စပါး - ငါး ပေါင်းစည်း လယ်ယာ

12/01/2018 17:05 PM တွင် May Phyo Wai May Phyo Wai မှ ရေးသား

နိဒါန်း
စပါး - ငါးပေါင်းစည်းလယ်ယာ ဆိုသည်မှာ အထွေ အထူးကိစ္စ မဟုတ်ချေ။ စပါး စိုက်ပျိုးရာလယ်ကွက် အတွင်းတွင် ငါး များကို ထည့်သွင်းမွေးမြူခြင်း ဖြစ်သည်။ စပါးအထွက်နှင့် အရည်အသွေးကို ထိခိုက်ခြင်းမရှိပဲ မြေအရင်းအမြစ် တစ်ခုကို ထုတ်ကုန် နှစ်မျိုးရအောင်ဆောင်ရွက်ခြင်း ဖြစ်သည်။ စပါး စိုက်ပျိုးထုတ်လုပ်မှုမှ အဓိက ဝင်ငွေရသကဲ့သို့၊ ငါးမွေးမြူရေးမှ အပိုဝင်ငွေရစေရန် ဖြစ်သည်။ ဤစနစ်သည် အကျိုးအမြတ်ရရှိစေသည်မှာ မှန်သော်လည်း၊ အားနည်းချက်၊ အားသာချက်များ ရှိသည်။ စပါး-ငါး ပေါင်းစည်းလယ်ယာကို အနောက် နိုင်ငံများနှင့်နှိုင်းယှဉ်ပါက အာဆီယံနိုင်ငံများတွင် ကျယ်ကျယ် ပြန့်ပြန့်ဆောင်ရွက်ကြသည်ကိုတွေ့နိုင်သည်။

(၁) စပါး-ငါးပေါင်းစည်းလယ်ယာ၏ အားသာချက်များ

  • စပါးစိုက်ပျိုး ထုတ်လုပ်မှု ဝင်ငွေအပြင် ငါးမွေးမြူရေးမှလည်း အပိုဝင်ငွေ ရရှိနိုင်သည်။
  • စပါးပင်ကို ထိခိုက်စေသော ပိုးမွှားများကို ထိန်းချုပ်ပေးနိုင်သည်။
  • သီးနှံများ စိုက်ပျိုးစဉ် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက ဝင်ငွေ ထိခိုက်မှုကိုလျော့နည်းစေပါသည်။
  • ပေါင်းပင်များကို ထိန်းချုပ်ရာတွင် အထောက်ကူဖြစ်နိုင်သည်။
  • ငါးများ၏ လှုပ်ရှားမှုများသည် မြေဆီလွှာကိုမွှေနှောက်ရောနှောစေသကဲ့သို့ ဖြစ်လာစေပြီး စပါးပင် အတွက် အရေးကြီးသော အဟာရဓာတ်များထွက်လာစေပြီး စပါး အထွက်ကောင်းလာစေသည်။

(၂) စပါး-ငါးပေါင်းစည်းလယ်ယာ၏ အားနည်းချက်များ

  •  ပိုးသတ်ဆေး၊ မှိုသတ်ဆေးများကို လိုအပ်သလို သုံးစွဲခြင်း မပြုနိုင်တော့ချေ။
  • စပါး တစ်မျိုးတည်း သီးသန့် စိုက်ပျိုးခြင်းထက်ရေကို ပိုမို လိုအပ်သည်။
  • စပါး စိုက်ဧရိယာ နည်းသွားခြင်းကြောင့် ထုတ်လုပ်မှုကို ထိခိုက်နိုင်သည်။ ကတုတ်မြောင်းများအား စပါးခင်းအောက်ခြေမှ ၁ပေခွဲထိ တူးရန် လိုအပ်သည်။ သို့ပါ၍ရေထုတ်ခြင်းကို ခက်ခဲစေသလို စပါးစိုက် နေရာကိုလည်းလျော့နည်းသွားစေသည်။
  • စပါးခင်း တွင်မွေးမြူသော ငါးများ သည်ကောင်းစွာ ကြီးထွားနိုင်မှု မရှိပဲ အရွယ် အစားသေးငယ်သောကြောင့်ငါးမွေးကန်များတွင်မွေးမြူသော ငါးထုတ်လုပ်မှုအောက်လျော့နည်းနိုင်သည်။
  • ငါးများကို စပါးရိတ်သိမ်းချိန်တွင် ထုတ်ဖော်ရောင်းချရမှာ ဖြစ်တဲ့အတွက် စီးပွားဖြစ်မွေးမြူရန် လွယ်ကူနိုင်သော ကိစ္စ မဟုတ်ချေ။
  • လယ်ကွင်းများတွင်း ရေသွင်းရာတွင် ကွက်ဆင့်သောက်သွင်းနည်းများ ဖြစ်သဖြင့် သွင်းရေများတွင် ပိုး သတ်ဆေး၊ ပေါင်းသတ်ဆေးများ ပါဝင်လာနိုင်သည်။ ရေ၏ အရည်အသွေးကို စစ်ဆေးရန် အခက်အခဲရှိ နိုင်သည်။
  • စပါး ငါး စိုက်ပျိုးခြင်းသည် စပါး သီးသန့် စိုက်ပျိုးခြင်းထက် အရင်းအနှီး ပိုမိုလိုအပ်သည်။
  • လုပ်သား အင်အားကိုလည်း စပါး သီးသန့် စိုက်ပျိုးခြင်းထက် ပိုမို လိုအပ်သည်။

(၃) မြေနေရာရွေးချယ်ခြင်း

စပါးခင်းများတွင် ငါးမွေးမြူမည် ဆိုပါက မြေနေရာရွေးချယ်ခြင်းသည် အဓိက ကျသော နေရာမှ ပါဝင်သည်။

  • မိုးရေချိန် ၇၀-၈၀ စင်တီမီတာရှိရန် လိုအပ်သည်။
  • မြေမျက်နှာပြင် အနိမ့်အမြင့် ညီညာရန် လိုအပ်သကဲ့သို့ မြေဆီလွှာသည်ရေထိန်းစွမ်း အားကောင်းရန် လိုအပ်သည်။
  • ရေထုတ် စနစ်ကောင်းမွန်ရေးသည် စပါး-ငါးပေါင်းစည်း လယ်ယာဆောင်ရွက်ရန် အဓိက အရေးကြီးသော အချက်ဖြစ်သည်။
  • ရေလွှမ်းမိုးခြင်းဘေးမှ ကင်းဝေးရန် လိုအပ်သည်။ သို့မဟုတ်ပါက မွေးမြူထားသော ငါးများ ရေနှင့်အတူ လွတ်မြောက် သွားနိုင်သည်။

(၄) ငါး အမျိုးအစားရွေးချယ်ခြင်း

မည်သို့သော ငါး အမျိုးအစားများကို စပါး-ငါး စိုက်ပျိုးရေးတွင် အသုံးပြုသင့် သနည်း??

စဉ်းစားရာတွင်- ငါးများသည် ၁၄ စင်တီမီတာ အနက်ထက် နည်းသော ရေတိမ်တွင် ရှင်သန်နိုင်သော ငါးအမျိုးအစားများ ဖြစ်ရမည်။ အပူချိန် ၃၈ ဒီဂရီ စင်တီဂရိတ် ကို ခံနိုင်ရည် ရှိရမည်။ အောက်စီဂျင် နည်းပါးခြင်းနှင့် ရေသန့်စင်မှု နည်းခြင်း ကို ခံနိုင်ရည်ရှိသော မျိုးများ ဖြစ်ရပါမည်။ အောက်တွင်ဖော်ပြထားသော ငါး အမျိုးအစားများကို စပါးခင်း အတွင်း ထည့်သွင်း မွေးမြူရေးတွင် အသုံးပြုနိုင်သည်။ ရေအနက်၊ စပါးပင် သက်တမ်း နှင့်စပါးမျိုးများသည်လည်း အဓိက ကျသည်။
• ငါးကြင်း
• ငါးသိုင်း
• တီလားပီးယား
• ငါးမြစ်ချင်း
• ငါးခူ၊ ငါးပတ်
ငါးအမျိုးအစားများအပြင် ပုဇွန် ထည့်သွင်းမွေးမြူနိုင်ပါသည်။

(၅) လယ်ယာမြေပြင်ဆင်ခြင်းနှင့် စပါး-ငါးမွေးမြူရန် စီမံဆောင်ရွက်မှုများ

စပါး စိုက်ခင်းများတွင် ငါး ထည့်သွင်းမွေးမြူရန် အတွက် ပုံမှန် လယ်ယာမြေပြုပြင်ခြင်းထက် ပို၍ ငါးများနေထိုင် နိုင်ရန် ပြုပြင်ပေးရန် လိုအပ်ပါသည်။ လယ်ကွင်းထဲတွင် ကတုတ်မြောင်း ပတ်လည်များ တူးထားရန် လိုအပ်သည်။ ရေသွင်းမြောင်း၊ ရေထုတ်မြောင်းများ နှင့်ကျင်းများ တူးထားရန် လိုအပ်သည်။ သို့မှသာ စပါးငါးမွေးမြူရေး အဆင်ပြေ နိုင်မည် ဖြစ်ပါသည်။ ငါးများသည် ရေနည်းချိန်များတွင် ကတုတ်မြောင်းများထဲမှာ အစာရှာနိုင်မှာ ဖြစ်သကဲ့သို့ စပါးခင်းရေ ထုတ်ချိန်များတွင်လည်း ငါးများကို အလွယ်အကူ သိမ်းယူနိုင်မည် ဖြစ်သည်။ ရေနက်ကွင်းများတွင် စိုက်ပျိုးသော စပါးမျိုးများ သည် စပါး-ငါးစနစ်အတွက် အကောင်းဆုံး စပါးမျိုးများ ဖြစ်သည်။
ကတုတ်မြောင်းများသည် အနက် ၁ပေခွဲ အနက်ရှိပြီး အနည်းဆုံး ၁၀ ပေခန့် ကျယ်ရှိရန် လိုအပ်ပြီး စပါးခင်းနှင့် ၁၀မီတာ (၃၃ပေ) အကွာအဝေး အတွင်း တူးထားရမည် ဖြစ်သည်။ မြောင်းများ၏ စုစုပေါင်း အကျယ်သည် စပါးခင်း အကျယ်၏ ၁၀ ရာခိုင်နှုန်းထက် ပို၍ မကျယ်သင့်ချေ။ ငါးများ ထည့်သွင်းပြီးပါကရေအနက် ၀.၃ မှ ၀.၅ ပေထိ ရှိအောင် ထိန်းသိမ်း ထားရမည် ဖြစ်သည်။ အခြား ပိုးသတ်ဆေးများ မရှိစေရန် ဂရုပြုရမည် ဖြစ်သည်။ ဓာတု ပစ္စည်းများကို မဖြစ်မနေ သုံးရန် လိုအပ်သော ကွင်းများတွင် စပါး ငါး မွေးမြူခြင်းကို မဆောင်ရွက်သင့်ချေ။

(၆) မြေသြဇာထည့်သွင်းခြင်း

စပါးခင်း အတွင်းသို့ ကောင်းစွာဆွေးမြေ့သော နွားချေး (သို့) အခြား သြဂဲနစ်မြေဆွေးများကို ထည့်သွင်း နိုင်သည်။ မြေခံအဖြစ် တစ်ဧကလျှင် လှည်း ၂၀-၂၅ စီးခန့် ထည့်ပေးရမည်။ ရေနက် စပါးများသည် အာဟာရဓာတ် ပိုမို လို အပ်သည့်အတွက် ဓာတ်မြေသြဇာ ထည့်သွင်းပေးရန် လိုအပ်သည်။ နိုက်ထရိုဂျင်နှင့် ပိုတက်မြေသြဇာကို ၂၀ ကီလို/ဧကနှုန်းဖြင့် စိုက်ပျိုးချိန်၊ ပင်ပွားချိန် နှင့်ပန်းပွင့်ချိန်တို့တွင် လိုအပ်သလို ထည့်သွင်းပေးရမည် ဖြစ်သည်။ ပိုးသတ်ဆေး၊ ရောဂါသတ်ဆေးနှင့် အခြား ဓာတုဆေးများကို အသုံးပြုခြင်းမှရှောင်ရှားရမည် ဖြစ်သည်။

(၇) ငါးမွေးမြူရေး စီမံဆောင်ရွက်ခြင်း

အဓိက ဆောင်ရွက်ရန် လိုအပ်သည့် အချက်များကိုအောက်ပါ အတိုင်းဖော်ပြ ထားသည်။ ထည့်သွင်း မည့် ငါးမျိုး၊ မွေးမြူမည့် ပမာဏနှင့် နေရာဒေသပေါ်တွင် မူတည်သည်။

  • ငါးမွေးမြူမည့်ပမာဏ
  • အစာကျွေးခြင်း
  •  ငါးသားဖောက်ခြင်း
  • ရေအရည်အသွေး ထိန်းချုပ်ခြင်း
  • ငါး ဖော်ထုတ်ခြင်း
  • ငါးမျိုး ပြန်လည် ထည့်သွင်းခြင်း

ငါးမွေးမြူရေးကို နည်းလမ်း နှစ်မျိုး နှင့်ဆောင်ရွက်နိုင်ပါသည်။ တစ်ပြိုင်တည်း စိုက်ပျိုး ထုတ်လုပ်ခြင်းနှင့် အလှည့်ကျ ထုတ်လုပ်ခြင်း ဖြစ်သည်။ တစ်ပြိုင်တည်း စနစ်မှာ ငါးနှင့်စပါးကို တစ်ချိန်တည်း စိုက်ပျိုးခြင်း ဖြစ်သည်။ အလှည့်ကျ စနစ်မှာ စပါးနှင့် ငါးမွေးမြူရေးကို တစ်လှည့်စီဆောင်ရွက်ခြင်း ဖြစ်သည်။ စပါးရိတ်သိမ်းပြီးချိန်တွင် လယ်ကို ငါးမွေးကန် အဖြစ်သို့ ခေတ္တပြောင်းလဲခြင်း ဖြစ်သည်။ မွေးမြူနိုင်သော ပမာဏနှင့် အထွက်နှုန်းမှာ စနစ် နှစ်မျိုးလုံးအတွက် ကွာခြားသည်။ အလှည့်ကျ စနစ်သည် တစ်ပြိုင်တည်းဆောင်ရွက်သော စနစ်ထက် ပို၍ အကျိုးရှိသည်။

ငါးကြင်းသည် စပါးခင်းများတွင်မွေးမြူလေ့ရှိသော အဓိကငါး အမျိုးအစား ဖြစ်ပါသည်။ ၎င်းကို ငါးအမျိုးအစား တစ်မျိုးတည်းသော် လည်းကောင်း၊ အခြား ငါးမျိုးများနှင့်ရောနှော၍သော် လည်းကောင်း လယ်သမား၏ စိတ်တိုင်းကျမွေး မြူနိုင်သည်။ သို့သော် အာရှနိုင်ငံများတွင် အခြားသော ငါးမွေးမြူရေး စနစ်ကိုလည်းတွေ့ရသည်။ အများအားဖြင့် စပါးခင်းများတွင် ကတုတ်မြောင်းများသည် ၃၀ မှ ၄၀ စင်တီမီတာ (၁ ပေမှ ၁.၃ ပေ)ထိ နက်သည်။ ၂၅ စင်တီမီတာ (၀.၈ပေ) အမြင့်ရှိသောရေတား ကန်သင်း၊ ဝါးဖြင့် ပြုလုပ်ထားသောရေသွင်း ပိုက်များနှင့် ရေဝင်၊ ရေထွက် လမ်းကြောင်းများတွင် တားဆီး အကာအရံများဖြင့် တည်ဆောက် ထားသည်။
ငါးကို စပါးပြောင်းရွှေ့စိုက်ပြီး တစ်ပါတ် အကြာတွင် ထည့်သွင်းရမည် ဖြစ်သည်။ အရေအတွက်သည် ငါး အမျိုးအစား၊ အသက်နှင့် နေရာ ဒေသပေါ်တွင် မူတည်သည်။ ငါးကြင်းနှင့် တီလားပီးယားငါးများကို ၁ စင်တီမီတာ အရွယ်များကို စပါးခင်း အတွင်း သို့ ထည့်သွင်းသည်။ ပျမ်းမျှ အရေအတွက် တစ်ဧကလျှင် ၄၀၀ နှင့် ၁၇၀၀ အကောင်ရေ အတွင်းထည့်သွင်း နိုင်သည်။ စပါးခင်း အတွင်းရေအနက်ကို ငါးမွေးမြူထားစဉ် အတွင်း ၇ မှ ၁၈ စင်တီမီတာထိ (၀.၂ ပေမှ ၀.၆ ပေထိ) ထိန်းညှိပေးသင့်သည်။ ငါးကို အစာကျွေးခြင်း ဆောင်ရွက်ရမည် ဖြစ်သည်။ အစာ ပမာဏသည် ငါးပမာဏ စုစုပေါင်း၏ ၅% ခန့် နေ့စဉ်ကျွေးရမည် ဖြစ်သည်။၊ ယင်းအစာတွင် ပဲပုပ် ၁၀%၊ အုန်းသီးခွံ၂၀% နှင့် ဖွဲ ၇၀% ပါဝင်ရမည် ဖြစ်သည်။

ရက် ၃၀ ကြာမြင့်ပြီးသော အချိန်တွင် စပါးကွင်း တွင်းရှိရေကိုဖောက်ထုတ်ပြီး ငါး၏ ကြီးထွား ဖွံ့ဖြိုးမှုကို နမူနာများ ကောက်ယူကာ စစ်ဆေးရမည် ဖြစ်သည်။ ထိုစစ်ဆေးပြီးသော ငါးများအား စပါးခင်း အတွင်းသို့ ပြန်လည် ထည့်သွင်းပေးရမည် ဖြစ်သည်။ ယေဘူယျအားဖြင့် ငါးမွေးမြူခြင်း ကာလသည် ရက် ၇၀ မှ ၁၀၀ ထိ ကြာမြင့်မည် ဖြစ်သည်။ ငါးများကို စပါး မရိတ်သိမ်းမီ တစ်ပါတ် ကြိုတင်၍ဖော်ထုတ်ရောင်းချ ရမည်ဖြစ်သည်။ ငါး အထွက်နှုန်းသည် ငါး အမျိုးအစား၊ အစာကျွေးခြင်း ၊ အသက်ရှင်နှုန်းနှင့် ရေ အရည်အသွေးပေါ်တွင် မူတည်ပါသည်။ ပျမ်းမျှအားဖြင့် တစ်ဧကတွင် ၈၁- ၁၂၀ ကီလိုဂရမ်နှုန်းကို ရက်၁၀၀ ကာလအတွင်း ရရှိနိုင်ပါသည်။ ငါးများ၏ အလေးချိန်သည် ကွင်းထဲတွင် ရှိသော အစာ ရရှိနိုင်မှုနှင့် ထပ်မံ ဖြည့်တင်းပေးသော အစာပေါ်တွင် မူတည်သည်။ ငါးကြင်းဖြူ၊ ငါးမြစ်ချင်း နှင့်ရွှေဝါငါးကြင်း တို့ကို ရောနှောမွေးမြူနိုင်သည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်