အရောင်အသွေးစုံလင်လှတဲ့ နှင်းဆီပင်တွေဟာဆိုရင် လူကြိုက်များတဲ့ ပန်းအမျိုးအစားတွေထဲက တစ်မျိုးဖြစ်ပါတယ်။ နှင်းဆီပန်းတွေဟာ ဘုရားပန်းကပ်တဲ့အခါ၊ လက်ဆောင်ပေးတဲ့အခါ၊ ပွဲလမ်းသဘင် အခမ်းအနားတွေနဲ့ အလှဆင်တာမျိုးတွေအထိ ကျယ်ပြန့်စွာအသုံးပြုနိုင်တဲ့ ပန်းအမျိုးအစားဖြစ်ပါတယ်။
နှင်းဆီပင်တွေဟာ အများထင်ထားတာထက်ကို စိုက်ပျိုးရတာ၊ ပြုစုစောင့်ရှောက်ရတာ လွယ်ကူပါတယ်။ နှင်းဆီပင်တွေကို နေရောင်ကောင်းကောင်းရပြီး ရေဆင်းအားကောင်းတဲ့မြေမျိုးမှာ စိုက်ပျိုးမယ်၊ မြေသြဇာ ပုံမှန်ကျွေးမယ်ဆိုရင် ပန်းတွေလည်း ပုံမှန်ပွင့်ပေးနေမှာ ဖြစ်ပါတယ်။ ရေကိုလည်း အသင့်အတင့်လောင်းပေးမယ်၊ အပင်ရဲ့ အခြေအနေပေါ် မူတည်ပြီး ကိုင်းချိုင်တာမျိုးလုပ်ပေးမယ်၊ နှင်းဆီပင်မှာ ကျရောက်တတ်တဲ့ ဖားဥမှိုရောဂါနဲ့ ရွက်ပြောက်ရောဂါတွေကို သေချာဂရုစိုက်ပေးမယ်ဆိုရင်တော့ ကျန်းမာသန်စွမ်းတဲ့ အပင်တွေကနေ လှပတဲ့ပန်းပွင့်တွေကို ရရှိစေမှာ ဖြစ်ပါတယ်။
နှင်းဆီပင်ဟာဆိုရင် အမျိုးအစား များစွာရှိတာဖြစ်လို့ ပထမဆုံးအနေနဲ့ စိုက်ပျိုးဖို့ အပင်ရွေးချယ်တဲ့ အခါမှာ မိမိလိုချင်တဲ့မျိုးကို သေချာစွာ ရွေးချယ်စစ်ဆေးပြီးမှ ဝယ်ယူသင့်ပါတယ်။ မျိုးအပေါ်မူတည်ပြီး ပန်းပွင့်ရဲ့ပုံစံတွေ၊ ပြုစုစောင့်ရှောက်ရတာတွေ ကွာခြားသွားတာမို့ သေချာစွာ ရွေးချယ်သင့်ပါတယ်။
အပင်စိုက်ပျိုးဖို့ နေရာရွေးချယ်တော့မယ်ဆိုရင် အပင် ကျန်းမာသန်စွမ်းပြီး လှပတဲ့ အပွင့်တွေရရှိနိုင်ဖို့အတွက် တစ်နေ့ကို ၆ - ၈ နာရီ လောက်အထိ နေရောင်ခြည်ကောင်းစွာရတဲ့ နေရာမျိုးမှာ ရွေးချယ်စိုက်ပျိုးသင့်ပါတယ်။ မြေဟာဆိုရင်လည်း ရေဆင်းအားကောင်းပြီး မြေဆီကြွယ်ဝတဲ့ နေရာမျိုးကို ရွေးချယ်သင့်ပါတယ်။ နှင်းဆီပင်ကြိုက်နှစ်သက်တဲ့ မြေချဥ်/ငန်ကိန်းဟာ ၆ မှ ၇ အတွင်းဖြစ်ပါတယ်။ နှင်းဆီကို အိုးနဲ့ စိုက်ပျိုးမယ်ဆိုရင်တော့ မြေဆွေး၊ နွားချေးဆွေး၊ သစ်ရွက်ဆွေး၊ နှုန်းမြေ၊ သဲ၊ စပါးခွံ စတာတွေကို ရောစပ်ပြီး ထည့်ပေးလို့ရပါတယ်။ ဒါမှမဟုတ် အလှစိုက်ပန်း ရောင်းတဲ့ဆိုင်တွေမှာဆိုရင်လည်း မိမိစိုက်ပျိုးမယ့် အပင်အမျိုးအစားပေါ် မူတည်ပြီး အသင့်သုံးစပ်မြေ ရောင်းချတာမျိုးတွေ ရှိနေတာကြောင့် မိမိကြိုက်နှစ်သက်ရာ ရွေးချယ်အသုံးပြုနိုင်ပါတယ်။ အိုးနဲ့ စိုက်ပျိုးတဲ့အခါ ရေဝပ်တာမျိုး မဖြစ်ရအောင် မြေသားမထည့်မီ အိုးရဲ့အောက်ခြေမှာ ကျောက်စရစ်ခဲများကို ၂ လက်မဝန်းကျင်လောက် ခင်းပေးထားနိုင်ပါတယ်။ မြေထည့်တဲ့အခါမှာလည်း အိုးနှုတ်ခမ်းအပြည့်အထိ မထည့်ရဘဲ ၁ - ၂ လက်မ လောက်အထိချန်ပြီး ထည့်ပေးသင့်ပါတယ်။
နှင်းဆီစိုက်ပျိုးရာမှာ ရေလောင်းခြင်းဟာလည်း အရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ အချို့သောစိုက်ပျိုးသူတွေက အပင် စစိုက်ပြီဆိုကတည်းက နေ့တိုင်း ရေလောင်းတာမျိုးတွေ ရှိတတ်ကြပါတယ်။ ထို့ကြောင့် အသိပေးလိုတာဖြစ်ပါတယ်။ စစိုက်ပြီးချင်း ၂ လအတွင်းမှာဆိုရင် ၂ ရက် (သို့မဟုတ်) ၃ ရက်တစ်ကြိမ်မှ ရေလောင်းပေးသင့်ပါတယ်။ ၂ လ ကျော်ပြီဆိုရင်တော့ အပင်ရဲ့ အမြစ်တွေဟာလည်း အိုးထဲမှာ အတော်အသင့် ပွားများကုပ်တွယ်နေပြီဖြစ်တာကြောင့် နေ့တိုင်းရေလောင်းပေးလို့ ရပြီဖြစ်ပါတယ်။ အဲ့ဒီကာလမှာ အပင်က ရေရရှိတာ နည်းမယ်ဆိုရင် အပင်ရဲ့ အောက်ဘက်အစိတ်အပိုင်းတွေ ခြောက်သွေ့ပြီး အမြစ်လည်းကြီးထွားဖွံ့ဖြိုးမှုနည်းကာ နောက်ဆုံးမှာ အပင်ပါ ထိခိုက်သေဆုံးသွားနိုင်ပါတယ်။ ဆောင်းရာသီလို အခြေအနေတွေမှာဆိုရင်တော့ နေ့တိုင်း ရေလောင်းပေးစရာမလိုဘဲ ရက်ခြားပြီး လောင်းပေးနိုင်ပါတယ်။ သို့ပေမယ့် အပင်တွေ မြေသားတွေ ခြောက်သွေ့သွားတဲ့အထိ မဖြစ်အောင်တော့ ဂရုစိုက်ပေးရပါမယ်။
အာဟာရကျွေးမယ်ဆိုရင် ၃ - ၄ ပတ် ကိုမှ တစ်ကြိမ်လောက်ကျွေးရင်ပဲ အဆင်ပြေပါတယ်။ အာဟာရအနေနဲ့ ကတော့ သဘာဝမြေဆွေး ထည့်ပေးနိုင်တာကတော့ အကောင်းဆုံးပါပဲ။ စာရေးသူတို့ အိမ်မှာရှိတဲ့ နှင်းဆီပင်တွေကိုတော့ သဘာဝမြေသြဇာတွေအနေနဲ့ သစ်ရွက်မြေဆွေး၊ နွားချေး၊ ကြက်ဥခွံ၊ စပါးခွံ၊ အီးအမ်ဖျော်ရည်နဲ့ ဆန်ဆေးရည် စတာတွေ လောင်းပေးထည့်ပေးပါတယ်။ နောက်တစ်ခုက နှင်းဆီပင်တွေမှာ ဆားခါး (မဂ္ဂနီစီယမ်ဆာလဖိတ်) ထည့်ပေးလို့ရပါတယ်။ ဆားခါးထည့်ပေးခြင်းဖြင့် အပင်တွေမှာလိုအပ်တဲ့ အာဟာရဓာတ်တွေကို ဖြည့်တင်းပေးနိုင်ပါတယ်။ ယေဘုယျအားဖြင့် ဆားခါးကို ရေတစ်ဂါလံမှာ ၁ ဇွန်းနှုန်း ထည့်သွင်းအသုံးပြုပြီး မြေဆီလွှာအပေါ်သို့ အနည်းငယ် လောင်းထည့်ပေးနိုင်ပါတယ်။ ဆားခါးအသုံးပြုခြင်းဖြင့် အရွက်နဲ့ အပင်ပိုင်းဆိုင်ရာ ကြီးထွားမှုများကို အထောက်အကူပြုနိုင်ပါတယ်။ ထို့အပြင် ငါးအမိုင်နိုအက်စစ်လို ရွက်ဖျန်းမြေသြဇာမျိုးတွေ၊ သောက်ပြီးလို့ ကျန်ရှိတဲ့ ကော်ဖီအမှုန့်၊ အရိုးမှုန့်မြေသြဇာ၊ မြေပဲအခွံ စတာတွေကိုလည်း ထည့်သွင်း အသုံးပြုနိုင်ပါတယ်။
နှင်းဆီပင်တွေကို မကြာခဏမြေပြန်လဲပြီး အသစ် ပြန်လည်စိုက်ပျိုးဖို့ မလိုအပ်ပါဘူး။ ၎င်းတို့မှာရှိတဲ့ မြစ်မွှားတွေဟာ ဆောင်းရာသီမှာရောက်တဲ့အခါ သေဆုံးသွားပြီး သဘာဝမြေဆွေးအဖြစ်နဲ့ ပြန်လည်ဖြည့်တင်းပေးပါတယ်။ အကယ်၍ နှင်းဆီစိုက်ပျိုးထားတဲ့ မြေဟာ တဖြည်းဖြည်းနဲ့ မြေစေး၊ မြေကျပ်တဲ့ အနေအထား ဖြစ်နေမယ်ဆိုရင်တော့ သစ်ဆွေးမြေ၊ နွားချေးခြောက်၊ နုန်းနုမြေ၊ စပါးခွံ၊ မြေပဲခွံ၊ ကောက်ရိုးဆွေး စသည်တို့ကို ထည့်ပေးပါက ပွယောင်းပြီး ကောင်းမွန်တဲ့ မြေကိုပြန်လည်ရရှိစေမှာ ဖြစ်ပါတယ်။ ယေဘူယျအားဖြင့် နှင်းဆီပင်တွေဟာ ၃ နှစ်မှ ၁ ကြိမ်လောက်သာ မြေပြန်လဲလှယ်ပေးဖို့ လိုအပ်ပါတယ်။
နှင်းဆီပင်မှာဆိုရင် ဖားဥမှိုရောဂါ၊ ရွက်ပြောက်ရောဂါ၊ သံချေးရောဂါ၊ ကိုင်းဖျားခြောက်ရောဂါ၊ အဝါရောင်မိုစိတ် ဗိုင်းရပ်စ်ရောဂါများ ကျရောက်တတ်ပါတယ်။ စီးပွားဖြစ်စိုက်ပျိုးတာမျိုး မဟုတ်ရင်တော့ ဓာတုဆေးဝါးတွေမသုံးဘဲ မုန့်ဖုတ်ဆိုဒါ၊ ဘော်ဒိုဆေးရည်၊ တမာပိုးသတ်ဆေး စတဲ့ သဘာဝနည်းတွေနဲ့ပဲ ကာကွယ်စေချင်ပါတယ်။ အပင်မှာ ရောဂါကျရောက်နေတဲ့ အရွက်တွေ၊ ကိုင်းတွေတွေ့မယ်ဆိုရင် ချက်ချင်း ဖယ်ရှားရှင်းလင်းပေးသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရောဂါဖြစ်စေတဲ့ မှိုစပိုးတွေဟာ အရွက်တွေ၊ အကိုင်းအခက်တွေနဲ့ ပင်စည်တွေမှာ ခိုအောင်းကျန်ရှိနေနိုင်ပြီး ၎င်းတို့အတွက် သင့်တော်တဲ့ပတ်ဝန်းကျင်အခြေအနေရောက်တဲ့အခါမှာ ပြန်လည်ကူးစက်နိုင်တာကြောင့် ဖြစ်ပါတယ်။
နောက်ပြီး အပင်စိုက်ပျိုးထားတဲ့နေရာမှာ လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ပေးထားပါ။ အပင်တွေ ကြပ်သိပ်ပြီး လေဝင်လေထွက် မကောင်းတဲ့အခါ ရောဂါကူးစက်ဖို့ လွယ်ကူစေပါတယ်။ နောက်တစ်ချက်က နှင်းဆီပင်တွေကို ရေလောင်းတဲ့အခါ တစ်ပင်စလုံးကို ရေဖျန်းတာမျိုး မလုပ်သင့်ပါဘူး။ ရေကြောင့် ရောဂါပိုးမွှားတွေ ပြန့်ပွားဖို့လွယ်ကူတာကြောင့် ရေလောင်းတာကို သတိပြုရမှာ ဖြစ်ပါတယ်။ တကယ်လို့ ဓာတုဆေးဝါးတွေ အသုံးပြုမယ်ဆိုရင်လည်း အညွှန်းအတိုင်း စနစ်တကျ အသုံးပြုနိုင်ပါတယ်။
ဇင်ထူးနိုင်
Source www.thegardener.co.za
www.gardendesign.com
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။