တောင်သှုဦးကြီးများ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါရစေ။ ကျွန်တော် ဒီနေ့ဆွေးနွေးတင်ပြ ချင်တဲ့ အကြောင်းအရာကတော့ စပါးဂုတ်ကျိုးရောဂါပဲ ဖြစ်ပါတယ်။ စပါးဂုတ်ကျိုးရောဂါဆိုတာ စပါးသီးနှံမှာ ကျတတ်တဲ့ မှိုရောဂါတွေထဲက တစ်မျိုးပါပဲ။ ဒီရောဂါဟာ အခြေအနေပေးတယ် ဆိုရင် မိုးစပါးရော၊ နွေစပါးမှာပါ ပျိုးခင်း အပင်ငယ်အဆင့်ကနေ အနှံထွက်ချိန်ထိ ကျရောက်နိုင်ပါတယ်။
အပင်ငယ်စဉ်မှာ ရောဂါကျရင် စပါးအရွက်တွေပေါ်မှာ လက္ခဏာတွေကို ပြပါတယ်။ ဒီလက္ခဏာဟာ တခြားမှိုရောဂါတွေနဲ့ မတူပါဘူး။ ဘယ်လိုလက္ခဏာမျိုးတွေ့ရမလဲဆိုရင် အလယ်ဖောင်းပြီး ဘေးနှစ်ဖက်ချွန်နေတဲ့ မျက်လုံးပုံစံ (သို့) လွန်းပုံသဏ္ဍာန် မှိုကွက်တွေ စဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ဒီလို မှိုကွက်တွေကို ဘယ်လိုနေရာတွေမှာ စတွေ့ရမလဲဆိုရင် ပုလဲမြေသြဇာ (ယူရီးယား) အများကြီးကျွေးထားလို့ စပါးသန်နေတဲ့နေရာမျိုးတွေ၊ ရွာခြေနဲ့နီးလို့ မြေသြဇာကောင်းပြီး စပါးရွက်ဖား ထိုးတဲ့နေရာတွေကနေ စတင်ဖြစ်ပေါ်တတ်ပါတယ်။
ရာသီဥတုက အခြေအနေပေးလာရင် အဲဒီမှိုကွက်ကလေးတွေဟာ တစ်ခုနဲ့တစ်ခု ပေါင်းသွားပြီး ဆိုးရွားလာတဲ့အခါ တစ်ရွက်လုံး ခြောက်ပြီး သေသွားပါတယ်။ ဘယ်လိုရာသီဥတုမျိုးက စပါးဂုတ်ကျိုးရောဂါကို အခြေအနေပေးသလဲလို့ မေးလာရင် အဖြေကတော့ မနက်ခင်း နှင်းကျတဲ့ရက်တွေ၊ တစ်နေ့လုံး မိုးအုံ့နေတဲ့ နေ့တွေဟာ စပါးဂုတ်ကျိုးရောဂါ ပွါးများဖို့ အခြေအနေပေးပါတယ်။ ဘာလို့လဲ ဆိုတော့ နှင်းတွေကျနေတဲ့အတွက် စိုးထိုင်းဆ များတဲ့ အတွက်ကြောင့်ရယ် မိုးအုံ့နေခြင်းကလည်း ပူအိုက်စွတ်စိုနေတဲ့အတွက်ကြောင့် ဂုတ်ကျိုး မှိုပွားများမှုကို အားပေးပါတယ်။
ဒါ့အပြင် စပါးခင်းထဲမှာ ဂုတ်ကျိုးမှိုရောဂါ စတင်ကျရောက်နေပြီဆိုရင် ပုလဲ(ယူရီးယား)မြေသြဇာ မကျွေးသင့်သလို စပါးခင်းထဲကိုလည်း လမ်းဖြတ်မလျှောက်သင့်ပါဘူး။ ဘာလို့လဲဆိုတော့ စပါးဂုတ်ကျိုးရောဂါဟာ မှိုရောဂါ ဖြစ်တဲ့အတွက် အလွယ်တကူ ကူးစက် ပျံ့နှံ့နိုင်ပါတယ်။ လေကတစ်ဆင့် ကူးစက်နိုင်တယ်။ ရေကတစ်ဆင့်လည်း ပျံ့နှံ့နိုင်သလို့ မိုးစက်၊ နှင်းစက်တွေကတစ်ဆင့်လည်း ပျံ့နှံ့နိုင်ပါတယ်။ ပုလဲမြေသြဇာကြောင့် စပါးရွက်တွေဟာ ပိုပြီး နူးညံ့ အရည်ရွမ်းလာပြီး ရောဂါကူးစက်နိုင်သလို့ လမ်းဖြတ် လျှောက်ခြင်းကြောင့် မှိုမျိုးဥများ လူနဲ့ကပ်ပါပြီး အခြား ကျန်းမာတဲ့ စပါးပင်တွေကို ဆက်လက်ကူးစက်စေပါတယ်။ ဒါကြောင့် စပါးဂုတ်ကျိုးရောဂါ ကျနေပြီဆိုရင် စပါးခင်းထဲ လမ်းဖြတ်မလျှောက်သင့်ပါဘူး။
စပါးဂုတ်ကျိုးရောဂါကျနေပြီးဆိုရင်တော့ အရေးတကြီး လုပ်ဆောင်ရမယ့် လုပ်ငန်းချက်တွေရှိပါတယ်။
၁။ စပါးဂုတ်ကျိုးရောဂါ လက္ခဏာပါတဲ့ စပါးပင်တွေကို နှုတ်(သို့) ရိတ်ပစ်ရပါမယ်။ ရိတ်ပြီး စပါးခင်းနဲ့နီးတဲ့နေရာ၊ ကန်သင်းပေါ်တွေမှာပဲ ထားခဲ့လို့ မရပါဘူး။ စပါးခင်းနဲ့ ဝေးရာကို အိတ်တစ်ခုခုနဲ့ထည့်ယူသွားပြီး မီးရှို့ဖျက်ဆီးပစ်ရပါမယ်။
၂။ စပါးခင်းထဲမှ ရေကို လျှော့ပေးရပါမယ်။ ရေလျှော့ပေးလိုက်ရင် စပါးခင်းထဲမှ စိုထိုင်းဆတွေကို လျှော့ချနိုင်တဲ့အတွက် စပါးဂုတ်ကျိုးရောဂါ ပွားများမှုကိုလည်း ဟန့်တားနိုင်ပါတယ်။
၃။ စပါးဂုတ်ကျိုးရောဂါကျနေတာကို သိတာနောက်ကျလို့ပဲဖြစ်ဖြစ် အခြေအနေဆိုးနေပြီဆိုရင်တော့ ဆေးဖျန်းဖို့လိုအပ်ပါတယ်။ ဆေးဖျန်းတဲ့အခါမှာလည်း ပင်လုံးပြန့်မှိုသတ်ဆေး ကို ရွေးချယ် အသုံးပြုရပါမယ်။ ဆေးဖျန်းတဲ့အခါမှာ ပိုးသတ်ဆေးတွေ နဲ့ မှိုသတ်ဆေးတွေ ရောစပ်ပြီး အသုံးမပြုသင့်ပါဘူး။ နောက်ပြီး စပါးဂုတ်ကျိုးရောဂါအတွက် ဆေးဖျန်းတဲ့အခါ သိထားသင့်တာက ရောဂါလက္ခဏာ နည်းတဲ့ဖက်ကစပြီး ဖျန်းသင့်ပါတယ်။ ရောဂါလက္ခဏာ များတဲ့ဖက်ကို နောက်ဆုံးမှ ဖျန်းသင့်ပါတယ်။
အထက်မှာ ဆွေးနွေးခဲ့တဲ့အချက်တွေကတော့ ရောဂါကျနေပြီဆိုရင် အရေးတကြီး ချက်ချင်း လုပ်ဆောင်ရမယ့် နည်းတွေဖြစ်ပြီး ရေရှည်အတွက် လုပ်ဆောင်ရမယ့် အချက်တွေကတော့
၁။ စပါးဂုတ်ကျိုးရောဂါ ကျခဲ့တဲ့အခင်းကို စပါးရိတ်သိမ်းပြီးချိန်ရင် ရိုးပြတ်တွေကို မီးရှို့ရပါမယ်။
၂။ စပါးဂုတ်ကျိုးရောဂါဟာ မျိုးစေ့ကနေလည်း ကူးစက်ပျံ့နှံ့နိုင်တာကြောင့် ရောဂါကျ စပါးခင်းမှ စပါးတွေကို မျိုးအဖြစ် အသုံးမပြုသင့်ပါဘူး။
၃။ စပါးစိုက်ပျိုးခြင်းမှာ ပုလဲမြေသြဇာတစ်မျိုးတည်း အဓိကထားမသုံးဘဲ တီဆူပါ၊ ပိုတက်မြေသြဇာများ တွဲဖက်ပြီး အချိုးညီ မျှတစွာ အသုံးပြုရပါမယ်။
အောင်ကိုဝင်း