သီးနှံစိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သီးနှံများ အထွက်နှုန်းမြင့်မားရေးအတွက် မြေငန်များဖြစ်ပေါ်နေခြင်းသည် စိန်ခေါ်မှုတစ်ရပ် ဖြစ်လျက်ရှိပါသည်။ စိုက်ပျိုးသည့်သီးနှံ အောင်မြင်ဖြစ်ထွန်းရန်အတွက် မြေနေရာဂရုတစိုက် ရွေးချယ်ရန် အထူးလိုအပ်ပါသည်။ သီးနှံပင်များ ရှင်သန်ကြီးထွားမှုနှင့် အထွက်နှုန်းမထိခိုက်စေသော မြေအမျိုးအစားကို ရွေးချယ်ရန် လိုအပ်ပါသည်။ နေရာဒေသပေါ် မူတည်ပြီး မြေအမျိုးအစားများ တစ်မျိုးနဲ့တစ်မျိုး မတူညီကြပါ။ ဥပမာ မိုးများသော ဒေသနှင့် မိုးနည်းရေရှား ရပ်ဝန်းဒေသမှာ ရှိသောမြေများမှာ မြေအမျိုးအစား မတူညီ နိုင်သကဲ့သို့ တောင်ပေါ်ဒေသနှင့် မြေပြန့်လွင်ပြင်ရှိ မြေအမျိုးအစားမှာလည်း မတူညီနိုင်ကြပါ။ သီးနှံစိုက်ပျိုးမြေအမျိုးမျိုးတွင် မြေချဉ်၊ မြေငန်၊ ဆားပေါက်မြေ၊ ဆပ်ပြာပေါက်မြေ၊ ဆားဆပ်ပြာပေါက်မြေစသည်ဖြင့် ကွာခြားသကဲ့သို့ မတူညီတဲ့ မြေအမျိုး အစားပေါ်တွင် စိုက်ပျိုးရမည့် သီးနှံအမျိုးအစားနှင့် စိုက်ပျိုးပြုစု စီမံဆောင်ရွက်ရမည့် နည်းစနစ်များ မတူညီနိုင်ကြပေ။ မြေအမျိုးမျိုးတွင် သီးနှံများ စိုက်ပျိုးဆောင်ရွက်လျက်ရှိရာ မြေငန်များ တွင်လည်း စိုက်ပျိုးဆောင်ရွက်လျက်ရှိပါသည်။
သီးနှံများ စိုက်ပျိုးလျက်ရှိသော မြေငန်များတွင် ဆားပေါက်မြေ၊ ဆပ်ပြာပေါက်မြေ၊ ဆားဆပ်ပြာပေါက်မြေ စသည်ဖြင့် မြေငန်အမျိုးအစား အမျိုးမျိုး တွေ့ရှိရပါသည်။
မြေငန် အမျိုးအစားများကို မြန်မာနိုင်ငံ၏ အပူပိုင်းဇုန် မိုးနည်းရေရှား ရပ်ဝန်းဒေသများနှင့် အချို့ မိုးများသော မြန်မာနိုင်ငံ အောက်ပိုင်း ပင်လယ်ကမ်းရိုးတန်း ဒေသများတွင် တွေ့ရှိရသည်။ ဤကဲ့သို့ စိုက်ပျိုးရေးအတွက် ပြဿနာရှိသော မြေငန်များ ဖြစ်ပေါ်စေသည့် အကြောင်းရင်း များစွာရှိပြီး ဒေသအလိုက် ကွာခြားမှု ရှိကြပါသည်။
ငန်သောမြေအမျိုးအစားတွင် မြေချဉ်ငန်ကိန်း (pH) မြင့်မားခြင်း၊ မြေတွင်းဓာတ်ဆားပါဝင်မှု များခြင်း၊ ထုံးဓာတ်ပါဝင်မှု မြင့်မားခြင်း၊ ဂျစ်ဆန်ပါဝင်မှု နည်းခြင်းစသည့် အချက်များကို တွေ့ရှိနိုင်ပါသည်။
မြေငန်ဖြစ်စေသော အကြောင်းရင်းများမှာ ပင်ရေငွေ့ပျံနှုန်းသည် ရွာသွန်းသော မိုးရေပမာဏထက်များပြားနေခြင်း၊ မိုးရေချိန်နှင့် ရေငွေပျံနှုန်း အချိုးအစား နည်းခြင်း၊ မြေသားထု အတွင်းသို့ ဓာတ်ဆားများ ပျော်ဝင်ပြီး စီးဆင်းရန်အတွက် လုံလောက်သော မိုးရေမရရှိခြင်းကြောင့် ဖြစ်ပါသည်။ ထိုအချက်များကြောင့် မြေမျက်နှာပြင် အပေါ်ပိုင်းတွင် ဓာတ်ဆားများ စုပုံပြီး မြေငန်များ ဖြစ်ပေါ်စေခြင်း ဖြစ်သည်။
မြေမျက်နှာပြင် အပေါ်ပိုင်းတွင် ဓာတ်ဆားများ စုပုံခြင်းကြောင့် ဓာတ်ဆားပျော်ဝင်မှုနှုန်း မြင့်မား လာပြီး မြေချဉ်ငန်ကိန်း (pH) တန်ဘိုး မြင့်ကာ pH တန်ဘိုးသည် မြေချဉ်ငန်ကိန်း(pH) ၇ ထက် ကျော်လာမည်ဖြစ်သည်။ မိုးနည်းရပ်ဝန်း ဒေသများတွင် ရွာသွန်းသော မိုးရေ နည်းပါးလွန်းသည့်အတွက် ပျော်ဝင်လွယ်သော ဓာတ်ဆားများဖြစ်သည့် ဆိုဒီယမ်ကလိုရိုဒ်၊ ဆိုဒီယမ်ဆာလဖိတ်၊ ပိုတက်စီယမ် ကလိုရိုဒ်၊ ပိုတက်စီယမ်ဆာလဖိတ်၊ ကယ်လ်ဆီယမ် ကလိုရိုဒ်ကဲ့သို့သော ဓာတ်ဆားများသည် ပျော်ဝင် စီးဆင်းသွားခြင်းမျိုး မဖြစ်တော့သည့်အတွက် မိုးနည်း ရပ်ဝန်းဒေသ မြေအများစု ရှိ မြေများသည် မြေငန်များ ဖြစ်ပေါ်လျက်ရှိပါသည်။
မိုးများသော ပင်လယ်ကမ်းရိုးတန်းဒေသများတွင်လည်း ပင်လယ်ရေမှ ဆားငန် ရေများ ဝင်ရောက်လာခြင်းကြောင့် မြေငန်များ ဖြစ်ပေါ်ခြင်း ဖြစ်ပါသည်။
ဆားပေါက်မြေများတွင် သီးနှံများ စိုက်ပျိုးထုတ်လုပ်မှု အောင်မြင်ရန်အတွက် မြေဆီလွှာပြုပြင်ခြင်း၊ စနစ်တကျ ရေသွင်းရေထုတ် ပြုလုပ်ခြင်း၊ ဒေသကိုက်ညီသော သီးနှံများ စိုက်ပျိုးခြင်းစသည့် စီမံခန့်ခွဲမှု နည်းစနစ်များမှာ - ထယ်ရေးနက်နက်ထိုးခြင်း၊ မြေသားထုနက်နက် ထယ်ခွဲခြင်း ၊ မြေပြုပြင်ပစ္စည်း များ ထည့်သွင်းခြင်း နှင့် သီးလှည့်စိုက်ပျိုးနည်းစနစ်များဖြင့် မြေဆီလွှာ ပြုပြင်ခြင်းကို စနစ်တကျ ဆောင်ရွက်ရမည် ဖြစ်ပါသည်။
မြေသားတည်ဆောက်မှု ကောင်းစေရန် ၊ မြေတွင်း ရေစိမ့်ဝင်မှု ကောင်းစေရန်နှင့် မြေဆီလွှာတိုးတက်ကောင်းမွန်စေရန် ဒေသတွင်း အလွယ်တကူ ရရှိနိုင်သော မြေပြုပြင်ပစ္စည်းများ ဖြစ်သည့် ကောက်ရိုး၊ စပါးခွံ၊ ပြောင်းရိုး၊ လွှစာမှုန့် ကြံမြှုတ်ချေး၊ စိုက်ခင်းအတွင်းနှင့် ဘေးပတ်ဝန်းကျင်ရှိ ပေါင်းမြက်များနှင့် သီးနှံပင်ကြွင်း ပင်ကျန်များကို သဘာဝမြေဆွေးပြုလုပ်၍ ထည့်သွင်းပေးရန်လည်းလိုသည်။
သီးနှံပင်များ စိုက်ပျိုးရန် မြေယာပြုပြင်ရာတွင် စိုက်ဘောင်၊ ပျိုးဘောင်များကို လျှောစောက်ပုံ ပြင်ဆင်ရန်လိုအပ်သည်။ ထိုမှသာ အပင်များ မျိုးညှောက်ပေါက်ချိန်တွင် မြေဆီလွှာအတွင်းရှိ ဓာတ်ဆားများ မျိုးစေ့အနီး ပတ်ဝန်းကျင်သို့ မရောက်ရှိနိုင်တော့ဘဲ ကောင်းစွာ အပင်ရှင်သန်ကြီးထွားနိုင်မည် ဖြစ်ပါသည်။ ၎င်းအပြင် သီးနှံစိုက်ဘောင် တစ်တန်းနှင့် တစ်တန်းကြား ရေသွင်းနည်းစနစ်ကို ပြုလုပ်ရန် လိုပါသည်။
မြေငန်များတွင် ဆားငန်ဒဏ် ခံနိုင်သောမျိုးများ စိုက်ပျိုးခြင်းဖြင့် မျှော်မှန်းသောအထွက်နှုန်းကို ရရှိနိုင်မည် ဖြစ်သည့်အတွက် ဝါ၊ နှံစားပြောင်း၊ ပဲပုတ်၊ ပဲလွန်း၊ ကညွတ်၊ ဆူးပန်း၊ စွန်ပလွန်၊ သလဲ၊ စသည့် ဆားငန်ဒဏ် ခံနိုင်သည့် သီးနှံမျိုးများနှင့် ဆီမုန်ညင်း၊ ဘူး ဖရုံ၊ ဂျုံ၊ သင်္ဘော၊ နာနတ်၊ဆီးသီး သည့် ဆားငန်ဒဏ် အသင့်အတင့် ခံနိုင်ရည်ရှိသည့် မျိုးများကို စိုက်ပျိုးသင့်ပါသည်။
ထို့အပြင် ဆိုဒီယမ် မြင့်မားမှုကို ခံနိုင်ရည်ရှိသော မျိူးများ ဖြစ်သည့် စပါး၊ ဂျုံ၊ ဝါ၊ နှင့် ကြံသီးနှံ စိုက်ပျိုးခြင်း၊ ဘိုရွန် မြင့်မားမှုကို ခံနိုင်ရည် သည့် ခရမ်းချဉ်၊ ဂေါ်ဖီထုတ်၊ ပဲလွန်း၊ ပြောင်း၊ ဆေးရွက်ကြီး၊ မုံညင်း၊ သခွားမွှေးနှင့် မုံလာပန်း စသည့် သီးနှံများကို စိုက်ပျိုးခြင်းဖြင့် ကောင်းမွန်သော အထွက်နှုန်းကို ရရှိစေနိုင်မည် ဖြစ်ပါသည်။ သီးလှည့်စိုက်ပျိုးနည်းစနစ်ဖြင့် အမြစ်နက်နက် ဆင်းသောသီးနှံတစ်လှည့် အမြစ်တိမ်တိမ် ဖြစ်ထွန်းသော သီးနှံတစ်လှည့်ကျ စိုက်ပျိုးသွားရန်လည်း လိုအပ်သည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။