မြစ်ငါးစင်းကို အသက်ပြန်သွင်းသည့် ရေလူသား

Photo - river

ရာဂျန်ဒရာဆင်းဂ် ကိုတော့ အိန္ဒိယနိုင်ငံ ရာဂျက်စ်သန် ပြည်နယ်တွင် သူရဲကောင်းတစ်ဦးသဖွယ် ချစ်ခင် ချီးမြှောက်ကြသည်။ သူသည် ဆယ်စုနှစ်ပေါင်းများစွာ ခမ်းခြောက်သွားခဲ့ပြီ ဖြစ်သော မြစ် ငါးစင်းကို ပြန်လည် စီးဆင်းစေခဲ့သည်။ ထို့ပြင် ကြုံနေခဲ့ရသော ရေဒုက္ခများကို ရိုးရာနည်းစနစ်ဖြင့် ခေတ်မီနည်းပညာများ စက်ကြီးများ မသုံးဘဲ သောက်ရေသုံးရေ အဆင်ပြေအောင် နှစ်ပေါင်းများစွာ စဉ်ဆက်မပြတ် အားထုတ်လုပ်ဆောင်ပေးခဲ့သည်။ ထို့ကြောင့် သူ့စကားကို ဒေသခံများက ယုံကြည်စွာ လိုက်နာ ကူညီပေးကြသည်။ ရာဂျန်ဒရာဆင်းဂ် ဆိုလျှင် ဒေသခံများကသာ မက နိုင်ငံတကာအဖွဲ့အစည်းများကပါ ယုံကြည်လေးစားရသည်။ နိုင်ငံတကာအသိအမှတ်ပြု သဘာဝပါတ်ဝန်းကျင် ဆုများစွာကို ဆွတ်ခူးထားသူဖြစ်သည်။ ရာဂျက်စ်သန် ပြည်နယ်တွင် ရေလူသား ဟုဆိုလိုက်ပါက ကလေးလူကြီး သိကြသည်။

ရာဂျန်ဒရာဆင်းဂ် သည် ငယ်စဉ်က လယ်သမားတောင်သူတစ်ယောက် ဖြစ်ချင်ခဲ့သူ ဖြစ်သည်။ တကယ်တမ်းကျတော့ ပညာဆက်သင်ရင်း ဆရာဝန်တစ်ယောက် ဖြစ်လာခဲ့ပါသည်။ ရာဂျက်စ်သန်ပြည်နယ် မှ ခရိုင်လေးတစ်ခုကို ကျောင်းပြီးပြီးချင်း ရွှေ့ပြောင်းလာခဲ့ပြီး လူများကို ဆေးဝါးကုသပေးနေခဲ့သည်။ သို့သော် ဆရာဝန်အလုပ် လုပ်နေရင်း လူတွေအပြင်နောက်ထပ် ဆေးကုပေးရမည့် အရာများ ထိုဒေသတွင် ရှိနေသေးကြောင်း ဆင်းဂ် သိလာခဲ့သည်။ မိုးခေါင်ကာ လွင်တီးခေါင်ဖြစ်နေသော ရပ်ရွာ၏ သဘာဝပါတ်ဝန်းကျင်ကို ဖြစ်သည်။

ဒေသတွင် လူဦးရေနည်းလာသည်ကို ထိုစဉ်က ဆရာဝန်ပေါက်စလေးက သတိထားမိခဲ့သည်။ အာဗာရီမြစ်ကြီး ခန်းခြောက်သွားပြီးကတည်းက လုပ်စားကိုင်စားလို့ အဆင်မပြေတော့သောကြောင့် ရွာသားများ နေအိမ်ကိုစွန့်ခွါကာ ထွက်ခွါပြောင်းရွှေ့သွားကြသည်။ ကျန်နေသည့် လူအများက အသက်ကြီးလွန်းသူများ နှင့် တခြားသို့မပြောင်းနိုင်အောင် ဆင်းရဲချို့တဲ့သူများပင် ဖြစ်ကြသည်။ အဆိုပါနယ်မြေ စိမ်းလန်းစိုပြေ ပါက လူအများရွှေ့ပြောင်းရန် အကြောင်းမရှိကြောင်း သိပြီးသည့်နောက်ပိုင်း နယ်မြေပြန်လည် သာယာအောင် ရာဂျန်ဒရာဆင်းဂ် ကြိုးစား ပါတော့သည်။

"လွန်ခဲ့တဲ့ ၁၆ နှစ်က ဒီနေရာကို ကျွန်တော် ရောက်လာခဲ့တာပါ။ ရေမရှိတော့ လုပ်ကိုင်စားသောက်မရတော့ လူငယ်တွေဟာ နေရာသစ်ကို ထွက်သွားကြတယ်။ မိသားစုနဲ့ ရွာကို ပစ်ကြရတယ်။ ဒီဒေသကို အစိုးရက အမည်းရောင် နယ်မြေဆိုပြီး ကြေညာထားတယ်။ ဒုက္ခတွေ ပင်လယ်ဝေ ရေငတ်နေတဲ့ နေရာပေါ့" ဟု ဆင်းဂ်က ဗွေဆော်ဦး အခြေအနေကို ပြန်လည်ရှင်းပြခဲ့သည်။
သူ့နည်းစနစ်က ရှင်းပါသည်။ ရှေးဟောင်းအိန္ဒိယ ရေလွဲရေပို့နည်း၊ ဂေဟစနစ် ထိန်းနည်းများကို ပြန်သုံးခြင်းဖြစ်၏။ ရိုးရာအစဉ်အလာအရ ဂျိုဟတ်ဟု ခေါ်ဆိုသော ရေထိန်းရေပို့ ဘောင်များ တည်ဆောက်ခြင်း ဖြစ်သည်။ ကျောက်ခဲ၊ မြေ၊ ကွန်ကရစ် စသည်တို့ ဖြင့်ဆောက်ကာ မိုးရာသီတွင် ရေများ စုဆောင်းစေသည်။ မြစ်များအတွင်းသို့ စီးဝင်ခဲ့သော စမ်းချောင်းများအတွင်း ရေများရောက်အောင် ဂျိုဟတ် များတည်ဆောက်ပြီး ရေစီးအောင် လုပ်ဆောင်ခဲ့သည်။ ရေများစီးဆင်းမှု ချောမွေ့အောင် ဘောင်များ လိုက်ဆောက်ပေးခဲ့သည်။ ကုန်းမြင့်ပေါ်မှ ရေများ မိုးတွင်းဝယ် ဂျိုဟတ်များအတွင်း စီးဆင်းအောင် လမ်းကြောင်းများ ရပ်ရွာကို စည်းရုံးကာ အတူတကွ တည်ဆောက်ကြသည်။ သိုလှောင် ထားသော ရေများက မြေထဲကို စိမ့်ဝင်ခြင်းဖြင့် မြေအောက်ရေစနစ်ပြန်လည် ရှင်သန်အောင် လုပ်ဆောင်ခဲ့သည်။

ဂျိုဟတ် ရေလှောင်ကန်များကဲ့သို့ပင် မြစ်ငယ်များ စမ်းချောင်းငယ်များ၏ စီးဆင်းမှုကိုလည်း ရှင်သန်စေ၊ ရပ်ရွာလည်း ရေကို တစ်နှစ်ပတ်လုံး ရစေသော ဆည်ကဲ့သို့ ဘောင်အသေးများကို တည်ဆောက်ခဲ့သည်။ အစပိုင်းတွင် ရပ်ရွာ၏ ပူးပေါင်းမှုကို ရဖို့ ခက်ခဲခဲ့သည်။ နောက်နှစ်ပေါင်း အတန်ကြာလာသောအခါ ရပ်မိရပ်ဖများက ဆရာဝန်၏ လုပ်ငန်းများတွင် ဝင်ရောက် အကြံပေး ကူညီလာကြသည်။ ရေထိန်းကန်များ တည်ဆောက်ရန်အတွက် သင့်လျော်သည့်နေရာများ ပေးခြင်း၊ ဝင်ရောက်လုပ်အားပေးခြင်းတို့ ပြန်လည်ရရှိခဲ့သည်။

ရေကို စုဆောင်းခြင်း မြစ်များအတွင်းသို့ စီးဝင်စေခြင်း စသည်တို့ကို ဆယ်စုနှစ် ၂ခုကျော် ဆက်တိုက်လုပ်ဆောင်နေသည့်အခါ သူ့မဟာဗျူဟာက အလုပ်ဖြစ်ပါသည်။ ရွာတစ်ထောင်ကျော်တွင် စိမ်းစိမ်းစိုစို စိုက်ခင်းများ ပြန်မြင်လာရပါသည်။ သောက်ရေများ ပြန်ရသည်။ အပင်များ ပြန်များ လာပြီဖြစ်၍ မြေဆီလွှာအရည်အသွေးလည်း ပြန်တက်လာသည်။ အာဗာရီမြစ်ကြီး ပြန်လည်စီးဆင်းလာသည်က ဒေသခံများ အဖို့ အကောင်းဆုံး သက်သေဖြစ်လာသည့်အတွက် ရာဂျန်ဒရာဆင်းဂ် နှင့် ပိုမို ပူးပေါင်းလာကြသည်။ နောက်ထပ် မြစ်ငယ်လေးစင်းတွင် ယခုအခါ ရေများ ပြန်တွေ့နေရပြီ ဖြစ်သည်။

"ရေတွေ ပြန်စီးလာတဲ့အခါ ရေကို ဘယ်လိုမျှပြီး သုံးကြမလဲဆိုတဲ့ ပြဿနာ တက်လာပါတယ်။ ရွာပေါင်း ၇၂ ရွာပေါင်းပြီး မြစ်ကြီးပါလီမန် ဆိုပြီး လုပ်ထားတယ်။ ပါလီမန်ကို လေးနှစ်တစ်ကြိမ်လုပ်တယ်" ဟု ရေလူသားက ဆိုသည်။ မြစ်ရေကို မည်သို့ မည်ပုံ မျှတစွာ ခွဲဝေကြမည်နည်း၊ မည်သို့ ထိန်းသိမ်းကြမည်နည်း ဆိုသည်တို့ကို စုပေါင်းဆွေးနွေး တိုင်ပင်ကာ ဆုံးဖြတ်ပြီး အားလုံးလိုက်နာကြသည်။ ရပ်ရွာအခြေပြု ဒီမိုကရေစီနည်းကျ ပါတ်ဝန်းကျင်ထိန်းသိမ်းခြင်း ဟု ဆိုလျှင် ရနိုင်လောက်သည်။

၁၉၈၅ ခုနှစ်မှသည် ယနေ့အချိန်အထိ မမောနိုင်မပန်းနိုင် စည်းရုံးလုပ်ဆောင်ခြင်းများကို ရာဂျန်ဒရာက လုပ်နေဆဲ ဖြစ်သည်။ မြေအောက်ရေ ပေ ၂၀ ခန့် ပြန်လည်မြင့်တက်လာခြင်း၊ အစိမ်းရောင်သစ်တောဖုံးလွှမ်းမှုက ၃၃ရာခိုင်နူန်းအထိ တိုးလာခြင်းတို့က ၎င်းနှင့် အဖွဲ့သားများ ၏ အံ့သြလောက်စရာ အောင်ပွဲသက်သေဖြစ်ပေသည်။ ယခုအခါ နယ်မြေကို စွန့်ခွါသွားသူများ တဖြည်းဖြည်း ပြန်လာနေကြပြီ ဖြစ်ကာ မူလ လက်ငုပ်လက်ရင်း လုပ်ငန်းများ ပြန်လည်လုပ်ဆောင်နေပြီ ဖြစ်ပေသည်။"မြစ်တွေကို ပြန်ပြီး အသက်သွင်းဖန်တီးဖို့ ကျွန်တော်တို့ မရည်ရွယ်ခဲ့ပါဘူး။ ဒီလောက်ကြီး အောင်မြင်မယ်တော့ မထင်ဘူးလေ" ဟု တစ်ကြိမ် မစ္စတာဆင်းဂ် ဝန်ခံပြောကြားဖူးခဲ့သည်။ ၁၉၈၀ ကျော်ကာလများထဲမှ ယနေ့အထိ အိန္ဒိယတွင် ရေလှောင်သည့် ဂျိုဟတ်များ၊ မြစ်ကြောင်း ထိန်းဆည်အသေးများ ဆောက်လုပ်ကာ မြစ်ရေများကို စောင့်ရှောက်နေခဲ့ရာ ရွာပေါင်း ၈၅၀ တွင် မိုးရေလှောင်ကန် ၄၅၀ဝ တည်ဆောက် ထားပြီး ဖြစ်ပေသည်။

ခက်ခက်ခဲခဲ သဘာဝပါတ်ဝန်းကျင်ကောင်းအောင် ထိန်းနေရပါသည်ဆိုမှ ဒေသတွင်းသို့ စက်ရုံများ လာဆောက်သည့် ကုမ္ပဏီများလည်း ရှိနေသေးသည်။ ရာဂျန်ဒရာဆင်းဂ် တို့ အဖွဲ့ နှင့် ရပ်သူရွာသားတို့က မြစ်ကြောင်းထိန်းသိမ်းရာ ဒေသများတွင် စက်ရုံများကို ဆောက်လုပ်ခွင့် မပြုရေး အစိုးရကို အောင်အောင်မြင်မြင် တင်ပြတောင်းဆိုနိုင်ခဲ့သည်။ သတ္တုတူးဖော်ရေးတွင်းပေါင်း ၄၇၀ ကိုလည်း ရပ်တန့်နိုင်ခဲ့သည်။ သတ္တုတူးဖော်ရေးလုပ်ငန်းများကို ရပ်တန့်ပေးဖို့ လုပ်ဆောင်နေစဉ် ရာဂျန်ဒရာဆင်းဂ် အရိုက်ခံရသည်။ ဘယ်သူက ရိုက်သွားမှန်း သေချာစွာ မဖော်ပြထားသော်လည်း စက်မှုလုပ်ငန်းနှင့် စပ်ဆက်သည့် လူများဟု သိရသည်။ ဆိုးဆိုးဝါးဝါးအရိုက်ခံရ သော်လည်း ထိုဆရာဝန်ကို သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများ နောက်မလုပ်တော့အောင် မတားနိုင်ကြပါ။ အရိုက်ခံရပြီးကာမှ လုပ်ဆောင်သည့် လုပ်ငန်းများက အားပိုကောင်းလာသည်။

ရေလူသား သည် ယခုအခါ သူအခြေစိုက်ရာ ရပ်ရွာတွင် နိုင်ငံတကာ အသိအမှတ်ပြု သူရဲကောင်းကြီး ဖြစ်၍နေလေပြီ။ သို့သော် သူသည် သာမန် ဆေးကျောင်းဆင်း ကျေးလက်ဆရာဝန်တစ်ဦး ဖြစ်သည်။ သူယုံကြည်ရာကို စိုက်လိုက်မတ်တပ် ဆယ်စုနှစ် သုံးခုနီးပါး ဘဝကို မြှုပ်နှံလုပ်ကိုင် နေသည်။ ထိုအလုပ်များသည် လူတိုင်းလုပ်နိုင်သည့် ရိုးရာနည်းစနစ်များ ဖြစ်ကြသည်။ ပညာလိုသည်။ သတ္တိလိုသည်။ အနစ်နာခံနိုင်မှု လိုသည်။ အကျိုးလည်းပေးပါသည်။ "ကျွန်တော်က မဟတ္တမဂန္ဒီ ကြီးရဲ့ အတွေးအခေါ်ကို ပြောပြချင်ပါတယ်။ သူက ရွာတိုင်းကို ကိုယ့်ခြေထောက်ပေါ် ကိုယ် ရပ်တည်နိုင်စေချင်တယ်" ဟု ရေလူသား က ဆိုသည်။

(သန႔္ဇင္စိုး)

Credit; The Voice 



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  ဆောင်ပုဒ်  

"သစ်ပင်စိုက်ပါ တို့ကမ္ဘာ၊ သာယာလှပ စိမ်းမြမြ"