အိန္ဒိယနိုင်ငံမှ မျိုးအဆင့်မြင့် မြှင့်ထားတဲ့ ရေချိုငါးမြစ်ချင်း မျိုးငါးသားပေါက်များ G to G စနစ်ဖြင့် မှာယူတင်သွင်းခွင့်ရရှိနိုင်ရန် မြန်မာနိုင်ငံ ငါးမွေးမြူရေးလုပ်ငန်းရှင်များအသင်းမှ သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီးဌာနထံ တင်ပြတောင်းဆိုခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တွင် ဇွန်လ ၂၈ ရက်က ကျင်းပပြုလုပ်သည့် ၁၁/၂၀၁၉ ကြိမ်မြောက် ငါးလုပ်ငန်းကဏ္ဍဆိုင်ရာ လုပ်ငန်းရှင်များ ပုံမှန်တွေ့ဆုံဆွေးနွေးပွဲတွင် တင်ပြတောင်းဆိုခဲ့ခြင်းဖြစ်သည်။
“အိန္ဒိယနိုင်ငံမှာ ငါးမြစ်ချင်းကို မျိုးမြှင့်ထားတယ်။ အခုမျိုးမြှင့်တင်ထားတဲ့ ငါးသားပေါက်တွေ ရရှိနေပြီ။ ဒါကို ကျွန်တော်တို့အနေနဲ့ ဝယ်ယူတင်သွင်းလို့ ရနိုင်မလား။ ရနိုင်မယ်ဆိုရင် ကျွန်တော်တို့ မွေးမြူရေးလုပ်ငန်းရှင်တွေအတွက် များစွာအဆင်ပြေပါတယ်။ ဒါကို လုပ်ငန်းရှင်တွေအနေနဲ့ ဝယ်ယူခွင့်မရှိဘဲ အစိုးရချင်း G to G ဖြစ်တဲ့ ငါးလုပ်ငန်းဦးစီးဌာနအနေနဲ့ ချိတ်ဆက်ပြီးမှ ဝယ်ယူ တင်သွင်းခွင့်ရရှိမှာဖြစ်တယ်။ ဒါကို တင်ပြတာပါ။” ဟု မြန်မာနိုင်ငံ ငါးမွေးမြူရေးလုပ်ငန်းရှင်များအသင်း ဒုတိယ ဥ က္ကဋ္ဌ ဒေါက်တာ မြင့်ဆွေက ပြောသည်။
အိန္ဒိယနိုင်ငံ၏ ရေချိုငါးသုတေသနဌာနမှ အဆင့်မြှင့်တင်ထားသော ငါးမြစ်ချင်းငါးအမျိုးအစားသည် မြန်မာနိုင်ငံရှိ ငါးမြစ်ချင်းငါးမျိုးစေ့ထက် ကြီးထွားနှုန်း ၁ ဆခွဲမက ရှိနေခြင်းကြောင့် မြန်မာနိုင်ငံအနေဖြင့်လည်း ငါးသားပေါက် မျိုးစေ့နည်းပညာသစ်ကို စတင်အကောင်အထည်ဖော်မွေးမြူနိုင်မည်ဖြစ်ကြောင်း သိရသည်။
“ဒီ မျိုးစေ့ နည်းပညာအပြောင်းအလဲလေးကို ယူလို့ရတယ်ဆိုရင် ကောင်းပါတယ်။ အိန္ဒိယက ငါးမြစ်ချင်းကို အဓိကထားမွေးမြူရေးလုပ်တဲ့ လုပ်ငန်းဖြစ်တဲ့အတွက်ကြောင့် ငါးရောဂါ ရှိ၊ မရှိ နောက်ပြီး မျိုးမြှင့်တင်ဆောင်ရွက်မှုတွေကို တစိုက်မတ်မတ်နဲ့ လုပ်ဆောင်နေတဲ့ နိုင်ငံဖြစ်တယ်။ နော်ဝေးနိုင်ငံရဲ့ နည်းပညာကို သူတို့က ရရှိထားတယ်။ ငါးမြစ်ချင်းက ၃ နှစ်နေမှ တစ်ကြိမ် မျိုးမြှင့်လို့ရတယ် ။ အရင် တစ်ပိဿာရှိတဲ့ငါးက အခုဆိုရင် ၁ ပိဿာခွဲရှိတဲ့ အနေအထားမျိုးဖြစ်သွားပြီ။ ဒါကို မွေးမြူနိုင်မယ်ဆိုရင် အကျိုးအမြတ် များစွာရှိနိုင်တယ်။” ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင် က ပြောသည်။
အိန္ဒိယနိုင်ငံ၏ မျိုးအဆင့်မြင့်မြှင့်ထား ငါးမြစ်ချင်းငါးသားပေါက်များကို တင်သွင်းမှာယူခွင့်ရရှိရန်အတွက် သက်ဆိုင်ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံ တင်ပြပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိုင်းမှူး ဦးလှဌေးက ပြောသည်။
ထို့အပြင် အိန္ဒိယမှ အဓိကမှာယူတင်သွင်းခွင့် မရခင်အချိန်ထိ ငါးမွေးမြူရေးလုပ်ငန်းရှင်များသည် မွေးမြူပုံနည်းစနစ်များ၊ ရေမြေအခြေအနေတို့အပြင် ဈေးကွက်အခြေအနေကိုလည်း ကြိုတင်တွက်ဆပြင်ဆင်ရန် လိုအပ်ကြောင်း သိရသည်။
အေးအေးမြင့်(ABM)