကြရတယ်။ ဒီနှစ်တော့ မိုးက ဧပြီလမှာ ၇ ရက်လောက် ရွာတယ်။ အဲ့ဒီမှာ အောက်ချိုင့်ကျတဲ့ လယ်တွေမှာ နှမ်းတွေ ပျက်စီးသွားတယ်။ ကျွန်တော်တို့နယ်က နှမ်းစိုက်ဧကရဲ့ သုံးပုံ တစ်ပုံလောက် ပျက်စီးတာ။

မေး - ဒီဒေသရဲ့ ရာသီဥတု အပြောင်းအလဲ ဘယ်လိုရှိလာပြီလဲ။

ဖြေ - ၂ဝ၁ဝ က စပြီးတော့ မိုးခေါင်လာတယ်။ မိုးခေါင်ပြီး ဆည်ရေကလည်း ရေနည်းပြီး ရေမပေးနိုင်တော့ တောင်သူတွေက စပါးလည်းစိုက်မရဘဲ ဆည်ရေနဲ့ဝေးတဲ့နေရာတွေက လယ်တွေကို ဘာမှ မစိုက်ဘဲ လှပ်ထားလိုက်ကြရတယ်။ ရေလွယ်တဲ့ နေရာတွေမှာတော့ နှမ်း စိုက်ကြရော။ မိုးကခေါင်တဲ့အတွက် နှမ်းတွေပျက်တာ သိပ်မဖြစ်ဘူး။ နှမ်းရဲ့သဘော သဘာဝက မိုး ဆက်တိုက်ကြီး ရွာတာ မကြိုက်တာ။ မိုးရွာလိုက်၊ နေပြန်ပူလိုက်၊ တစ်ပတ်လောက်နေမှ မိုးပြန်ရွာလိုက် ဆိုရင် နှမ်းအတွက် အကောင်းဆုံးပဲ။ ထွက်နှုန်းကိုက ၂ ဆလောက်အထိ တက်လာတယ်။ ဒါပေမယ့် ရေဝပ်ရင် နှမ်းက မကြိုက်ဘူး။ တစ်ရက်လောက် ရေဝပ်လိုက်တာနဲ့ကို နှမ်းက ပျက်တာ။ လွန်ခဲ့တဲ့ ၇ နှစ်လောက် ကတည်းက ဆည်ရေကို များများ မပေးနိုင်ခဲ့တော့ ဒီနှစ်လည်း ရေမမှန်ပါဘူး ဆိုပြီး တောင်သူတွေက နှမ်းပဲစိုက်ကြရော။ နောက် ကျွန်တော်တို့နယ်က ငပြောင်ဆည်ဟာ ဆည်ပြင်နေတာနဲ့ ရေကို အချိန်မီ မပေးလိုက်နိုင်တဲ့အတွက် တောင်သူတွေအတွက် ပျိုးထောင်ရေ မရတော့ဘူး။ ဒါနဲ့ တောင်သူတွေက နှမ်းပဲစိုက်လိုက်ကြပြန်ရော။ ချိုင့်ကျတဲ့ နေရာတွေက မိုးကြိုစပါး မစိုက်လိုက်နိုင်တော့ဘူး။ ပျိုးထောင်ရေသာ အချိန်မီရရင် ချိုင့်ကျတဲ့နေရာတွေမှာ စပါးပဲစိုက်မှာ။ ဒီနှစ်မိုးနဲ့ဆို စပါးသာစိုက်နိုင်ခဲ့ရင် တကယ်ကောင်းမှာ။

မေး - နှမ်းကို ဘယ်လို စိုက်နည်းတွေသုံးပြီး စိုက်ကြပါသလဲ။

ဖြေ - အမှန်က စိုက်နည်း ၃ မျိုးရှိတာ။ ဘောင်နဲ့စိုက်သူတွေက နနွင်းနဲ့နှမ်းကို ရောစိုက်ကြတာ။ နှမ်းက မတ်လလောက်ဆို အပင်ပေါက်ပြီး ဇွန်လလောက်ဆို ရိတ်ကြပြီ။ အဲ့ဒီမှာ ဇူလိုင်လဆို နနွင်းက အပင်ပေါ်လာပြီ။ နောက်နှစ် ဖေဖော်ဝါရီဆို နနွင်းကို ဖော်လို့ရပြီ။ နောက်တစ်မျိုးက စိုက်ပျိုးရေးဌာနက သုသေသနတွေပါ လုပ်ထားတဲ့ စိုက်တန်းနဲ့စိုက်တာ။ နှမ်းတွေက အတန်းလိုက် ညီညီညာညာနဲ့ စိုက်တာမျိုး။ တချို့တောင်သူတွေက ဒီလိုပဲ ပက်ကြဲပြီး စိုက်လိုက်ကြတာ။ အဲ့ဒီတော့ နှမ်းခင်းမှာ အပင်ထူတာ၊ အပင်ပါးတွေဖြစ်ကုန်ရော။ ကျွန်တော်တို့ငယ်ငယ်လေးကတည်းက စိုက်တန်းနဲ့ တော်တော်များများ စိုက်လာပြီးသား။ တောင်သူတွေမှာ စိုက်ပျိုးနည်းပညာ မသိတာမဟုတ်ဘူး၊ သိနေကြပြီးသား။ လွန်ခဲ့တဲ့ နှစ် ၂ဝ ကျော်တုန်းကတော့ ကျွန်တော်တို့ ကျောက်ဆည် တစ်ခရိုင်လုံးက ကြဲစိုက်တာ။ နောက်ပိုင်းမှ အထွက်ပိုကောင်းတဲ့ စိုက်တန်းနည်းကို စိုက်လာတာ။ တောင်သူတွေဟာ ကိုယ့်နားပတ်ဝန်းကျင်က စိုက်ကြသူတွေရဲ့ စနစ်ကို အတုခိုးနေကျပဲ။ ကိုယ့်နားမှာ စိုက်တန်းနဲ့စိုက်လို့ အထွက်ကောင်းတယ်ဟေ့ဆိုရင် တခြားသူတွေလည်း လိုက်အတုခိုးတာပဲ။ အဲ့ဒီလိုလူတွေအတွက် ကျွန်တော်တို့အနေနဲ့ ပညာပေးဖို့တော့ လိုမယ်ထင်တယ်။ သူတို့ရွာမှာ တစ်ဦး၊ နှစ်ဦးလောက် လုပ်ပြလိုက်ရင် တခြားသူတွေလည်း လိုက်လုပ်လာကြမှာပဲ။

မေး - စိုက်ပျိုးရေးဌာနရဲ့ ပညာပေးမှု မပျံ့နှံ့သေးတာလား။

ဖြေ - အဲ့ဒီမှာ နှစ်ဖက်လုံးမှာ အားနည်းချက်ရှိတာ။ စိုက်ပျိုးရေးဌာနကလူတွေက ရွာအုပ်စုအလိုက် တောင်သူတွေကို စပါး ဆိုလည်း သက်တမ်းအလိုက် မျိုးတွေကို ရှင်းပြတယ်၊ ပေါင်းဆေးနဲ့တကွ စိုက်ပျိုးရေးနည်းပညာကို ပေးတယ်။ ခက်တာက တောင်သူက အဲ့ဒီလိုဟာတွေကို မလာကြဘူး။ လာကြတဲ့တောင်သူတွေကလည်း ဟိုပွဲလည်း ဒီလူ၊ ဒီပွဲလည်း ဒီလူပဲလာကြသလိုဖြစ်နေတယ်။ အဲ့ဒီလူတွေကလည်း ပညာတတ်ပြီးသားတွေ၊ ဒီလူ ဒီလူတွေပဲ။ ဝန်ထမ်းရဲ့သဘောသဘာဝကလည်း ပွဲဖြစ်ဖို့၊ လူရှိဖို့ လိုတယ်။ ဝန်ထမ်းက သူခေါ်လို့ရတဲ့သူတွေကိုပဲ ထပ်ခေါ်တယ်။ မသိတဲ့သူတွေလည်း အစိုးရလုပ်တဲ့ဟာမို့ သွားမနေပါဘူး ဖြစ်ပြန်ရော။ မသိကြသေးတဲ့တောင်သူတွေရဲ့နေရာအထိ စိုက်ပျိုးရေးဌာနက သွားမပေးနိုင်၊ ခေါ်ပြန်တော့လည်း (တောင်သူက) မလာကြနဲ့။ နောက်တစ်ခုက စိုက်ပျိုးရေးဝန်ထမ်းတွေ အမြဲပြောလေ့ရှိတယ်၊ ကုမ္ပဏီကလုပ်တဲ့ပွဲဆို တောင်သူတွေ လာကြတယ်၊ လက်ဆောင်တွေပေးလို့။ ဌာနဆိုင်ရာဆိုရင် မပေးနိုင်တော့ မလာကြဘူး ဆိုတာမျိုး။ တောင်သူတွေကလည်း ငါတို့အထွက်နှုန်းတွေက နည်းပညာပေါ် မူတည်တယ် ဆိုတဲ့ အသိမျိုး မရှိကြဘူး။

မေး - ဒီနယ်မှာ ဌာနဆိုင်ရာတွေက ဘယ်လို စီမံမယ်ဆိုရင် တောင်သူတွေအတွက် ပိုထိ ရောက်မယ်လို့ ထင်ပါသလဲ။

ဖြေ - ပွင့်ပွင့်လင်းလင်းပြောရရင် နဂိုကတည်းက စာတော်လို့အောင်မယ့်ကလေးကို ထပ်တော်အောင် ပံ့ပိုးပေးပြီး ဂုဏ်ထူးထွက်တော့ ငါတို့ကျောင်းက ဂုဏ်ထူး ဘယ်နှစ်ယောက်ရတယ်လို့ လက်မထောင်နေကြသလိုပဲ ဖြစ်နေတာ။ ဒီနယ်က နှမ်းလည်း ကောင်းတယ်၊ မြေလည်း ကောင်းတယ်၊ မျိုးလည်း ကောင်းတယ်၊ တောင်သူတွေက စိုက်နည်းလည်း တတ်နေပြီးသား။ အဲ့ဒီနေရာကိုပဲ သွားသွားပြီး မွမ်းမံနေတာမျိုး ဖြစ်နေတယ်။ ဥပမာ ကုလားရွာပေါ့၊ နဝတ(ယခင် စစ်အစိုးရ) လက်ထက်ကလည်း စိုက်ပျိုးရေးဌာနသွားတာက ဒီရွာပဲ။ ပြီးခဲ့တဲ့အစိုးရလက်ထက်ကလည်း ဒီရွာနဲ့လက်တွဲတယ်။ လက်ရှိ အစိုးရမှာလည်း ဒီရွာနဲ့ပဲ။ တခြားရွာတွေကို မပျံ့နှံ့ဘူး။ ဌာနအနေနဲ့ ဒီရွာကတော့ ပညာရပြီ၊ ဟိုရွာမှာက ပညာအားနည်းနေသေးတယ်၊ ဒီနှစ်တော့ အားနည်းတဲ့ရွာကိုသွားကြမယ်၊ အဲ့ဒီလို စီမံချက်လေးတွေ ဆွဲပြီးတော့ လုပ်မယ်ဆိုရင်၊ ဒီတစ်နှစ်မှာ ဘယ်တိုက်နယ်က ဘယ်ရွာတွေက တောင်သူဘယ်နှစ်ဦးကို ပူးပေါင်း ဆောင်ရွက်၊ တစ်နှစ်နဲ့တစ်နှစ် ရွှေ့ပြောင်းပြီး လုပ်လိုက်နိုင်မယ်ဆိုရင် ပိုကောင်းမယ်။

မေး - အခု အစိုးရအပြောင်းအလဲမှာ ဌာနဆိုင်ရာတွေအနေနဲ့ တောင်သူတွေအတွက် ဘာတွေ ပြောင်းလဲလုပ်ပေးနိုင်တာ တွေ့လဲ။

ဖြေ - ဘာတွေပြောင်းလဲလာပြီလဲဆိုရင် ဆည်မြောင်းတွေဟာ အရင်တုန်းက အောက်ပိုင်းတွေက ရေမရဘူး။ ဘာလို့လဲဆိုတော့ ဆည်ရေပေးဝေတဲ့စနစ် အားနည်းခဲ့လို့။ ပင်မမြောင်းတွေ၊ မြောင်းလက်ခွဲတွေကို ရေပေးဝေတဲ့စနစ်ကြောင့် အောက်ပိုင်းတွေက ရေမရဘူး။ အဲ့ဒါကို စိုက်ပျိုးရေးဌာန၊ ဆည်မြောင်းဌာနတို့နဲ့ ကျွန်တော်တို့ ညှိနှိုင်းတိုင်ပင်ပြီး ရေပေးဝေတဲ့စနစ်ကို ပြောင်းလိုက်တော့ အခုရေကို ပျံ့ပျံ့နှံ့နှံ့ ပေးလာနိုင်ပြီ။ လိုအပ်နေသေးတာကတော့ မျိုးကောင်းမျိုးသန့်ပေးဖို့ပဲ။ ဌာနဆိုင်ရာက မျိုးကောင်းမျိုးသန့်ပေးတယ်လို့ ပြောကြတာပဲ။ ဒါပေမယ့် သုသေသနလုပ်စိုက်ပြီး မျိုးကောင်းမျိုးသန့်ပေးတာမျိုး မဟုတ်ဘဲနဲ့ သူတို့မျိုးပေး၊ သူတို့နဲ့ ထိစပ်ထားတဲ့ တောင်သူတွေဆီက မျိုးကိုပဲ ယူပြီး ဖြန့်ဝေတာ။

မေး - စိုက်ပျိုးရေး ထွက်ကုန်အတွက် စျေးကွက်အကြောင်း ပြောပါဦး။

ဖြေ - ကျွန်တော်တို့ တောင်သူတွေရဲ့ စိုက်ပျိုးတာမှာ ပထမဆုံး ရင်ခုန်ရတာက ရာသီဥတုပဲ။ ရာသီ ဥတုကနေ သီးနှံထွက်ပေါ်လာပြန်ရင်လည်း စျေးကွက်ကို ရင်ပြန်ခုန်နေကြရပြန်ရော။ ရာသီမှန်ပြီး ထွက်ကောင်းချိန်မှာ စျေးကွက်က ကျပြန်တော့ တောင်သူတွေမှာ စိတ်ဓာတ်ကျရပြန်ရော။ ရာသီဖောက်လို့ နှမ်းမရကြနဲ့ နှမ်းရှားချိန် စျေးက ပြန်လည်းကောင်းရော။ တောင်သူတွေမှာ ပိုခံစားကြရတယ်။ ဒါ့ကြောင့် စျေးကွက်ကို ခိုင်မာနေဖို့လိုတယ်။ စျေးကွက်ကိုလည်း နိုင်ငံ တစ်ခုတည်းပေါ်မှာ မှီခိုနေရတာမျိုးလည်း မဖြစ်စေချင်ဘူး။ ကုန်သည်ပွဲစားတွေမှာလည်း တစ်နယ်က နှမ်းအညံ့ကို နောက်တစ်နယ်က နှမ်းအကောင်းနဲ့ရောပြီး အမြတ်ပိုရအောင်လုပ်တော့ နိုင်ငံခြား စျေးကွက်မှာ အရည်အသွေးမကောင်းလို့ စျေးက နှိမ်ခံရပြန်ရော။ ကျွန်တော်တို့စျေးကွက်က တရုတ်ကိုပဲ မှီခိုနေရတာ။ ကျွန်တော်တို့မန္တလေးရဲ့ နှမ်းကိစ္စမှာ စျေးကွက်ကို ကုမ္ပဏီကြီး တစ်ခုတည်းကပဲ နောက်ဆုံးကိုင်ထားတာ။ အရင်တုန်းက ကုမ္ပဏီ လေးငါးခု ရှိခဲ့တယ်၊ သူက ငွေအားနဲ့ စျေးကစားလို့ တခြားကုမ္ပဏီတွေ ပြုတ်ကုန်ပြီ။ မန္တလေးမှာ ကုန်စည်ဒိုင် ရှိတယ်လို့သာပြောတာ၊ ကုန်စည်ဒိုင်အားလုံးက ဒီကုမ္ပဏီတစ်ခုတည်းကိုပဲ သွားထိုးရောင်းတာ၊ ဝယ်လက် အပြိုင် မရှိတော့ဘူး၊ လက်ဝါးကြီးအုပ်ပုံစံဖြစ်နေတယ်။ နောက်တစ်ချက်က ကျွန်တော်တို့ ပို့နေတဲ့ တရုတ် ဆိုတာလည်း ဂျပန်၊ ကိုရီယားကို ကျွန်တော်တို့ ပစ္စည်းတွေ ပြန်ပို့တာပဲ။ ကျွန်တော်တို့က ဂျပန်တို့၊ ကိုရီးယားတို့၊ ထိုင်ဝမ်တို့ကို တိုက်ရိုက်ဖောက်နိုင်ရင် ပိုအဆင်ပြေတယ်။ စျေးကွက်ကို တရုတ်က ကစားနေတာ။ ဒီဘက်အစိုးရကလည်း စျေးကွက်မှာ အနိမ့်ဆုံးစျေးတွေ မသတ်မှတ်ပေးနိုင်တော့ တရုတ်ကစားသမျှ တောင်သူတွေ ထိတာပဲ။ ကျွန်တော်တို့ဆီမှာ တရုတ်တွေ ဖရဲသီးလာစိုက်တာရှိတယ်။ သူတို့ကျတော့ ဟိုမှာ စျေးကွက်က ရပြီးသားဆိုတော့ မရှုံးဘူး။ ကျွန်တော်တို့စိုက်တာပဲ တရုတ်က (စျေး) ကစားလို့ ရှုံးကြတယ်။

မေး - နိုင်ငံခြားစျေးကွက်အထိ ထိုးဖောက်နိုင်အောင် ဘာလုပ်သင့်ပါသလဲ။

ဖြေ - အစိုးရအနေနဲ့က ပြည်တွင်းကုမ္ပဏီတွေကို နိုင်ငံတကာစျေးကွက်ရအောင် ချိတ်ဆက်ပေးတာတို့၊ ငွေကြေးအကူးအသန်းအတွက် အာမခံတာတို့ လုပ်ပေးဖို့လိုမယ်။ နိုင်ငံခြား တင်ပို့တာမှာ လုပ်ဆောင်ရတာတွေက တစ်နေရာတည်းမှာ မပြီးတဲ့ဟာကလည်း အားနည်းချက် တစ်ခုပဲ။ One Stop Service နဲ့ တစ်နေရာတည်းမှာ ပြီးပြတ်စေတဲ့ စနစ်မျိုးကိုလည်း ဖော်ဆောင်ပေးဖို့ လိုမယ်။ နယ်ခံကုန်သည်တွေ၊ ပွဲရုံတွေကလည်း ပစ္စည်းအရည်အသွေးကို အာမခံနိုင်တဲ့ အနေအထားမျိုးကို လုပ်ပေးဖို့လိုမယ်။ တောင်သူကလည်း မျိုးကောင်းမျိုးသန့်ကို စိုက်မယ်။ တချို့နိုင်ငံတွေက အသီးအနှံတွေမှာ ဘာဆေးသုံးထားတဲ့ အသီးဆို လက်မခံ၊ ဓာတ်မြေသြဇာ သုံးထားတာဆို လက်မခံ ဆိုတဲ့ သတ်မှတ်ချက်တွေရှိတော့ တောင်သူတွေ အနေနဲ့လည်း စိုက်ပျိုးတာမှာ နည်းစနစ်တကျနဲ့ စျေးကွက် တန်းဝင်အောင် စိုက်ပျိုးနိုင်ဖို့တော့ လိုမယ်၊ အဲ့ဒါမျိုးဆိုရင် အဆင်ပြေသွားမယ်လို့ ထင်တယ်။ ။

ထက်ခေါင်လင်း/Myanmar Now


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်