စပါးရွက်လိပ်ပိုးဆိုသည်မှာ ၎င်း၏အမျှင်များဖြင့် စပါးရွက်၏ဘေးအနားသတ်နှစ်ဖက်ကိုလိပ်၍ ထိုရွက်လိပ်အတွင်းတွင် နေထိုင်စားသောက်တတ်သော လိပ်ပြာဖလံအုပ်စုနွယ်ဝင် ဖျက်ပိုးတစ်မျိုးဖြစ်ပါသည်။ မိုးရာသီတွင် ဆိုးဆိုးရွားရွား ကျရောက်တတ်သည်။ မြန်မာနိုင်ငံအလယ်ပိုင်းကဲ့သို့ အပူပိုင်းဒေသများတွင် စပါးရွက်လိပ်ပိုးကို တစ်နှစ်ပတ်လုံးတွေ့နိုင်ပြီး အအေးပိုင်းဒေသများတွင် မေလ မှ အောက်တိုဘာ လများအတွင်းပေါပေါများတွေ့ရတတ်ပါသည်။
စပါးရွက်လိပ်ပိုးကျရောက်ရသောအကြောင်းအရင်းနှင့်ကျရောက်တတ်သောနေရာ
- မြေသြဇာများကို လိုအပ်သည်ထက် ပိုမိုကြွေးခြင်း
- ကွင်းအတွင်း အရိပ်ကျနေခြင်းနှင့် စိုထိုင်းစများခြင်း
- စပါးကွင်းပတ်လည်တွင် မြက်မျိုးရင်းဝင်ပေါင်းပင်များရှိနေခြင်း
- စပါးခင်းတစ်ခင်းနှင့်တစ်ခင်းအကြားရှိ ကန်သင်းများကိုဖောက်၍ စပါးခင်းများသို့ရေသွင်းပေးခြင်း
- ပိုးသတ်ဆေးများကိုအလွန်အကျွံသုံးစွဲခြင်း
စပါးရွက်လိပ်ပိုး၏ကြီးထွားမှုအလိုက်ပုံပန်းသွင်ပြင်
ရွက်လိပ်ပိုးဥမှာ အဖြူရောင်ဖြစ်သည်။ ရွက်လိပ်ပိုးအမသည် ဥများကို ရွက်လယ်ကြောတစ်လျှောက်တွင် ဥလေ့ရှိသည်။ ဥ၏ပုံသဏ္ဍာန်မှာ ဘဲဥပုံရှိပြီး ၀.၉ မီလီမီတာရှည်၍ ၀.၃၉ မီလီမီတာ ကျယ်သည်။ သားလောင်းမှာ အဝါရောင်ဖျော့ဖျော့ သို့မဟုတ် စိမ်းဝါရောင်ရှိပါသည်။ ခန္ဓာကိုယ်မှာ ၁.၅ -၂ မီလီမီတာရှည်၍ အကျယ်မှာ ၀.၃ မီလီမီတာ ရှိပါသည်။ ကောင်းစွာဖွံ့ဖြိုးကြီးထွားနေသော သားလောင်း၏ ခန္ဓာကိုယ်မှာ ၂၀-၂၅ မီလီမီတာအထိ ရှိပါသည်။ သားလောင်း သည်အစာစစားပြီးသည့်နောက်တွင် ခန္ဓာကိုယ်မှာ အစိမ်းရောင်အဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားပါသည်။ ရုပ်ဖုံးအဆင့်အစောပိုင်းမှာ အညိုရောင်ဖျော့ဖျော့ဖြစ်၍ နောက်ပိုင်းတွင်နီညိုရောင်အဖြစ်သို့ပြောင်းလဲသွားပါသည်။ ရုပ်ဖုံးအဆင့်မှာရွက်ဖုံးအကြားတွင်ရှိသော ၎င်းတို့ယက်လုပ် ထားသည့်ချည်မျှင်အိမ်များအတွင်းတွင်ဖြစ်ပွားပါသည်။ သက်ကြီးကောင်မှာ ရွှေရောင် သို့မဟုတ် ဝါညိုရောင်ရှိပါသည်။ အတောင်ပံများတွင် အမဲရောင်အစင်းကြောင်း ၂ - ၃ ကြောင်းပါသည်။အကောင်၏အရှည်မှာ ၁၀-၁၂ မီလီမီတာ အထိရှည်ပါသည်။
အတောင်ဖြန့်လိုက်သောအခါ ၎င်း၏အရှည်မှာ ၁၃ - ၁၅ မီလီမီတာခန့် အထိရှိသည်။ ရွက်လိပ်ပိုး၏ ဘဝစက်ဝန်း ပြီးပြည့်စွာပြီးမြောက်ရန် အချိန် ၅ ပတ်ခန့်ကြာသည်။
စပါးရွက်လိပ်ပိုး၏ဖျက်ဆီးစားသောက်ပုံနှင့်ဖျက်ဆီးမှုလက္ခဏာ
စိုက်ကွင်းအတွင်း ရွက်လိပ်ပိုးအကောင်အရေအတွက်များနေပါက စပါးပင်များသည် ခြောက်သွေ့နေပြီး မီးကျွမ်းထားသကဲ့သို့ ဖြစ်နေတတ်ပါသည်။ ရွက်လိပ်ပိုးသားလောင်းသည် စပါးရွက်ကို မစားသောက်မှီ အရွက်၏အနားသက်နှစ်ဖက်ကို ဒေါင်လိုက်လိပ်၍ ၎င်း၏အမျှင်များဖြင့်ပတ်ပါသည်။ ထိုရွက်လိပ်အတွင်းတွင် သားလောင်းသည် အရွက်၏ အစိမ်းရောင်တစ်သျှူးသားများကို ခြစ်စားပါသည်။ ထို့ကြောင့်ရွက်လိပ်ပိုး ဖျက်ဆီးထားသောစပါးရွက်များတွင် အဖြူဖျော့ရောင်စင်းကြောင်းများ ကျန်ရှိနေတတ်ပါသည်။ ရွက်လိပ်ပိုးသည်ရွက်လိပ်တစ်ခုအတွင်း နှစ်ရက်မှသုံးရက်ခန့်အကြာအထိ စားသောက် ဖျက်ဆီးပြီး အခြားစပါးရွက်တစ်ရွက်ဆီသို့ ကူးပြောင်းပါသည်။ ရွက်လိပ်ပိုးတစ်ကောင်သည် ၎င်း၏ကြီးထွားမှုသက်တမ်းတစ်လျှောက် စပါးရွက်ပေါင်းများစွာကို ဖျက်စီးစားသောက် နိုင်ပါသည်။ ဖျက်ဆီးခံထားရသည့် စပါးရွက်လိပ်အတွင်း ထောင်လိုက်အဖြူရောင် အစဉ်းကြောင်းများ ရှိနေတတ်ပါသည်။
စပါးရွက်များအဖြူရောင်ဖြစ်၍ တဖြည်းဖြည်းခြောက်သွေ့သွားသောကြောင့် စပါးပင်၏အစာချက်လုပ်မှုကို ထိခိုက်စေ ပါသည်။ ထို့ပြင်ရွက်လိပ်ပိုးဖျက်ဆီးမှုကြောင့် ဖြစ်ပေါ်လာသော အရွက်၏ဒဏ်ရာများမှ မှိုနှင့်ဘက်တီးရီးယားရောဂါများ ဝင်ရောက်နိုင်ပါသည်။ ရွက်လိပ်ပိုးကျရောက်နေသော စပါးခင်းတွင် ပိုက်လုံးပုံသဏ္ဍန်လိပ်ထားသော စပါးအရွက်များကိုလည်း တွေ့ရတတ် ပါသည်။
နှိမ်နင်းနည်း
ရွက်လိပ်ပိုးကို အလင်းထောင်ချောက်များထောင်၍သော်လည်းကောင်း စပါးခင်းပတ်လည်ရှိ မြက်မျိုးရင်းဝင်ပေါင်းပင်များကို ရှင်းလင်း၍သော်လည်းကောင်း နှိမ်နင်းနိုင်ပါသည်။ ဖားနှင့် ဖားပြုတ်များသည် ရွက်လိပ်ပိုးကို နှိမ်နင်းနိုင်သော သက်ရှိများ ဖြစ်သည်။ ထရိုင်ဂိုဂရားမားနဂျယ်ကိုအသုံးပြု၍လည်း ရွက်လိပ်ပိုးများကိုနှိမ်နင်းနိုင်ပါသည်။ ပုံမှန်အားဖြင့် သဘာဝတွင်တွေ့ရသော အကျိုးပြုမိတ်ဆွေပိုးများသည် ရွက်လိပ်ပိုးအန္တရာယ်ကိုကောင်းမွန်စွာ ထိန်းသိမ်းနိုင်ပါသည်။
နိုင်ထရိုဂျင်ဓာတ်ပါဝင်သောမြေဩဇာများကို အလွန်အကျွံမဟုတ်ဘဲ နှိုင်းနှိုင်းဆဆ ကျွေးသင့်ပါသည်။ ၅၀ ရာခိုင်နှုန်းထက်ပို၍ ရွက်လိပ်ပိုးကျရောက်နေပါက ပိုးသတ်ဆေးဖြန်းရန် အကြံပြုချင်ပါသည်။ သို့သော် ပိုးသတ်ဆေးများ အလွန်အကျွံ ပတ်ဖြန်းပါကလည်း အခြားသောသီးနှံဖျက်ပိုးများပွားများ ကျရောက်မှုကို ဖြစ်စေတတ်ပါသည်။ ထို့ကြောင့် ပိုးသတ်ဆေးကို မှန်ကန်သောအချိန်၌ မှန်ကန်သောပမာဏဖြင့် ပတ်ဖြန်းပေးရန်လည်း ထပ်မံအကြံပြုပါရစေ။ရွက်လိပ်ပိုးကိုနှိမ်နင်းနိုင်သော ပိုးသတ်ဆေးများမှာ ဖော့စလုံး ၃၅ အီးစီ၊ ကလိုရိုပိုင်ရီဖော့စ် ၂၀ အီးစီ၊ ကာဗိုင်းလ် ၅၀ ဒဗလျူပီ၊ ကာတပ် နှင့် အစီဖိတ် ၇၅%အက်စ်ပီ တို့ ဖြစ်ပါသည်။
လှိုင်ပြည့်ဖြိုး