စပါးခွံကို စိုက်ခင်းများမှာ ပြန်အသုံးပြုရင် ရရှိမယ့် ကောင်းကျိုးအသွယ်သွယ်

26/12/2023 16:30 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

စပါးခွံဆိုတာ စပါးစိုက်ပျိုးရာကနေ အများဆုံးထွက်ရှိတဲ့ သဘာဝစွန့်ပစ်ပစ္စည်း ဖြစ်ပါတယ်။ စပါးခွံတွေဟာ စပါးရိတ်သိမ်းရာမှာ ထုထည်အားဖြင့် ၂၀ ရာခိုင်နှုန်း ထွက်ရှိတဲ့ သဘာဝပစ္စည်း‌တွေလည်း ဖြစ်ပါတယ်။ စပါးခွံကို မွေးမြူရေးလုပ်ငန်းတွေနဲ့ သီးနှံတွေစိုက်ပျိုးရာမှာ ပြန်လည် အသုံးပြုခြင်းဖြင့် ကောင်းကျိုးတွေ ရရှိနိုင်တာလည်း ဖြစ်ပါတယ်။ 

စပါးခွံကို မြေပြင်ရာမှာ ထည့်သွင်းအသုံးပြုနိုင်သလို မြေဆွေး၊ ပေါင်းခံရည်ပြုလုပ်ပြီး ဥယျာဥ်ခြံမြေတွေမှာလည်း အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ အနောက်နိုင်ငံအချို့မှာဆိုရင် စပါးခွံကို ငွေကုန်ကြေးကျခံပြီး ဝယ်ယူအသုံးပြုကြရပါတယ်။ နောက်တစ်ချက်အနေနဲ့ စိတ်ဝင်စားစရာကောင်းတာက စပါးခွံတွေ ပေါများနေခြင်းကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေ ပေါ်ထွက်လာခဲ့တာပဲ ဖြစ်ပါတယ်။ ဥပမာအားဖြင့် စပါးခွံမှာရှိတဲ့ ဂုဏ်သတ္တိတွေကြောင့် အဆောက်အဦးကုန်ကြမ်း ပစ္စည်းအဖြစ်အသုံးပြုနိုင်တာတွေ၊ သဘာဝလောင်စာနဲ့ လျှပ်ကာ(ကြားခံ)ပစ္စည်းအဖြစ် အသုံးပြုနိုင်တာတွေ ဖြစ်ပါတယ်။ စပါးခွံကို ပြန်လည်ပြည့်ဖြိုးမြဲ လောင်စာအရင်းအမြစ် အနေနဲ့ ပြီးပြည့်စုံတဲ့ သဘာဝစွန့်ပစ်ပစ္စည်းအဖြစ် ရှာဖွေတွေ့ရှိလာခဲ့ကြတာ ဖြစ်ပါတယ်။

ယခုဆောင်းပါးမှာတော့ စပါးခွံကနေ ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။ 

(၁) စပါးခွံတွေဟာ ဆီလီကာဓာတ် အများစုနဲ့ ဖွဲ့စည်းထားတာကြောင့် မြေဆီလွှာ ပြုပြင်ရာမှာ အလွန်အသုံးဝင်တဲ့ ပစ္စည်းဖြစ်ပါတယ်။

ဆီလီကာဓာတ်ဟာ အပင်ရဲ့ ဆဲလ်နံရံတွေကို တောင့်တင်းခိုင်မာစေပြီး အပူဒဏ်နဲ့ ရေငတ်ဒဏ်တွေကို ခံနိုင်ရည်ရှိအောင် လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မြေပြုပြင်ရာမှာ စပါးခွံထည့်ပေးခြင်းအားဖြင့် ဆီလီကာဓာတ်တွေကို အချိန်ကြာမြင့်စွာ ရရှိနေမှာလည်း ဖြစ်ပါတယ်။ အိမ်မှာရှိတဲ့ အပင် (ပန်းအိုး) တွေထဲကို စပါးခွံထည့်ထားမယ်ဆိုရင် မပြိုကွဲဘဲ အချိန်ကြာမြင့်စွာ ရှိနေတာကို အသုံးပြုဖူးသူတိုင်း သတိထားမိကြမယ်ထင်ပါတယ်။ ၎င်းအခြေအနေကြောင့်ပဲ ရာသီပေါင်းများစွာ ကြာသည့်တိုင်အောင် မြေဆီလွှာထဲကို ဆီလီကာဓာတ်တွေ ထည့်ပေးနိုင်မှာ ဖြစ်ပါတယ်။ ထို့အပြင် စပါးခွံထည့်ပေးခြင်းဟာ မြေဆီလွှာမှာ လေဝင်လေထွက်ကောင်းအောင်လည်း ကူညီပေးနိုင်ပါတယ်။ မြေဆီလွှာမှာရှိနေတဲ့ အဏုဇီဝပိုးမွှားများ၊ အပူချိန်၊ စိုထိုင်းဆနဲ့ စိုက်ပျိုးနေတဲ့ သီးနှံတွေအပေါ်မူတည်ပြီး  စပါးခွံကို ချိန်ဆထည့်ပေးနိုင်ပါတယ်။ 

(၂) စပါးခွံကို ကောက်ရိုး၊ သစ်ရွက်ခြောက်၊ မြက်ခြောက်တို့လိုပဲ သီးနှံပင်တွေနဲ့ ပျိုးခင်းတွေမှာ မြေဖုံးပစ္စည်းအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။

စပါးခွံကို မြေဖုံးရာမှာ အသုံးပြုတဲ့အခါ အားနည်းနိုင်တဲ့အချက်က လေပြင်းတိုက်လိုက်တဲ့အခါ လေနဲ့အတူ လွင့်ပါသွားနိုင်တာ ဖြစ်ပါတယ်။ အိမ်တွင်း အလှစိုက်ပန်းပင်တွေ စိုက်ပျိုးတဲ့အခါ အလှဆင်ဖို့နဲ့ မြေဆီလွှာအတွက်အကျိုးရှိစေဖို့ အပင်ခြေမှာ သစ်သားအပိုင်းအစတွေ မီးတောင်ကျောက်တွေကို ထည့်ပေးလေ့ရှိပါတယ်။ ၎င်းတို့နေရာမှာ စပါးခွံကို အစားထိုးအသုံးပြုခြင်းဖြင့် နောက်ရာသီများအထိတိုင်အောင် မြေဆီလွှာနဲ့ အပင်အတွက် အကျိုးရှိစေမှာ ဖြစ်ပါတယ်။ ထို့အပြင် စပါးခွံကို မြေငန်ပြဿနာရှိနေတဲ့ သီးနှံစိုက်ခင်းတွေမှာလည်း အသုံးပြုလို့ရပါသေးတယ်။ မြေငန်နေတဲ့ စိုက်ခင်းတွေဆိုရင် စပါးခွံထည့်ပြီး ထွန်မွှေကာ ရေနုတ်မြောင်း တူးပေးခြင်းဖြင့် ‌ပြန်လည်ပြုပြင်နိုင်ပါတယ်။ 

(၃) စပါးခွံကို သဘာဝမြေဆွေး ပြုလုပ်တဲ့နေရာမှာလည်း ထည့်သွင်းအသုံးပြုနိုင်ပါတယ်။

မြေဆွေးပြုလုပ်မယ်ဆိုရင်တော့ စပါးခွံတွေဟာ ကာဗွန်ပါဝင်မှုများတဲ့ ပစ္စည်းဖြစ်တာကြောင့် နိုက်ထရိုဂျင်ပါဝင်တဲ့ ပစ္စည်းတွေနဲ့ စနစ်တကျ ရောစပ်ပေးဖို့တော့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြေဆွေးပုံပြုလုပ်တဲ့အခါမှာ နိုက်ထရိုဂျင်အခြေခံပစ္စည်း ၁ ဆကို ကာဗွန်အခြေခံပစ္စည်း ၄ ဆနဲ့ ရောစပ်သင့်တာကြောင့် ဖြစ်ပါတယ်။ နိုက်ထရိုဂျင်ကို အခြေခံတဲ့ ပစ္စည်းတွေကတော့ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်အပိုင်းအစတွေ၊ အစိမ်းရောင်မြက်ပင်တွေ၊ ကော်ဖီမှုန်နဲ့ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းတွေဖြစ်ပြီး ၎င်းပစ္စည်းတွေဟာ မြေဆွေးပုံကို ပိုမိုအသက်ဝင်စေကာ အပူဓာတ်ကိုလည်း မြှင့်တင်ပေးနိုင်တာ ဖြစ်ပါတယ်။ ကာဗွန်အခြေခံတဲ့ ပစ္စည်းတွေကတော့ သစ်ရွက်ခြောက်၊ ကောက်ရိုး၊ သစ်သား၊ ပြာ၊ သစ်သားအပိုင်းအစ၊ မြက်ခြောက်နဲ့ စပါးခွံ စတဲ့ ခြောက်သွေ့တဲ့ ပစ္စည်းတွေပဲ ဖြစ်ပါတယ်။ ၎င်းတို့ကို အချိုးကျကျ စနစ်တကျရောစပ်မှသာ လျင်မြန်စွာ ဆွေးမြည့်နိုင်ပြီး အာနိသင်ပြည့်ဝတဲ့ မြေဆွေးကို ရရှိစေမှာ ဖြစ်ပါတယ်။ 

(၄) စပါးခွံရဲ့ နောက်ထပ်အသုံးဝင်တဲ့ နည်းလမ်းတစ်ခုကတော့ စူပါ အီးအမ်ဘိုကာရှီပြုလုပ်ရာမှာ ထည့်သွင်းအသုံးပြုနိုင်တာ ဖြစ်ပါတယ်။

ပြုလုပ်နည်းကတော့ ပထမဆုံးအနေနဲ့ စပါးခွံ၊ ဖွဲနုနဲ့ နွားချေးတို့ကို ဆတူရောစပ် ရမှာပါ။ ထို့နောက် အသင့်သုံး အီးအမ်ဖျော်ရည်ကို ဖျန်းပေးပြီး နှံ့စပ်‌အောင် မွှေပေးရမှာ ဖြစ်ပါတယ်။ အစိုဓာတ်အားဖြင့် ၆၀ ရာခိုင်နှုန်းခန့် ရှိသည်အထိ ဖျန်းပေးရမှာ ဖြစ်ပါတယ်။ ခန့်မှန်းခြေအားဖြင့် အထက်ဖော်ပြပါ အရောအနှောကို လက်နဲ့ဆုပ်ကိုင်ကြည့်လိုက်ပါက လက်ထဲမှာ ပုံမပျက်ဘဲ ဆုပ်လုံးရရှိရုံ အနေအထားဆို အဆင်ပြေနိုင်ပါတယ်။ ၎င်းအရောအနှောကို အိတ်တစ်လုံးထဲမှာထည့်ပြီး အရိပ်ရတဲ့ နေရာမျိုးမှာ သိမ်းထားနိုင်ပါတယ်။ နွေရာသီဆိုလျှင် ၃ ရက်ဝန်းကျင်ခန့်၊ ဆောင်းရာသီဆိုလျှင် ၁၀ ရက် ဝန်းကျင်ခန့် အကြာမှာ မြေဆွေးအနေနဲ့ စတင်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ၎င်းကို ၁ ဧကလျှင် ပိဿာ ၃၀၀ ဝန်းကျင်ခန့် ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်