နှလုံးသားဖြင့်ရေးဖွဲ့သီကုံးပါသည်
စာရှည်ရှည်မဖတ်ချင်သူများကျော်သွားကြပါကုန်ll
နေ့နေ့ညည အတွေးထဲရောက်လာသောစိတ်ကူးများ ငါ တာဝန်ကျေပြီလား
ကျွန်မတို့နိုင်ငံက စိုက်ပျိုးရေးနိုင်ငံတဲ့ ကျေးဇူးရှင်တောင်သူဦးကြီးများတဲ့ လာလိုက်တဲ့ အထောက်အပံ့တွေ ခေါင်းစဥ်အမျိုးမျိုးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဆင်းရဲနွမ်းပါးမှုလျော့ချရေး၊ လုပ်ကွက်ငယ်တောင်သူများ၏ လူနေမှုဘဝမြှင့်တင်ရေး၊ အစားအစာဘေးကင်းလုံခြုံရေးနှင့် အဟာရပြည့်ဝစေရေး၊ အိမ်ခြံဥယျာဥ်စိုက်ပျိုးရေး၊ စျေးကွက်ဝင်သီးနှံစိုက်ပျိုးခြင်းနှင့် စျေးကွက်ချိက်ဆက်ပေးခြင်း၊ သဘာဝမြေသြဇာ သစ်စိမ်းမြေသြဇာသုံးစွဲပြီး မြေဆီလွှာထိန်းသိမ်းပေးခြင်း၊ တောင်သူအစုအဖွဲ့များနှင့် လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် စျေးကွက်ယှဥ်ပြိုင်နိုင်စွမ်း ပိုမိုကောင်းမွန်လာခြင်း၊ အမျိုးသမီးနှင့် လူငယ်တောင်သူများ လယ်ယာလုပ်ငန်းခွင်တွင် ပူးပေါင်းပါဝင်မှု ပိုမိုမြှင့်တင်စေရေး စတဲ့ခေါင်းစဥ်ပေါင်းများစွာနဲ့ စိုက်ပျိုးရေးကိုအခြေပြုတဲ့ နိုင်ငံတကာရန်ပုံငွေ အထောက်အပံ့တွေ ကမ္ဘာ့ဘဏ် အာရှဘဏ် စတာတွေကနေ အတိုးနှုန်းနည်းနည်းနဲ့ ချေးငွေတွေယူပြီး အစိုးရကိုယ်တိုင် ဒါမှမဟုတ် အပြည်ပြည်ဆိုင်ရာအစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ (INGOs) ၊ ပြည်တွင်း အစိုးရမဟုတ်သောအဖွဲ့အစည်းများ (LNGOs)၊ ရပ်ရွာအခြေပြုလူမှုအဖွဲ့အစည်းများ (CBOs) တွေ ကတာဝန်ခံပြီး မြန်မာနိုင်ငံအနှံ့အပြားမှာ လုပ်ဆောင်နေကြပါတယ်။
ကဲ ဒါဆို ကျွန်မတို့ပြန်ပြီး သုံးသပ်ကြည့်ကြရအောင်။ ကိုယ့်ပေါင် ကိုယ် လှန်ထောင်းရမှာဆိုတော့ ခပ်ဖွဖွဘဲပေါ့
စီမံကိန်းတစ်ခုလုပ်ရဖို့အတွက် အရင်ဆုံး အဆိုပြုလွှာတင်ရပါတယ်။ အလှူရှင်အဖွဲ့ကချမှတ်ထားတဲ့ မူဘောင်နဲ့ကိုက်ညီအောင် ရေးဆွဲတင်သွင်းရပါတယ်။ အလှူရှင်အဖွဲ့တွေရဲ့ စိတ်ဝင်စားမှုနယ်ပယ်လည်း မတူကြပါဘူး။ အဆိုပြုလွှာမှာ သုံးစွဲမဲ့ဘတ်ဂျက်ပါ ရေးဆွဲရပါတယ်။ အများအားဖြင့်တော့ ၃၀% သို့မဟုတ် ၃၅% က အဖွဲ့အစည်းရဲ့ စီမံခန့်ခွဲမှုကုန်ကျစားရိတ်ကိုသုံးစွဲပြီး ကျန်ဘတ်ဂျက်ကို စီမံကိန်းဆောင်ရွက်ဖို့ လိုအပ်တဲ့ နည်းပညာသင်တန်းပေးတာ အလုပ်ရုံဆွေးနွေးပွဲလုပ်တာ လေ့လာရေးခရီး မျိုးစေ့ သွင်းအားစု စတာတွေအတွက် သုံးစွဲကျခံပေးပါတယ်။
ကျွန်မက စိုက်ပျိုးရေးသမားတစ်ယောက်ပါ။ ပညာရှင်လို့ ခေါင်းစဉ်မတပ်ချင်ပါ။ LNGO အဖွဲ့လေးတစ်ခုကို ဦးဆောင်နေသူပါ။ ရာစုနှစ် နှစ်စုနီးပါး ကျေးလက်ဒေသတောင်သူများအတွက် နည်းပညာပေးတာတွေ ခေါင်းစဥ်အမျိုးမျိုးနဲ့စီမံကိန်းတွေ မြန်ပြည်တလွှား လုပ်ခဲ့တဲ့အတွေ့အကြုံတွေကို ပြန်ဆန်းစစ်ကြည့်ရင် တောင်သူတွေ တကယ်ရသွားကြရဲ့လား? ပေးလိုက်တဲ့နည်းပညာက သူတို့အတွက် အမှန်လိုအပ်ချက်ဟုတ်ပါသလား? ရေရှည်လိုက်နာနိုင်ရဲ့လား?ပွဲပြီးမီးသေ စီမံကိန်းလည်းပြီး ဒုံရင်းကဒုံရင်းဘဲဆိုရင်တော့ နိုင်ငံတကာကအလှူငွေတွေ အဟောသိကံဘဲပေါ့။
ဘယ်သူတွေ ရလိုက်ကြတာလဲ/ ပညာရှင်ဆိုတဲ့ခေါင်းစဉ်အောက်က နိုင်ငံတကာကျွမ်းကျင်ပညာရှင်တွေ ပြည်တွင်းကျွမ်းကျင်ပညာရှင်တွေ စီမံကိန်းကခန့်ထားတဲ့ ဒေါ်လာစား လစာများများခံစားရတဲ့ဝန်ထမ်းတွေပဲ ရသွားကြပြီး အိမ်တွေဆောက်ကြ၊ တိုက်ခန်းဝယ်ကြ၊ ကားတွေဝယ်စီးနိုင်သွားကြတာလား?
စီမံကိန်းက အကျိုးခံစားခွင့်ရတောင်သူတွေဘဝ ဘယ်လောက်ပြောင်းလဲအောင် လုပ်ပေးနိုင်ခဲ့ပါသလဲ? တကယ်ဘဲ ဆင်းရဲနွံ အကြွးနွံက ဆွဲတင်ပေးနိုင်ခဲ့ပြီလား? ခေတ်နဲ့ကိုက်ညီပါတယ်ဆိုတဲ့ ရာသီဒဏ်ခံစိုက်ပျိုးရေး၊ ကောင်းမွန်သော စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ စတာတွေကို သူတို့ကိုယ်တိုင် လိုလိုချင်ချင်လက်တွေ့ကျကျ ကျင့်သုံးကြဖို့ ရင်ဘတ်ထဲထိရောက်အောင် ကျွန်မတို့လုပ်ပေးနိုင်ခဲ့ပါသလား????? မေးခွန်းပေါင်းသောင်းခြောက်ထောင် ကျွန်မအတွေးထဲရောက်နေတာ အတော်ကြာနေပြီ။
စီမံကိန်းတခုဆိုတာ ကျွန်မနားလည်သလို ရိုးရိုးလေးပြောကြည့်မယ်နော်
တောင်သူကိုယ်တိုင်လုပ်ချင်တာ ဖြစ်ရမယ်။ ဒေသရဲ့အမှန်တကယ်လိုအပ်နေတာလည်း ဖြစ်ရမယ်။ ပေးလိုက်တဲ့နည်းပညာကလည်း တောင်သူအများစု လက်လှမ်းမီပြီး လိုက်နာလုပ်ဆောင်နိုင်ရပါမယ်။ ခေတ်စနစ်စျေးကွက်တွေနဲ့လည်း ဟန်ချက်ညီရပါမယ်။ နည်းပညာပေးမဲ့ပညာရှင်တွေ စီမံကိန်းကဝန်ထမ်းတွေကလည်း ပညာရပ်ကို ကျွမ်းကျင်ပိုင်နိုင်ရုံသာမကဘဲ ကိုယ်ပို့ချရမဲ့တောင်သူတွေ အများစုနားလည်လိုက်နာနိုင်အောင် ရှင်းလင်းစွာပို့ချဆွေးနွေးန်ိုင်ရပါမယ်။ ဖွံ့ဖြိုးရေးသမားဆိုတာ နှလုံးသားနဲ့ အလုပ်လုပ်ရပါမယ်။
ကျွန်မတို့ရခဲ့တဲ့ ပထမဆုံး သင်ခန်းစာခါးခါးလေးကိုဘဲ မျှဝေချင်ပါတယ်
UNDP စီမံကိန်းမှာ အာလူးနှောင်းပင်နာကျ ရောဂါဒဏ်ခံနိုင်ရှိသော အာလူးမျိုးစေ့ထုတ်လုပ်ခြင်းနည်းပညာ (True Potato Seed Demonstration Project) ကို ရှမ်းပြည်နယ်တောင်ပိုင်းက ကလော၊ ပင်းတယ၊ ရွာငံ၊ ပင်လောင်းနဲ့ညောင်ရွှေမြို့နယ် ၅ ခုက ရွာ၅ ရွာ စီ နဲ့စုစုပေါင်း၂၅ ရွာမှာရှိတဲ့တောင်သူ ၂၅ ဦးနဲ့ ဆောင်ရွက်ခဲ့ကြရပါတယ်
ခုနက အပေါ်မှာထောက်ပြခဲ့တဲ့ပေတံနဲ့ တိုင်းပါ့မယ်
၁. အဲဒီနည်းပညာဟာ တောင်သူကလုပ်ချင်လို့ တောင်းခဲ့တဲ့ နည်းပညာမဟုတ်ပါ။
၂. ပညာရှင်အမြင်အရတော့ နှောင်းပင်နာကျရောဂါကြောင့် အာလူးစိုက်တောင်သူတွေ ဆုံးရှုံးနစ်နာနေတဲ့အတွက် လုပ်သင့်တဲ့နည်းပညာဖြစ်နေတယ်။
၃. တောင်သူတွေလက်လှမ်းမီတဲ့ နည်းပညာမဟုတ်နေဘူး။ အရမ်းကိုလက်ဝင်ပြီး အသေးစိတ်လုပ်ဆောင်ချက်တွေပါနေတယ်။
၄.အာလူးမျိုးဥရလာရင်လည်း သေချာတဲ့စျေးကွက်ကရှိမနေဘူး။
၅. နည်းပညာကို တာဝန်ခံကြီးကြပ်ပေးမဲ့သူတွေကိုယ်တိုင်လည်း စာတွေ့လောက်ဘဲရှိပြီး သေသေချာချာ လက်တွေ့မလုပ်ခဲ့ဘူးသေးပါ။
ထပ်ပြီး ဘူးလေးရာဖရုံဆင့် မအောင်မြင်သော စီမံကိန်းလို့ နာမည်ဆိုးဆိုးရသွားရတဲ့ အကြောင်းတရားတွေကို ပြောပြရရင် UNDP Township Officer တွေက သူတို့မြို့နယ်မှာ ပညာပျံ့ပွားစေရေးဆိုတဲ့ ရည်ရွယ်ချက် POP အဆင်းရဲဆုံးသူ အကျိုးခံစားခွင့်ရရှိစေရေးဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ရွေးချယ်ပေးထားတယ်။ သူတို့ရွေးပေးထားတဲ့ ရွာ ၅ ရွာက ပြန့်ကျဲနေတယ်။ တစ်မြို့နယ်မှာ တာဝန်ခံကတစ်ယောက်တည်းရယ်။ စိုက်ရာသီအမီ မျိုးစေ့နဲ့ မြေသြဇာအပြေးအလွှားဝေပေး၊ နည်းပညာကို တက်သုတ်ရိုက်ဟောပြောပေးခဲ့ပြီး နောက်တစ်ရွာကို သုတ်ခြေတင် ၅ ရွာပြည့်လို့ တစ်ခေါက်ပြန်လာတော့ သရုပ်ပြကွက်အတွက်ထည့်ရမဲ့ မြေသြဇာတွေက သူတို့ရဲ့မြေပဲခင်း ပြောင်းခင်းတွေမှာထည့်လိုက်ကြပြီ စီမံကိန်းသရုပ်ပြကွက်အတွက် ပေးထားတဲ့နေရာက သူတို့မစိုက်တဲ့ မြေအညံ့ ရွာနဲ့ဝေးတဲ့နေရာမှာ တာဝန်ခံတွေဆို အတော်ပင်ပန်းကြတယ်။ သေချာလုပ်တဲ့သူကို ဆိုလိုတာပါ။ တချို့မြို့နယ်တာဝန်ခံတွေဆီ ကျွန်မ ကွင်းလိုက်စစ်တော့ ဝေးတဲ့ရွာတွေက သရုပ်ပြကွက်နေရာတောင် မရောက်တဲ့သူရှိသေးတယ်။ တာဝန်ခံဆိုတာ ကျွန်မတို့အဖွဲ့ကခန့်ထားတဲ့ စိုက်ပျိုးရေးဝန်ထမ်းကို ပြောတာနော်။
အာလူးမျိုးစေ့ဆိုတာ နှမ်းစေ့လောက်သေးတာ။ တစ်ဧကစိုက်ဖို့ မျိုးစေ့ ၅ ထုပ်လိုအပ်တယ်။ စိုက်ဘောင်ဆွဲ မြေကိုမှုန့်ညက်အောင်ပြင် စိုက်ကြောင်းဖော် ကြွက်မြီးတန်းပါးပါးလေးမျိုးစေ့ချပြီး ဇကာတိုက်ထားတဲ့နွားချေးမှုန့် ပါးပါးဖြူး အပေါ်က ကောက်ရိုးပါးပါးအုပ် မိုးရေတိုက်ရိုက်မကျအောင် ယာယီအမိုးလုပ်ပေး ကြက်၊ ဝက်၊ ခွေး ရန်ကာကွယ်နိုင်ဖို့ ပျိုးဘောင်ပတ်ပတ်လည် ဝါးခက်နဲ့ကာပေး အမလေး လက်ဝင်ချက် ...
တာဝန်ခံကိုယ်တိုင် စောင့်ပြီးကြီးကြပ်ပေးမှ အဆင်ချောတာ။ နို့မို့ဆို မျိုးစေ့မပေါက်လို့ နှစ်ခါပြန် သုံးခါပြန် ထပ်ပေးရတော့ မူလတွက်ချက်မှုမှာ မထည့်ထားမိတဲ့ အိတ်စိုက်ကိစ္စတွေပေါ့။
တစ်လသားရှိတော့ စိုက်ကွင်းရွှေ့စိုက်ချိန်မှာလည်း ပျိုးပင်တွေကို တစ်ပင်ချင်းစိုက်ရတာ။ မြေကို သေချာထွန်ယက်ဖို့ နွားချေးဝယ်ထည့်ဖို့ ပိုက်ဆံကုန်ကျစားရိတ် လုပ်ခပေးထားပေမဲ့ သေချာလိုက်နာသူက မရှိသလောက်ပဲ။ တာဝန်ခံခမျာမလဲ ဆိုက်ကယ်တစ်စီးနဲ့ ကိုယ့်မြို့နယ်က ရွာ ၅ ရွာကို မနည်းကြိုးစားပြီး ပတ်နေရရှာတယ်။
ဆင်းရဲတဲ့တောင်သူ တစ်နေ့လုပ် တစ်နေ့စားပါဆိုမှ ပညာအခြေခံကလည်းအားနည်း ကိုယ့်ထမင်းနပ်စေ့ဖို့ အရင်စဥ်းစားနေရတာလေ။ အဲဒီတော့ စီမံကိန်းကပေးတဲ့နည်းပညာအတွက် အားမထည့်နိုင်ကြဘူးပေါ့။
ကျွန်မတို့ရေးဆွဲတင်ခဲ့တဲ့ စီမံကိန်းအဆိုပြုလွှာမှာ တစ်ဧကကုန်ကျစရိတ်၊ အာလူးအထွက်နှုန်း၊ မျိုးဥပြန်ရောင်းရဝင်ငွေ အားလုံးက တွက်ရေးက စက်သူဌေး Paper Work မှာတော့ အိုကေ စိုပြေဘဲပေါ့။
အာလူးဖော်ချိန်လည်းရောက်ရော အဲဒီမှာစတွေ့တော့တာပဲ။ မိုးများလို့ အာလူးဥတွေပုတ်ကုန်လို့ အထွက်သုည အာလူးဥ သိုလှောင်စဥ်ပုတ်သွားလို့ ဇီးရိုး ဝင်ငွေ အထွက်ရတဲ့အာလူးမျိုးဥကို မျိုးစျေးနဲ့ရောင်းပါလို့ ပြောထားပေမဲ့လည်း ဟင်းစားလုပ်လိုက်ကြတယ်။
အဲဒီပရောဂျက်မှ မကွဲခံနိုင်ရိုးလား။ အကျိုးဆက်ကတော့ မအောင်မြင်သော ပရောဂျက်ဆိုပြီး UNDPTownship Officer များက ထောက်ခံချက်မပေးလေတော့ နောက်ဆုံးရမဲ့ ဘတ်ဂျက် ၂၀% ထုတ်လို့မရတော့ဘူးပေါ့။ သေပြီဆရာပဲ။
သို့ပါသော်လည်း အဲပေါ့လေ။ ဘုရား တရား သံဃာ မိဘ ဆရာများရဲ့ ဂုဏ်ကျေးဇူးနဲ့ တစ်နှစ်ခန့်ကြာပြီးမှ ပြန်ထုတ်ပေးပါတယ်။
ခါးသီးသောအတွေ့အကြုံတွေက ကျွန်မကို ဖွံဖြိုးရေးလောကက ထွက်ပြေးချင်လောက်အောင် တွန်းအားပေးခဲ့ပါတယ်။
သူငယ်ချင်းမိတ်ဆွေကောင်းတွေရဲ့ အားပေးကူညီမှုကြောင့်သာ ကျွန်မ ဒီလောကမှာ ဆက်လက်ရှင်သန်နိုင်ခဲ့ရတာပါ။
အာလူးပရောဂျက် ရဲ့ Sucess Story တစ်ပုဒ်ရခဲ့တာကလဲ ကျွန်မအတွက် အားဆေးတစ်ခွက်ဖြစ်ခဲ့ရပါတယ်။ ကလောမြို့နယ် ကုန်းပေါ်ကျေးရွာက တောင်သူ ဦးဘလွန်းဟာ ကျမတို့ရဲ့နည်းပညာကို သေချာလိုက်နာပြီးလုပ်ဆောင်ခဲ့တဲ့အတွက် အာလူးမျိုးဥ ထုတ်လုပ်ရောင်းချခဲ့ပြီး စီမံကိန်းပြီးသွားချိန်မှာလည်း ဆက်ပြီးဇောက်ချလုပ်ကိုင်ခဲ့တဲ့အတွက် ခုတော့ ရွာ့မျက်နှာဖုံးအဖြစ်နဲ့ တိုက်ခံအိမ် ထော်လာဂျီ သားသမီးပညာရေး လှူရေးတန်းရေး အားလုံးပြည့်စုံနေပါပြီ။ သူ့အကြောင်းကို အင်တာဗျူးထားတဲ့ စာပေလောကကပျောက်နေတဲ့ ဂျင်းကောင်ကို အကူအညီတောင်းပြီးရေးခိုင်းရအုံးမယ်။
၁၅ နှစ်ခန့်ကြာသော် အမှားတွေပြင်ရင်း ဖျက်ရင်း ခဲဖျက်လဲကုန် correction pen လည်း မှင်ကုန်တော့မှ ရေးတေးတေးလေး ဟုတ်လာပြီ....
အခုနောက်ဆုံးလုပ်ခဲ့တဲ့ LIFT Fund နဲ့ ပရောဂျက် အောင်မြင်ခဲ့ပါတယ်။ ကျမတို့ရဲ့ဆရာကြီး ဦးမောင်မောင်ထွေး ဦးဆောင်ခဲ့တာပါ။ အညာဒေသရဲ့ ပျက်စီးနေတဲမြေကို ပိုက်ဆံလျော်စိုက် ထယ်ထိုးမြေမြှုပ် သစ်စိမ်းမြေသြဇာကျွေးပေးတဲ့ နည်းပညာပေးခဲ့တာ။ မျိုးကောင်းမျိုးသန့်တွေကို စိုက်ပျိုးရေးဌာနကမှာယူပြီး တောင်သူ့လက်အရောက် ပို့ပေးပြီးစိုက်ခိုင်းခဲ့တာ။ စိုက်ပျိုးရေးနည်းပညာတွေကို လယ်သမား လယ်ကွင်းသင်တန်းကျောင်းတွေဖွင့်ပြီး ပို့ချပေးခဲ့တာ။ တောင်သူအစုအဖွဲ့တွေ ကျေးရွာအဆင့်ဖွဲ့ပေးနိုင်ခဲ့တာ တစ်လတစ်ကြိမ်ပုံမှန် လယ်သမားများတွေ့ဆုံဆွေးနွေးပွဲတွေလုပ်ပေးခဲ့တာ တောင်သူလေ့လာရေးခရီးစီစဉ်ပေးခဲ့တာ အားလုံးတော်တော်များများ တောင်သူတွေရလိုက်ကြတယ်။ စီမံကိန်းက မျှော်မှန်းထားတဲ့အတိုင်း တောင်သူများအတွက် ရေရှည်တည်တံ့တဲ့နည်းပညာ ဖြန့်ဝေပေးနိုင်ခဲ့ပါတယ်။
ကျွန်မစိတ်ထဲမှာ ဘဝင်မကျတာတစ်ခု ရင်ခံနေတာတစ်ခုကတော့ စီမံကိန်းပြီးဆုံးချိန် သုံးသပ်ဆွေးနွေးပွဲ ကျင်းပခဲ့တာကိုလေ...
စီမံကိန်းပြီးတဲ့အချိန်မှာ စီမံကိန်းနဲ့ပတ်သက်တဲ့ အလွှာပေါင်းစုံပါဝင်သော လုပ်ငန်းသုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပလေ့ရှိပါတယ်။ အဲလိုပွဲမျိုးက ချဲ့ရင်ချဲ့သလို ပိုက်ဆံတွေအများကြီးသုံးကြတယ်။
အခုပွဲမှာ လူ ၂၀၀ ကျော်ဖိတ်ကြားပြီး နေပြည်တော်က ဟိုတယ်ကြီးတစ်ခုမှာ ကျင်းပတာလေ။ စီမံကိန်းရွာသားတွေ စီမံကိန်းဝန်ထမ်းတွေ ဧည့်သည်တွေက ဟိုတယ်မှာတည်းကြတယ်။ ရပ်ဝေးကဧည့်သည်အတွက် ခရီးစားရိတ် ခန်းမငှားခ အစားအသောက်ကျွေးမွေးခ အမလေးလေး မနည်းဘူးပဲ။ တစ်ရက်အတွက်သုံးခဲ့တာလေ။ ဘာတွေရလိုက်သလဲလို့မေးရင် ကျွန်မအမြင်မှာတော့ ဘာမှသိပ်မရလိုက်ပါဘူး။ အသက်ရလာတော့ အဲလိုပါးပါးပုတ်တဲ့ပွဲတွေကို ခံစားလို့မရတော့ဘူး။ အဲသလောက်ကုန်မဲ့ပိုက်ဆံတွေကို ရွာမှာဖွဲ့ပေးခဲ့တဲ့ အစုအဖွဲ့တွေအတွက် မျိုးစေ့ဘဏ် ဒါမှမဟုတ် အစုအဖွဲ့လှည့်ပတ်ရံပုံငွေထည့်ပေးရင် ပိုအကျိုးရှိမယ်လို့ မြင်မိတယ်။ မလိုအပ်ဘူး မလုပ်ရဘူးလို့ ပြောချင်တာမဟုတ်ဘူး လိုသလောက်ဘဲသုံးစေချင်တာပါ။
မအိပ်မနေ ညလုံးပေါက်တွေးမိတွေးရာ ရေးထားတာအတော်ရှည် သွားပြီဆိုတော့ ခန ရပ်ပါမယ်။
အတွေးတွေ ရေးစရာကျန်ပါသေးတယ်။ ဆက်ရေးချင်ပါသေးတယ်
နေခြည်နွေနွေး (ရွှေရောင်လွင်ပြင်)
မှတ်ချက်--ယခင်က ဂျာနယ် သတင်းစာဆောင်းပါးရေးရင် အောင် (ရွှေရောင်လွင်ပြင်)ကလောင်နဲ့ရေးပါတယ်
ခု ကလောင်က ရေဆင်းတက္ကသိုလ်မှာကဗျာရူး စာရူး ထခဲ့စဉ်က သုံးခဲ့တဲ့ကလောင်နာမည်ပါ။ သည်းခံဖတ်ရှုအားပေးသူများအားကျေးဇူးပါ။