စပါးကို ကြိတ်ခွဲလိုက်သည့်အခါ မကျိုးမကြေသော ဆန်သားနှင့် ကျိုးကြေသော ဆန်ကွဲများကို ရရှိပါသည်။ ဆန်ကွဲကြီးများကို အစားအစာများ ထုတ်လုပ်ရာတွင် အသုံးပြုကြပြီး ဆန်ကွဲသေး၊ ဆန်ကွဲနုပ်များကို တိရစ္ဆာန်အစားအစာအဖြစ် အသုံးပြုကြပါသည်။ ဘေးထွက်ပစ္စည်းဖြစ်သည့် ဆန်ကွဲကို အခြေခံ အစားအစာများ၊ အရက် စသည်တို့ထုတ်လုပ်ရာတွင် အသုံးပြုကြပါသည်။ ဆန်ကွဲမှ ထုတ်လုပ်သည့် စားစရာပစ္စည်များအနက် ဆန်ကြာဇံသည် မြန်မာနိုင်ငံတွင် မုန့်ဟင်း ခါးပြီးလျှင် လူသိအများဆုံးဖြစ်ပါသည်။
စင်စစ် ဆန်ကြာဇံ၊ ပဲကြာဇံဿည် မြန်မာ့ရိုးရာ အစားအစာ မဟုတ်ပါ။ ၁၉၃၀ ပြည့်နှစ်ဝန်းကျင် တွင် တရုတ်အမျိုးသားများမှတစ်ဆင့် ထုတ်လုပ်မှုနည်းပညာ ကူးပြောင်းရောက်ရှိလာခြင်း ဖြစ် ပါသည်။ သား၊ ငါး၊ အသီးအရွက်များဖြင့် ကြော်ထားသော ဆန်ကြာဇံကြော်ကို မြန်မာလူမျိုး အတော်များများ ကြိုက်နှစ်သက်ကြပါသည်။ ဆန်ကြာဇံထုတ်လုပ်သော စက်ရုံအများစုသည် မြစ်ဝကျွန်းပေါ်ဒေသတွင် ရှိကြပါသည်။ ဆန်ကြာဇံ စက်အများစုသည် ပုဂ္ဂလိက ဆန်စက်များ ကဲ့သို့ ခေတ်မမီတော့သည့် ပြည်တွင်းဖြစ် စက်ပစ္စည်းများဖြင့် တည်ဆောက်ထားသဖြင့် ဆန်ကြာဇံ အရည်အသွေးမှာ သာမန်အဆင့်လောက်သာ ရှိပါသည်။ မြန်မာနိုင်ငံတွင် ၁၉၈၁ ခုနှစ်တွင် ဆန်ကြာဇံ ထုတ်လုပ်မှုသည် ၁၅၀၀ ခန့် ရှိသော်လည်း ၁၉၉၁ ခုနှစ်တွင် တန်ချိန် ၃၆၀၀ ကျော်အထိ တိုးတက်ထုတ်လုပ်လာသည်ကို တွေ့ရပါသည်။
ဆန်ကြာဇံ အပါအဝင် မုန့်ဟင်းခါးဖက်များကို ငစိန်ဆန်မှ ထုတ်လုပ်ကြပါသည်။ ဆန်ကြာဇံ ထုတ်လုပ်ကြရာတွင် ငစိန်ဆန်ကွဲဆန်သန့်သန့် မရနိုင်သောကြောင့် ငစိန်ဆန်ကို အသုံးပြုလာ ကြသည်ကို တွေ့ရပါသည်။ ငစိန်ဆန် ဝယ်မရသည့်အခါ ရွှေဝါထွန်း (ဧည့်မထဆန်)ကို အသုံးပြု လာကြသည်ကို တွေ့ရပါသည်။ သို့သော် ငစိန်ဆန်မှ ထုတ်လုပ်သော ဆန်ကြာဇံ အရည်အသွေး ကို မမီပါ။ ဇီယာဆန်ကွဲကိုလည်း ကြာဇံထုတ်နိုင်သည့်အပြင် ကြာဇံအရည်အသွေးမှာလည်း ငစိန်ဆန်မှ ထုတ်လုပ်သော ကြာဇံအရည်အသွေးကဲ့သို့ ရှိပါသည်။
ဆန်ကြာဇံပြုလုပ်ပုံ လုပ်ငန်း အဆင့်ဆင့်
ရှေးဦးစွာ ဆန်ကိုဖုံး၊ သဲ၊ ခဲများ သန့်စင်ပေးရန် လိုပါသည်။ ဖုံ၊ သဲ၊ ခဲများ ပါသွားပါက နန်းဆွဲ သည့်အခါ ဖုံကပ်နေသည့် နေရာမှနေ၍ ပြတ်တောက်သွားနိုင်ပါသည်။ အချို့သော စက်များ၌ ဆန်ဖြူဖွတ်စက်များဖြင့် ဆန် သို့မဟုတ် ဆန်ကွဲကို ဖြူအောင် ဖွပ်ပေးပါသည်။ ပထမအဆင့် အနေဖြင့် ငစိန်ဆန်ကို ရေဖြင့်ဆေးကြောပါသည်။ ရေဆေးရာ၌ ရေဖြည့်ထားသော အုတ်ကန် အတွင်း ဆန်ကို အိတ်လိုက်လောင်းချပြီး ခြေထောက်ဖြင့် ပွတ်တိုက်ဆေးကြော ပေးပါ သည်။ ဆန်ကို ရေစိမ်ရာ၌ ကြာရှည်စွာ စိမ်ထားရန် မလိုအပ်ပါ။ ၂ - ၃ နာရီခန့်သာ ရေစိမ်ပေးရန် လိုပါသည်။ ရေစိမ်ထား၍ ရေဝနေသော ဆန်များကို ကျောက်ပြားကြိတ်ဆုံတွင် ရေလောင်း၍ မုန့်နှစ်ကြိတ်ပါသည်။ ရရှိသော မုန့်နှစ်ရည်များကို ပီနန်အိတ်များတွင်ထည့်၍ ရေထုတ်ရန် အလေးဖြင့် ဖိ၍ ဖြစ်စေ၊ ဟိုက်ဒရောလစ် ဖိစက်ဖြင့်ဖြစ်စေ ဖိညှပ်ပေးပြီး ရေထုတ်ပေးပါသည်။ အချို့စက်များ၌ အပေါ်က ဂုံနီအိတ်တစ်ထပ်ထပ်၍ ဖိညှပ်ပြီး ရေထုတ်ပေးပါသည်။
အလေးဖြင့် ဖိညှပ်ခြင်း၊ ဟိုက်ဒရောလစ်စက်ဖြင့် ဖိညှစ်ခြင်းကို တစ်ရက် သို့မဟုတ် တစ်ညခန့် ထားလေ့ရှိပါသည်။ မုန့်နှစ်အတွင်းမှ ရေများ တဖြည်းဖြည်း အိတ်အပြင်သို့ ထွက်သွားပြီး ရေကုန်စင်အောင် ထုတ်ပြီးပါက နောက်တစ်နေ့၌ အိတ်များအတွင်းမှ မုန့်နှစ်များကို သစ်သား ပျဉ်ခင်းထားသည့် အခင်းပေါ်တွင် ဖြန့်ချပါသည်။ အဆိုပါ အခင်းပေါ်တွင် ဖြန့်ချထားသော မုန့်နှစ်များကို ခြေထောက်ဖြင့် နင်းခြေပြီး နယ်ပေးပါသည်။ သစ်သားအခင်း ပေါ်တွင် ၁၀ လက်မ အထူခန့် ထိရရှိအောင် မုန့်နှစ်များ ဖြန့်ခင်းပြီး ညီညာအောင် ခြေထောက်ဖြင့်ဖြစ်စေ၊ ဂျူတ်ဖြင့်ဖြစ်စေ ညှိပေးရပါသည်။ သမအောင်နယ်ပြီးသော မုန့်နှစ်ပြင်၏ အထူသည် ၁၀ လက်မခန့် ထူပါသည်။ ယင်းမုန့်နှစ်ပြင်ကြီးကို ပေါက်တူးဖြင့် ၆ လက်မ x ၆ လက်မ x ၁၀ လက်မ အရွယ် အတုံးများရအောင် ပြုလုပ်ပါသည်။ အဆိုပါ မုန့်နှစ်တုံးများကို ရေနွေးငွေ့ဖြင့် ပေါင်းပေးရန်လိုပါသည်။ ရေနွေးငွေ့ထုတ်ယူရရှိရန် မိုးဗြဲဒယ်ကြီးတွင် ရေထည့်ပြီး စပါးခွံ လောင်စာဖြင့် မီးအပူပေးပါသည်။ သံဖြင့် ပြုလုပ်ထားသောစင်ကို မိုးဗြဲဒယ်၏ အပေါ်တွင် ထားရှိပါသည်။ မုန့်နှစ်တုံး၏ အပြင်ဖက် ၁ လက်မ ၂ လက်မ ခန့်ကျက်လျှင် အနေတော်ပင် ဖြစ်သည်။ ရေနွေးငွေ့ဖြင့် ပေါင်းပြီးသော မုန့်နှစ်တုံးများကို သံမဏိဒလိမ့်တုံး၊ သစ်ဒလိမ့်တုံး နှစ်ခုပါရှိသည့် Roller Mill ဖြင့် ထပ်မံ၍ ဖိညှစ်နယ်ပြီးသော မုန့်နှစ်တုံးများကိုဖိညှစ်စက်တွင် ထည့်ပါသည်။ ဖိညှစ်စက်တွင် တပ်ဆင်ထားသော ခွက်၏ အချင်းမှာ ၇ လက်မ ခန့်ရှိပြီး အပေါက်ငယ်ပေါင်း ၁,၀၀၀ ခန့်ဖောက်လုပ်ထားပါသည်။ မုန့်နှစ်ကို ဖိညှပ်လိုက်သောအခါ အဆိုပါ အပေါက်ငယ်များမှ ဆန်ကြာဇံအမျှင်အစိုများ ထွက်လာပါသည်။ ထွက်လာသော ဆန်ကြာဇံ အမျှင်အစိုများကို ဝါးကပ်ဗန်းများပေါ်တွင် တင်၍ ရေနွေးငွေ့ဖြင့် ထပ်မံ၍ ပေါင်းပေး ပါသည်။ ပေါင်းချိန်ကာလမှာ ၃၀ - ၄၅ မိနစ်ခန့် ဖြစ်ပါသည်။
ရေနွေးငွေ့ဖြင့် ပေါင်းပြီးသော ဆန်ကြာဇံ အမျှင်အစိုများကို ဝါးကပ်ဗန်းများပေါ် ပြောင်းတင်း ပြီး ၂ နာရီ ကျော်သည်အထိ အအေးခံပါသည်။ ဆန်ကြာဇံအမျှင်များကို အအေးခံပြီးလျှင် သင့်လျော်သည့် အရှည်ရအောင် ခေါက်ပေးပါသည်။ ဆန်ကြာဇံ အမျှင်အခေါက်များကို ဝါးဗန်းများပေါ်တင်၍ နေပူထုတ်လှန်းပါသည်။ တစ်နေကုန် လှန်းပြီးသောအခါ ဆန်ကြာဇံ အခေါက်များကို ငါးပိဿာစီ ချိန်တွယ်ပြီး ထုတ်ပိုးကား စျေးကွက်သို့ တင်ပို့ပါသည်။
ဆန်ကြာဇံစက်၌ အသုံးပြုသော စက်ကိရိယာအများစုမှာ ပြည်တွင်းဖြစ်စက်များသာ ဖြစ်သည်။ ဆန်ကြာဇံဖြူခြင်း၊ ညစ်ခြင်းသည် အသုံးပြုသော ဆန်နှင့် ရေ၏အရည်အသွေးအပေါ်များစွာ မူတည်ပေသည်။ အချို့စက်များအနေဖြင့် ဆန်ကြာဇံ ဖြူစေရန် ဓာတုပစ္စည်း ထည့်သွင်းအသုံးပြု လျှင်ရသည်ဟု သိရသော်လည်း ထုတ်လုပ်သူအများစုမှာ ဓာတုပစ္စည်းထည့်သွင်းခြင်းစနစ်ကို အသုံးပြုလိုကြခြင်း မရှိသဖြင့် လူကိုအန္တရာယ်ဖြစ်စေနိုင်သည့် ဓာတုပစ္စည်းများမပါဟု ဆိုနိုင်ပါ သည်။
လက်ကားဖြန့်ဖြူးရန်အတွက် ၅ ပိဿာထုပ်များ ထုပ်ပိုးကြပါသည်။ အိမ်များတွင် အလွယ်တကူ စားလိုက အဆင်သင့် စားနိုင်ရန် လက်လီအရောင်းဆိုင်များသည် ဆန်ကြာဇံကို ၁၀ ကျပ်သား ၂၀ ကျပ်သား စသည်ဖြင့် အထုတ်ငယ်များ ထုတ်လုပ်ရောင်းချပေးကြ၏။ အိမ်တွင်း တစ်အိမ် သုံး အထုပ်ငယ်များကို စက်ရုံများမှ ထုတ်လုပ်ပေးလိုက်နိုင်လျှင် လေလွင့်ဆုံးရှုံးမှု အတော် အတန် နည်းသွားနိုင်ပါသည်။ ရန်ကုန်စျေးကွက်၌ အထုပ်ငယ်များ ထုတ်လုပ်ရောင်းချ လာကြ သည်ကို တွေ့ရပါသည်။ လက်လီအရောင်းဆိုင်ရောက်မှ တစ်နိုင်စားသုံးရန် ပြန်လည်ထုတ်ပိုး ခြင်းသည် ဆန်ကြာဇံကို ကျိုးကြေစေသောကြောင့် လေလွင့်ဆုံးရှုံးမှုများ ဖြစ်ပေါ်စေနိုင်သည်ဟု ဆိုရပေမည်။
မြန်မာနိုင်ငံ၌ ဆန်ကြာဇံစက်အများစုသည် မိုးရာသီအတွင်း အလုပ်ပိတ်ထားကြရသည်။ ကုန်ကြမ်းမရ၍ မဟုတ်ပါ။ အခြောက်လှန်းရန် နေရောင်ခြည် မရ၍ဖြစ်သည်။ ဆန်ကြာဇံစက် များ၌ စိုနေသောကြာဇံအမျှင်များ ခြောက်သွေ့ရန် လေပူသုံး အခြောက်ခံစက်များ တပ်ဆင် ထားခြင်းမရှိ၍ မိုးရာသီတွင် ကြာဇံမထုတ်လုပ်နိုင်ပါ။ ထို့ပြင် မိုးရာသီတွင် ပျိုးနုတ် ကောက်စိုက် အလုပ်နှင့် အလုပ်များနေချိန် ဖြစ်သဖြင့် လုပ်သားရရန်လည်း မလွယ်ကူပါ။ ပွင့်လင်းရာသီ ဖြစ်သည့် ဒီဇင်ဘာလ မှ မေလအထိ ၆ လခန့် နေ့စဉ်စွမ်းအားပြည့် ထုတ်လုပ်ကြပါသည်။ ထုတ်လုပ်ပြီး ဆန်ကြာဇံများကို လှောင်ထားပြီး မိုးတွင်းစျေးကောင်းချိန်ရောက်မှ ထုတ်ရောင်း ကြပါသည်။
Source - ဆန်စပါးထုတ်လုပ်မှု ကွင်းဆက်တွင် ရိတ်သိမ်းချိန်လွန် ဆုံးရှုံးမှုများ လျော့ချနိုင်မည့် နည်းလမ်းများ (တောင်သူ့လက်စွဲ)
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်