ပိုးသတ်ဆေး ပေါင်းသတ်ဆေးများအား ဘေးကင်းအောင် ကိုင်တွယ်အသုံးပြုရမည့်အချက်များ

14/07/2020 17:00 PM တွင် စုမြတ်မြတ်မိုး စုမြတ်မြတ်မိုး မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    မည်သည့်တောင်သူမဆို မိမိတို့သီးနှံအတွက် ပိုးသတ်ဆေး ​ပေါင်းသတ်ဆေးများကို အနည်းနှင့်အများဆိုသလို အသုံးပြုရပေမည်။ ထိုသို့အသုံးပြုရာတွင် ဘေးကင်းစွာအသုံးပြုနိုင်ရန် သတိပြုရမည့်အချက်များကို ဖော်ပြလိုပါသည်။

၁။ မိမိတို့သုံးမည့်ဆေးကို တရားဝင် ဆေးရောင်းချခွင့်လိုင်စင်ရသောဆိုင်များမှ ဝယ်ယူရန် လိုပါသည်။

၂။ ဝယ်သည့်ဆေးသည်လည်း တရားဝင် မှတ်ပုံတင်ခွင့်ရသောဆေးဖြစ်ရန် လိုသည့်အပြင်ဆေးညွှန်းပါစာသားများသည် မြန်မာဘာသာဖြစ်ရန် လိုပါသည်။

၃။ ဝယ်လာသောဆေးဘူးများသည် ပေါက်ပြဲနေခြင်း ဒိတ်လွန်နေခြင်းမ​ဖြစ်စေရန် သတိပြုရပါမည်။ ပေါက်ပြဲနေပါက မိမိတို့အတွက် အန္တရာယ်ရှိသည့်အပြင် ဒိတ်လွန်ပါကလည်း ဆေး၏အာနိသင် ထိရောက်မှုမရှိနိုင်ပါ။

၄။ အသုံးပြုမည့်ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးသည် မည်သည့်သီးနှံအတွက်လည်းကောင်း၊ မည်သည့်ဖျက်ပိုး မည်သည့်ပေါင်းပင်အမျိုးစားကို အသုံးပြုမည်ကိုလည်းကောင်း၊ ပမာဏ မည်မျှသုံးရမည်ကိုလည်းကောင်း သေချာစွာသိရန် လိုပါသည်။ မိမိနှိမ်နင်းလိုသော ဖျက်ပိုးအမျိုးအစားနှင့် ဆေးအမျိုးအစား ကိုက်ညီမှုမရှိပါက ထိရောက်မှုလည်း မရှိနိုင်ပါ။ ပမာဏနည်းလျှင်လည်း သက်ရောက်မှုမရှိ၍ များလွန်းလျှင်လည်း လူ၏ကျန်းမာရေးထိခိုက်နိုင်ကာ အကျိုးပြုမိတ်ဆွေပိုးများသေခြင်း၊ ဖျက်ပိုးများက ဆေးဒဏ်ကို ခံနိုင်ရည်ရှိလာခြင်း စသော ပြဿနာများကို ရင်ဆိုင်ရနိုင်ပါသည်။

၅။ Pre-harvest interval ခေါ် မရိတ်မီ မည်မျှကြို၍ဆေးဖျန်းရမည်ကိုလည်း သေချာသိရပါမည်။ သို့မှသာ စားသုံးသူများလက်ထဲရောက်သောအခါ ဆေး၏ ဓာတုဓာတ်ကြွင်းများမရှိတော့ဘဲ ဘေးအန္တရာယ်ကင်းမည်ဖြစ်ပါသည်။

၆။ ဆေးဖျန်းပုံး၏ သိပ်သည်းဆကို စစ်ဆေးရန်လိုအပ်ပြီး မပေါက်သော ဆေးဖျန်းပုံးကိုသာ သုံးရပါမည်။

၇။ ဆေးရည်ဖျော်ရာတွင် ​ဆေးဖျော်ရန်အဆင်ပြေသော ဆေးဖျန်းပုံးထဲတွင် ဖျော်၍ရနိုင်ပါက ဖျော်ရပါမည်။ ဆေးဖျော်ရာတွင် သန့်ရှင်းသောရေကို ဆေးပုံး၏ တစ်ဝက်ခန့်အထိ ထည့်ပြီး လိုအပ်သောဆေးပမာဏကို ချိန်ထည့်ကာ နောက်ဆုံးမှ ရေကို လိုသလိုပြန်ချိန်၍ ထည့်ကာ ဖျော်ရပါမည်။

၈။ အကယ်၍ ပြင်ပတွင် ဆေးရည်စပ်မည်ဆိုပါက ရေပုံးအလွတ် သို့မဟုတ် စည်ပိုင်းတစ်ခုထဲတွင် ရေတစ်ဝက်ခန့်ထည့်ကာ ဆေးချိန်ထည့်ပြီး သစ်သားချောင်းဖြင့် မွှေပေးရပါမည်။ ပြီးမှ ရေကို လိုအပ်သည့်ပမာဏအတိုင်း ချိန်ဆထည့်ကာ သစ်သားချောင်းဖြင့်သာထပ်မွှေရပါမည်။ ဆေးဖျော်စပ်ရာတွင် လက်ဖြင့်လုံးဝမမွှေရပါ။

၉။ ဆေးကို ကျန်းမာပြီး အရွယ်ရောက်သူသာ ဖျန်းရပါမည်။

၁၀။ ဆေးဖျန်းရာတွင်​ လေလာရာအတိုင်း ဖျန်းရပါမည်။ လေကိုဆန့်ကျင်၍ဖျန်းလျှင် ဆေးမှုန်များ အဘက်ဘက်သို့ ပျံ့လွင့်ကာ ဆေးဖျန်းသူထံပြန်ရောက်၍ ဆေးအဆိပ်သင့်နိုင်ပါသည်။

၁၁။ ဆေးကို နေ့ခင်းအချိန်မဖျန်းရန်လည်း လိုပါသည်။ နေ့လည်ပိုင်းတွင် အပူချိန်မြင့်မားသောကြောင့် ဆေး၏ အငွေ့ပျံနှုန်း မြန်ဆန်ကာ အပင်များအတွက် ထိရောက်မှုနည်းနိုင်သောကြောင့်ဖြစ်ပါသည်။

၁၂။ မိုးရွာသောအချိန်နှင့် နှင်းကျသောအချိန်များတွင်လည်း မဖျန်းရပါ။ မိုးရေနှင့်ရော၍ ဆေးများပါသွားနိုင်သည့်အပြင် နှင်းမှုန်များနှင့်ရော၍လည်း ဆေး၏အာနိသင် လျော့သွားတတ်၍ဖြစ်ပါသည်။

၁၃။ ဆေးဖျန်းမည့်သူသည် အကာကွယ်များဖြစ်သော လက်အိတ်ရှည်၊ ရော်ဘာဖိနပ်ရှည်၊ မျက်နှာဖုံးများကို ပြည့်ပြည့်စုံစုံဝတ်ရန် လိုအပ်ပါသည်။

၁၄​။ ဆေးဖျန်းနေစဥ်သာမက ဆေးဖျန်းပြီး ကိုယ်လက်သန့်ရှင်းရေး မလုပ်ရသေးခင်အထိ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း၊ ရေသောက်ခြင်း၊ အစာစားခြင်းများ လုံးဝမပြုလုပ်ရပါ။

၁၅ ။ ဆေးဖျန်းသောပိုက်ခေါင်းများ ပိတ်ဆို့ပါကလည်း ပါးစပ်ဖြင့်လေမှုတ်သွင်းကာ ပိုက်ခေါင်းကို မဖွင့်ရပါ။ ဖျန်းနေစဥ် ပိတ်ဆို့ပါက ဆေးဖျန်းခြင်းကိုရပ်ကာ ပိုက်ခေါင်းများကိုဖြုတ်ပြီး ရေနှင့်ဆေးကြောကာ ပိုက်ခေါင်းဆေးရန်သီးသန့်ထားသော ဖိုင်ဘာအမျှင်များဖြင့်သာ ဆေးရပါမည်။

၁၆။ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများကို မိမိသဘောအတိုင်း သင့်သလို ရောစပ်အသုံးပြုခြင်းကိုလည်း ရှောင်ရှားရပါမည်။

၁၇ ။ ဆေးဘူးခွံများကို စွန့်ပစ်ပါက လူနေသောအဆောက်အဦးများနှင့် အနည်းဆုံး ပေ (၃၀) ခွာ၍ မီးရှို့ရပါမည်။ ဆေးအကျန်များကို သိမ်းဆည်းပါက သော့ခတ်ထားသောဂိုဒေါင်များထဲတွင် ကလေးငယ်များ အိမ်မွေးတိရစ္ဆာန်များ မထိတွေ့ နိုင်အောင် သိမ်းရပါမည်။ 

၁၈ ။ ဆေးရည်ဖျော်ထားသော ရေပုံးများ၊ စည်များ၊ ဆေးဖျန်းပုံးများကို ရေနှင့်ဆေးကြောကာ ထိုရေကို လူမနေ​သော ကွင်းထဲသို့ ဖျန်းပေးပြီး နောက်ထပ်တစ်ကြိမ်မက ဤနည်းအတိုင်း ဆေးကြောပေးရပါမည်။

၁၉ ။ ဆေးဖျန်းသူသည် ဆေးဖျန်းပြီးသောအခါ သန့်ရှင်းသောရေနှင့် ဆပ်ပြာကိုအသုံးပြုကာ ရေချိုးရပါမည်။ ပြီးမှ အစားစားခြင်းကို လုပ်ဆောင်​ရပါမည်။

    အထက်ပါအကြောင်းအရာများသည် ဆေးဖျန်းမည့်တောင်သူများ ဘေးကင်းစွာဆေးဖျန်းနိုင်ရန် လိုက်နာရမည့်အချက်များ ဖြစ်ပါသည်။ ဤသို့သောအချက်များကို လိုက်နာ၍ စနစ်တကျဆေးဖျန်းမှသာ မိမိအတွက် ဘေးအန္တရာယ်ကင်းရုံသာမက ပတ်ဝန်းကျင်အတွက်ပါ လုံခြုံမည့်အပြင် မိမိအမှန်တကယ်နှိမ်နင်းလိုသော ဖျက်ပိုးနှင့် ပေါင်းပင်များကို ထိထိရောက်ရောက် နှမ်နင်းနိုင်မည်ဖြစ်ပါသည်။

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်