စန္ဒကူးနံ့သာ မွှေးတဲ့မြိုင်

15/01/2018 15:45 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ရှးစာပေကျမ်းဂန်တွေထဲမှာ အမြဲလိုလိုတွေ့ရတတ်တဲ့ စန္ဒကူးနံ့သာဆိုတဲ့စကားလုံးဟာ သင်းပျံ့တဲ့သစ်သားရနံ့၊မွှေးကြိုင်ခြင်းကို ကိုယ်စားပြုတယ်ဆိုတာ လူတိုင်းသိကြမှာပါ။ မြန်မာပြည်မှာ သနပ်ခါးပြီးရင် အလှကုန်ပစ္စည်းအနေနဲ့ပဲဖြစ်ဖြစ်၊ ပရဆေးအမယ်တစ်ခုအနေနဲ့ဖြစ်ဖြစ်၊ ဘာသာရေးအရပူဇော်တဲ့နေရာမှာပဲဖြစ်ဖြစ် အသုံးများတဲ့ သစ်သားတစ်မျိုးကတော့ နံ့သာပဲဖြစ်ပါတယ်။ နံ့သာကို စန္ဒကူးလို့ ပါဠိလိုခေါ်တယ်လို့ကြားဖူးပါတယ်။ ဒါပေမယ့် ကျမ်းကိုးအကားအနေနဲ့ ရှင်နာဂသိန်ရဲ့ သိမ်ဖြူပုံပြဆေးအဘိဓာန်နဲ့ မြန်မာ့စွယ်စုံကျမ်းတွေအနားမှာမရှိတော့ ဟုတ်မဟုတ် သေချာမပြောနိုင်ပါဘူး။ ဖြစ်နိုင်ခြေရှိတာတစ်ခုကတော့ နံ့သာကို အင်္ဂလိပ်လို Sandalwood လို့ခေါ်တဲ့အတွက် အသံထွက်အားဖြင့် နီးစပ်ပါတယ်။ဒါပေမယ့် စန္ဒကူးနံ့သာရဲ့ဆိုလိုရင်းက နံ့သာတစ်မျိုးတည်းကိုပဲ တင်စားခေါ်ဝေါ်ဟန်မတူပါဘူး။ မွှေးပျံ့တဲ့ရနံ့ရှိတဲ့ သစ်သားဟူသမျှကို တင်စားသုံးနှုန်းထားတာဖြစ်မယ်လို့ထင်ပါတယ်။ရှေးခေတ်တုန်းက ဒီအမွှေးနံ့သာ၊ကရမက်စတာတွေဟာ တောကြီးမြိုင်လယ်မှာ ပေါက်ရောက်ပြီး သုံးစွဲလိုသူတွေက ခက်ခက်ခဲခဲရှာဖွေရတာမျိုးတွေရှိခဲ့ပါတယ်။ မရှားပါးပေမယ့် သနပ်ခါးလိုမျိုး လူနေအိမ်ခြေကြားမှာ စိုက်ပျိုးသုံးစွဲတာမျိုးတွေ နည်းမယ်ထင်ပါတယ်။ ဒီဖက်ခေတ်မှာတော့ စီးပွားရေးအရ စျေးကွက်ရှိတဲ့ နံ့သာဟာ တခြားအမွှေးအကြိုင်၊ပရဆေးပင်တွေလိုပဲ စိုက်ခင်းတွေနဲ့ စီးပွားဖြစ်ထုတ်လုပ်ပြီး နိုင်ငံခြားထိတင်ပို့နေတဲ့အနေအထားမှာ ရှိနေပါပြီ။ ဒါပေမယ့် မြန်မာနိုင်ငံမှာသာမက အရှေ့တောင်အာရှနိုင်ငံတွေမှာ စီးပွားဖြစ်စိုက်ခင်းတွေလုပ်ကိုင်တာမျိုးဟာ စျေးကွက်ထက်စာရင် နည်းပါးပြီး ခုချိန်ထိရှေးခေတ်ကလို စိမ့်ကြီးမြိုင်ကြီးတွေထဲ ခက်ခက်ခဲခဲလိုက်လံရှာဖွေနေရတဲ့၊ သက်ဆိုင်ရာအစိုးရတွေကနေ ရှားပါးသစ်တောထွက်ပစ္စည်းအနေနဲ့ ဥပဒေထုတ်ပြီး တားမြစ်ထားရတဲ့၊ မှောင်ခိုစျေးကွက်မှာ အရမ်းလူကြိုက်များပြီးတော့ တန်ဖိုးကြီးပြီးရှားပါးတဲ့၊ အရမ်းလည်းဆေးဖက်ဝင်တဲ့ အမွှေးအကြိုင်သစ်တောထွက်ပစ္စည်းတစ်မျိုးရှိနေပါတယ်။ အဲဒါကတော့ သစ်မွှေးလို့ခေါ်တဲ့ Agar-wood သို့မဟုတ် Oddh ပါပဲ။ တခြားသစ်တောထွက်အမွှေးအကြိုင်ကုန်ကြမ်းပစ္စည်းများနဲ့ ကွာခြားချက်က သစ်မွှေးရဲ့ ဒဏ္ဍာရီဆန်တဲ့လျှို့ဝှက်မှုပါပဲ။ သစ်မွှေးဟာ တခြား သနပ်ခါး၊ကရက်မက်နဲ့နံ့သာတို့လို နဂိုမူလကတည်းက မွှေးရနံ့ပါလာတာမျိုးမဟုတ်ပဲ မုတ်သုံသစ်တောအတွင်းက အပင်အမျိုးအစားနှစ်မျိုးမှာ ကပ်ငြိတတ်တဲ့မှိုတစ်မျိုးကြောင့် မျိုးဗီဇပြောင်းလဲရာကနေ ထွက်ပေါ်လာတဲ့ ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ အဲဒီသစ်ပင်နှစ်မျိုးရဲ့ ရုက္ခဗေဒအမည်ကတော့ Aquilaria နဲ့ Gyrinops ဖြစ်ကြပါတယ်။ Gyrinops မှာ မျိုးကွဲကိုးမျိုးရှိပြီး ဘယ်အမျိုးအစားက သစ်မွှေးထွက်တယ်ဆိုတာတော့ အတိအကျမသိပါဘူး။ ဒီသစ်ပင်အမျိုးစားတွေကို အရှေ့တောင်အာရှနိုင်ငံများ၊ အိန္ဒိယမြောက်ပိုင်းဒေသနဲ့ နယူးဂီနီနိုင်ငံတွေမှာ တွေ့ရှိရပါတယ်။ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာတော့  Gaharu tree လို့ လူသိများပါတယ်။ အဲဒီအပင်တွေကထွက်တဲ့ သစ်မွှေးရဲ့နောက်ထပ် ဒေသိယဆိုင်ရာ အမည်ကွဲတွေကတော့ Jinko,Aloeswood,Agarwood,Pokok Karas နဲ့ Oud တို့ဖြစ်ကြပါတယ်။ Aquilaria ပင်ဟာ အပူပိုင်းစိုစွတ်တဲ့ အာရှမုတ်သုံအမြဲစိမ်းသစ်တောတွေမှာ ပေါက်ရောက်ပြီး ၆ပေမှ ပေ၂၀အထိမြင့်မားပြီးတော့ အရွက်များက ဗြက်အကျယ် ၂-၄စင်တီမီတာရှိကာ အရှည် ၅-၁၁စင်တီမီတာရှိပါတယ်။ ဒီသစ်ရွက်တွေဟာ ရာသီအလိုက်အရောင်ပြောင်းလဲမှုရှိပါတယ်။ စိမ်းဝါရောင်အပွင့်များပွင့်ကာ လေနဲ့အတူ ၀ဲကာလွင့်ပျံနိုင်တဲ့ ဝတ်ဆံများကို ထုတ်လုပ်ပါတယ်။ အသီးကရှည်မျှောမျှောသဏ္ဍာန်ရှိပြီး ၂.၅-၃စင်တီမီတာရှိပါတယ်။သစ်မွှေးပင်ရဲ့ထူးခြားချက်တစ်ခုကတော့ အပင်အများစုဟာ တခြားသစ်ပင်တွေလို မြေကြီးနားမှာ အကိုင်းအခက်တွေ ရှုပ်ရှက်ခတ်နေတာမျိုး သိပ်မရှိပဲ ဖြောင့်တန်းတဲ့ပင်စည်ရှိတာကို တွေ့ရပါတယ်။ နောက်ပြီး သဘာဝအလျှောက်ပေါက်တဲ့ သစ်မွှေးပင်တွေဟာ တခြားသစ်ပင်တွေလို တစုတဝေးတည်း ရှိခဲပြီးတော့ တစ်ပင်နဲ့တစ်ပင် အကွာအဝေး ခပ်လှမ်းလှမ်းမှာ ပေါက်တတ်တာကိုတွေ့ရပါတယ်။ Aquilaria အပင်အုပ်စုထဲ အဓိကသစ်မွှေးထွက်ရှိတဲ့ အမျိုးအစားကတော့Aquilaria malaccensis ဖြစ်ပါတယ်။ မဆင်မခြင် သစ်တောခုတ်လှဲမှုနဲ့ သစ်မွှေးမုဆိုးတွေရဲ့ ရန်ကြောင့် ရှားပါးစာရင်းဝင် Aquilaria ပင်တွေကို သက်ဆိုင်ရာအစိုးရတွေကနေ မျိုးသုန်းပျောက်ကွယ်နိုင်တဲ့ ရှားပါးသစ်ပင်အမျိုးအစားအဖြစ်သတ်မှတ်ပြီး ကာကွယ်နေရပါတယ်။ ခုချိန်မှာ စျေးကွက်တွင်ကျယ်လာတာနဲ့အမျှ တောတွင်း Aquilaria နဲ့ Gyrinops ပင်တွေ မျိုးသုန်းပျောက်ကွယ်နိုင်တဲ့ အခြေအနေကြောင့် အချို့အာရှနိုင်ငံတွေမှာ သစ်မွှေးကိုစီးပွားဖြစ်ထုတ်လုပ်နိုင်ဖို့ စိုက်ခင်းစီမံကိန်းတွေရေးဆွဲပြီး သိပ္ပံနည်းကျ သစ်မွှေးထုတ်လုပ်ရေးလုပ်ငန်းကို စတင်လုပ်ကိုင်နေကြပြီဖြစ်ပါတယ်။

Aquilaria tree

သစ်မွှေးဟာ Aquilaria နဲ့ Gyrinops ပင်တွေရဲ့ အမြစ်နဲ့ပင်စည်အနှစ်ပိုင်းမှာ ဒဏ်ရာတစ်ခုခုရလို့ဖြစ်ဖြစ်၊ အကြောင်းတစ်စုံတစ်ရာကြောင့် parasitc ascomycetous (ရုက္ခဗေဒအမည် Phaeoacremonium parasitica )ဆိုတဲ့ မှိုတစ်မျိုးစွဲရာကနေ ဝင်လာတဲ့ infection ကိုခုခံဖို့ အပင်ရဲ့တုန့်ပြန်မှုအနေနဲ့ အစေးအဖြစ်ထွက်လာတဲ့ သဘာဝဓာတ်ပြုမှုတစ်ခုဖြစ်ပါတယ်။ ပုံမှန်အနေအထားမှာ အပင်အနှစ်ပိုင်းရဲ့အရောင်ဟာ အဝါရောင်ဝင်းနေပြီး ဒါမှမဟုတ်ဖြူလျော်လျော်အရောင်ရှိနေတတ်ပါတယ်။ ဒါပေမယ့် မှိုစွဲလို့ infection ဝင်လာတဲ့အခါ အနှစ်ပိုင်းဟာ အရောင်ညိုညစ်တဲ့အစေးတွေကို အလိုအလျှောက်ထုတ်လုပ်ပြီး ခုခံပါတယ်။ ဒီရလာဒ်ကြောင့် အနှစ်သားဟာ အရင်ကထက်ပိုမို သိပ်သည်းလာပြီးတော့ ညိုမဲတဲ့အရောင်အဖြစ်ပြောင်းလဲကာ သစ်စေးဆီတွေနဲ့ စေးကပ်လာပါတယ်။ ဒီသစ်စေးဆီတွေကပ်နေတဲ့ အနှစ်ပိုင်းဟာ သစ်မွှေးပါပဲ။ အင်မတန်သင်းပျံ့တဲ့မွှေးရနံ့ကြောင့် ဒီသစ်မွှေးဟာ အမွှေးတိုင်လုပ်ငန်းနဲ့ ကမ္ဘာအရပ်ရပ်က ရေမွှေးလုပ်ငန်းတွေမှာ မရှိမဖြစ်လိုအပ်တဲ့ ကုန်ကြမ်းတစ်မျိုးဖြစ်နေသလို သူ့ရဲ့အရမ်းဆေးဖက်ဝင်တဲ့ အာနိသင်ကြောင့် တန်ဖိုးကြီးအလှကုန်ပစ္စည်းတွေနဲ့ တန်ဖိုးကြီးအရှေ့တိုင်းရိုးရာတိုင်းရင်းဆေးဖော်တဲ့ နေရာမှာမရှိမဖြစ်လိုအပ်တဲ့ ကုန်ကြမ်းတစ်မျိုးလည်း ဖြစ်နေပါတယ်။

သစ်မွှေးကိုစတင်သုံးစွဲခဲ့တာဟာ သမိုင်းအထောက်အထားများအရ အိန္ဒိယနိုင်ငံမှာဖြစ်နိုင်ပြီး အဲဒီမှာတွေ့ရှိရတဲ့ သက္ကတဘာသာနဲ့ရေးထိုးထားတဲ့ ကမ္ဘာ့ရှေးအကျဆုံး  ကျောက်စာတွေထဲကတစ်ခုမှာ သစ်မွှေးအကြောင်းကို ရေးသားထားတာတွေ့ရှိရပါတယ်။ အေဒီ ၃ရာစု တရုတ်အရှေ့ပိုင်း Wu မင်းဆက်လက်ထက်မှာ Rinan ဒေသ ယခုဗီယက်နမ်အလယ်ပိုင်းမှာ သစ်မွှေးထွက်ရှိတယ်လို့ သမိုင်းအထောက်အထားတွေတွေ့ရပါတယ်။ ကုန်သွယ်မှုသမိုင်း အထောက်အထားအနေနဲ့ကတော့ ဗီယက်နမ်နိုင်ငံမှာ ၁၅၃၀ ခုနှစ်လောက်မှာ သစ်မွှေးကုန်သွယ်မှုကို တရုတ်၊ဂျပန်နဲ့တခြားအာရှနိုင်ငံများနဲ့ ကျယ်ကျယ်ပြန့်ပြန့် ကုန်သွယ်ခဲ့တယ်လို့သိရပါတယ်။ဗီယက်နမ် ငုယင်မင်းဆက်ဟာ သစ်မွှေးကုန်သွယ်ရေးမှာ စျေးကစားမှုတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခဲ့ပြီး မြို့ပြနိုင်ငံထူထောင်ဖို့လိုအပ်တဲ့ငွေကြေးပမာဏကို ဒီစီးပွားရေးလုပ်ငန်းကပဲ ရရှိခဲ့တာပါ။ အိန္ဒိယနိုင်ငံမှာ အသောကခေတ်တုန်းက သစ်မွှေးအခေါက်ကို ရေးသားမှုအသုံးအဆောင်ပစ္စည်းအဖြစ်ပြုလုပ်သုံးစွဲပြီးတော့ အဆီကိုကိုယ်လိမ်းအလှဆီအဖြစ် သုံးစွဲခဲ့ဖူးတယ်လို့လည်း သိရှိရပါတယ်။ အာရှနိုင်ငံတော်တော်များများမှာ ဒေသအလိုက် သစ်မွှေးကိုခေါ်တဲ့အခေါ်အဝေါ်များစွာရှိကြပါတယ်။ ဟင်ဒီဘာသာမှာ သစ်မွှေးကို agar လို့ခေါ်ပြီး ဘင်္ဂလီ၊Telugu,Kannada နဲ့သက္ကတဘာသာမှာ aguru လို့ခေါ်ပါတယ်။ တရုတ်လိုchénxiāng ခေါ်ပြီး ဂျပန်လို jinkō လို့ခေါ်ပါတယ်။အာရပ်ဘာသာစကားမှာoud လို့ခေါ်ပြီး ဥရောပမှာတော့Lignum aquila (eagle-wood) လို့လူသိများပါတယ်။မလေးနဲ့အင်ဒိုနီးရှားမှာတော့ gaharu လို့ခေါ်ကြပြီး နယူးဂီနီမှာ ghara ၊ ထိုင်းမှာတော့ Mai Kritsana(ไม้กฤษณา)  ၊တမီလ်ဘာသာမှာတော့ “akil” (அகில்) နဲ့ လာအိုနိုင်ငံမှာတော့ Mai Ketsana လို့ခေါ်ပါတယ်။

ကမ္ဘာပေါ်မှာ မူရင်းAquilaria အပင်မျိုးကွဲပေါင်း ၁၅မျိုးရှိပြီးတော့ အဲဒီထဲက ၈မျိုးဟာ သစ်မွှေးထုတ်လုပ်နိုင်တယ်လို့ သိရှိရပြီး နောက်ထပ်မျိုးကွဲတွေလည်း ရှိနိုင်ပါသေးတယ်။ ဒါပေမယ့် တကယ်နည်းစနစ်ကျကျ ထုတ်လုပ်မယ်ဆိုရင်တော့ ဒီမျိုးကွဲအားလုံးကနေ သစ်မွှေးထုတ်နိုင်တယ်လို့ ဆိုပါတယ်။ အဲဒီမူရင်းအမျိုးအစားတွေကတော့

  • Aquilaria khasiana, found in India
  • Aquilaria apiculina, found in Philippines
  • Aquilaria baillonil, found in Thailand and Cambodia
  • Aquilaria baneonsis, found in Vietnam
  • Aquilaria beccarain, found in Indonesia
  • Aquilaria brachyantha, found in Malaysia
  • Aquilaria crassna found in Cambodia, Malaysia, Thailand, and Vietnam
  • Aquilaria cumingiana, found in Indonesia and Malaysia
  • Aquilaria filaria, found in China
  • Aquilaria grandiflora, found in China
  • Aquilaria hilata, found in Indonesia and Malaysia
  • Aquilaria malaccensis, found in Malaysia, Thailand, and India
  • Aquilaria microcapa, found in Indonesia and Malaysia
  • Aquilaria rostrata, found in Malaysia
  • Aquilaria sinensis, found in China
  • Aquilaria subintegra, found in Thailand

               သစ်မွှေးရဲ့တခြားထူးခြားတဲ့ အရည်အသွေးတစ်ခုကတော့ အမြင့်ဆုံးအရည်အသွေးရှိတဲ့ သစ်မွှေးဟာဘယ်လောက်ပဲပေါ့ပါးနေပါစေ၊ သူ့ကိုရေထဲချကြည့်တဲ့အခါ နစ်မြှုပ်သွားတာကို တွေ့ရပါလိမ့်မယ်။ ဒီလိုမျိုးအရည်အသွေးရှိတဲ့ သစ်မွှေးဟာအရမ်းရှားပါးပြီး သဘာဝအလျှောက်တောနက်တွေမှာ ပေါက်ရောက်နေတဲ့အပင်တွေမှာပဲ တွေ့နိုင်ပါတယ်။ အဲဒီလိုနစ်မြှုပ်တာဟာ အဲဒီသစ်မွှေးထဲမှာပါတဲ့ သစ်စေးဆီသိပ်သည်းဆဟာ ရေရဲ့သိပ်သည်းဆထက်ပိုများနေတယ်ဆိုတာကို ပြနေပါတယ်။ အဲဒါကြောင့် သစ်မွှေးကို တရုတ်တွေကchénxiāng (沉香) လို့ခေါ်ကြပြီး ရေမြှုပ်သစ်မွှေး sinking agarwood လို့အဓိပ္ပါယ်ရပါတယ်။ ဒီနည်းစနစ်ဟာ သစ်မွှေးရဲ့အရည်အသွေးကို စမ်းသပ်တဲ့နည်းစနစ်တစ်ခုလည်းဖြစ်ပါတယ်။
           ယနေ့ခေတ်ကုန်သွယ်မှုမှာ လူကြိုက်အများဆုံး Sinking Agarwood ကတော့ Aquilaria malaccensis  နဲ့Aquilaria filaria ကနေထွက်ရှိတဲ့ သစ်မွှေးအမျိုးအစားပဲဖြစ်ပါတယ်။ ဒီဘက်ခေတ်မှာ မျိုးတုန်းလုနီးပါးဖြစ်နေတဲ့ သစ်မွှေးပင်အမျိုးအစားကတော့ တစ်ချိန်ကဗီယက်နမ်မှာအများဆုံးတွေ့ရတဲ့ Aquilaria crassna  ပဲဖြစ်ပါတယ်။ ခုစျေးကွက်မှာ ပေါက်စျေးအမြင့်ဆုံးအဖြစ် ရပ်တည်နေတဲ့ Aquilaria malaccensis  နဲ့Aquilaria filaria ပင်တွေကနေထွက်ရှိတဲ့ အနက်ရောင်သစ်မွှေးအမျိုးအစားကို မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံ( Kalimantan Island) ဒေသတွေမှာ အလွယ်တကူတွေ့ရှိနေရဆဲပဲဖြစ်ပါတယ်။ Aquilaria ပင်တွေရဲ့ သစ်မွှေးဖြစ်တည်မှုဟာ ပုံမှန်အားဖြင့် အနည်းဆုံးအပင်သက်တမ်း ၅နှစ်မှာဖြစ်ပေါ်လေ့ရှိပြီးတော့ ဖြစ်တည်မှုအနည်းဆုံး၂ နှစ်အကြာမှသာ ခုတ်လှဲထုတ်ယူသုံးစွဲလို့ရပါတယ်။ ဒီအနေအထားက လက်ရှိသိပ္ပံနည်းကျစိုက်ပျိုးထားတဲ့ သစ်မွှေးစိုက်ခင်းတွေရဲ့ အနေအထားပါ။ သဘာဝအလျှောက်ပေါက်ရောက်တဲ့ သစ်မွှေးပင်တွေမှာတော့ သစ်မွှေးဖြစ်တည်မှုဟာ အလွန်ရှားပါးပြီးတော့ ဒီဘက်ခေတ်မှာ တောတွင်းက သစ်မွှေးပင်တစ်ပင်ကိုတွေ့ရှိဖို့ဆိုတာ အလွန်ခက်ခဲပြီး အဲဒီတွေ့ရခဲတဲ့ သစ်မွှေးပင်တွေမှာ သစ်မွှေးရှိနိုင်မှုဟာ ၁၀၀မှာ ၁၀ရာခိုင်နှုန်းခန့်သာရှိတဲ့အတွက် အလွန်ရှားပါးပါတယ်။ ဒါပေမယ့် အဲဒီရှားပါးတဲ့သဘာဝသစ်မွှေးပင်တွေဆီကနေ ပထမတန်းစားအရည်အသွေးရှိတဲ့ သစ်မွှေးအမျိုးအစားကို ထုတ်ယူရရှိနိုင်ပါတယ်။ ခုလက်ရှိ ပထမတန်းစား သဘာဝသစ်မွှေးပေါက်စျေးဟာ အင်ဒိုနီးရှားစျေးကွက်မှာတင် တစ်ကီလိုကို အမေရိကန်ဒေါ်လာ ၇ထောင်အနည်းဆုံးရှိနေပါတယ်။ စိုက်ခင်းတွေဆီက သစ်မွှေးထုတ်လုပ်မှုကနေ မလေးရှားနိုင်ငံဟာ နှစ်စဉ် အမေရိကန်ဒေါ်လာသန်းရ၀အနည်းဆုံး ရရှိနေပါတယ်။ သစ်မွှေးတင်ပို့မှုရဲ့ အဓိကစျေးကွက်ကတော့ အရှေ့အလယ်ပိုင်းဒေသဖြစ်ပြီး အာရပ်လူမျိုးတွေရဲ့ ထုံးတမ်းစဉ်လာ ဘာသာရေးအခမ်းအနားတွေမှာ မပါမဖြစ်လိုအပ်နေတဲ့အရာတစ်ခုအနေနဲ့ သစ်မွှေးတွေကို နှစ်စဉ်စျေးကောင်းပေး ဝယ်ယူလျှက်ရှိနေပါတယ်။ တခြား တရုတ်၊ဂျပန်၊ကိုရီးယားနဲ့ ဥရောပနိုင်ငံတွေကလည်းး အမြောက်အမြားဝယ်ယူလျှက်ရှိနေပါတယ်။ အဲဒီလိုမြင့်မားတဲ့ ဝယ်လိုအားတွေကြောင့် ကမ္ဘာ့သစ်မွှေးရောင်းဝယ်ရေးမှာ ကြီးမားကျယ်ပြန့်တဲ့ မှောင်ခိုစျေးကွက်တစ်ခုဖြစ်ပေါ်နေတာကို အားလုံးကြားဖူးကြမယ်ထင်ပါတယ်။
မြန်မာနိုင်ငံမှာပေါက်ရောက်တဲ့ သစ်မွှေးပင်အမျိုးအစားနှစ်ခုကတော့Aquilaria Malaccensis့ နဲ့ Aquilaria Agallocha တို့ဖြစ်ကြပြီး အဲဒီနှစ်မျိုးစလုံးဟာ စျေးကွက်မှာလူကြိုက်များတဲ့ သစ်မွှေးအမျိုးအစားတွေဖြစ်ကြပါတယ်။ မြန်မာနိုင်ငံမှာ သဘာဝအလျှောက်ပေါက်ရောက်တဲ့ သစ်မွှေးပင်တွေကို ကချင်ပြည်နယ်မှာအများဆုံးတွေ့ရှိရပြီး တခြားပြည်နယ်နဲ့တိုင်းတွေမှာလည်း တွေ့ရှိရပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်း မြန်မာနိုင်ငံမှာ စီးပွားဖြစ် သစ်မွှေးစိုက်ပျိုးထုတ်လုပ်မှုကို စိတ်ဝင်စားလာကြပြီး ၂၀၀၃ခုနှစ်မှာ စတင်စမ်းသပ်လုပ်ကိုင်ကြရာကနေ အောင်မြင်မှုတွေရရှိလာခဲ့ပါတယ်။ ဒေသတွင်းသစ်မွှေးစိုက်ပျိုးထုတ်လုပ်မှုမှာ ဦးဆောင်နေတဲ့ ထိုင်းနိုင်ငံကနည်းပညာတွေအသုံးပြုပြီး အပင်သုံးနှစ်သားမှစတင် မှိုဆေးထည့်သွင်းနိုင်ပြီးတော့ နောက်ထပ်နှစ်အနည်းငယ်အတွင်းမှာ သစ်မွှေးထုတ်ယူရရှိနိုင်ပါတယ်။ ဒီလိုမျိုးစနစ်တကျ စီမံကိန်းနှစ်ရှည်ပင်အဖြစ် ဖော်ထုတ်လုပ်ကိုင်ခြင်းဟာ သဘာဝသစ်တောတွေမှာ ပေါက်ရောက်နေတဲ့ သဘာဝသစ်မွှေးပင်တွေ မျိုးတုံးနိုင်တဲ့အန္တရာယ်ကို အတိုင်းအတာတစ်ခုထိ တစ်ဖက်တလမ်းက လျှော့ချပေးစေနိုင်ပါတယ်။ ဒါပေမယ့် ခုချိန်ထိ ကချင်ပြည်နယ်၊စစ်ကိုင်းတိုင်းမြောက်ပိုင်း၊ ပဲခူးရိုးမ၊တနင်္သာရီရိုးမနဲ့ တခြားဒေသတွေရဲ့ သဘာဝသစ်တောတွေမှာ တရားမဝင်သစ်မွှေးရှာဖွေခုတ်လှဲမှုတွေ ဆက်တိုက်ရှိနေတုန်းပါပဲ။ နိုင်ငံတော်စီမံကိန်းတွေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ဝင်လာတာနဲ့အမျှ သစ်ထုတ်လုပ်ငန်း၊သတ္တုတူးဖော်ရေးလုပ်ငန်းများ တွင်ကျယ်ပြန့်နှံ့လာခြင်းနဲ့အတူ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုအမြောက်အမြားကြားမှာ တရားမဝင် သစ်မွှေးလိုက်မုဆိုးတွေနဲ့ မှောင်ခိုကုန်သည်တွေကြောင့် တခြားသစ်တော သယံဇာတများနည်းတူ မြန်မာ့မြေပေါ်မှာရှိတဲ့ စုံတောမြိုင်တွေထဲက စန္ဒကူးနံ့သာ သစ်မွှေးပင်များဟာ နှစ်စဉ်နှစ်တိုင်း မြေခပျက်စီးပြီး မျိုးတုံးနိုင်တဲ့အန္တရာယ်ကို ရင်ဆိုင်နေရတာကတော့ အသေအချာပဲဖြစ်ပါတယ်။
စာမွီး-
http://en.wikipedia.org/ 
http://www.gaharuonline.com/
http://gaharuku.com/what-is-agarwood
http://www.zaygwet.com/eco_opinion.php?id=83
http://www.myanmar.mmtimes.com/2010/upper/494/upper03.html
http://mandalaygazette.com/99338/uncategorized-other/copypaste
ဒီဆောင်းပါးကိုရေးသားတဲ့အချိန်မှာ နီးစပ်ရာ ခိုင်မာတဲ့ကျမ်းအကိုးအကားတွေ မရှိလို့လက်လှမ်းမှီရာ အင်တာနက်စာမျက်နှာတွေပေါ်က အချက်အလက်တွေကို အားကိုးပြီး ရေးသားလိုက်တဲ့အတွက် လိုအပ်ချက်တွေ ရှိနေမယ်လို့ ထင်ပါတယ်။ ဒီဆောင်းပါးကိုဖတ်ရှုပြီး သစ်မွှေးနဲ့ ပတ်သက်ပြီး မသိသေးတဲ့လူတွေ ဗဟုသုတရဖို့ မျှော်လင့်ပါတယ်။
သိလိုသမျှတွေကို ပြန်လည်ဖြေကြားပေးတဲ့ ဆရာဆူးငှက် နဲ့ Udp Myanmar တို့ကို ကျေးဇူးအထူးတင်ရှိကြောင်း ပြောပါရစေ။
ဝင်ရောက်ဖတ်ရှုမျှဝေပေးကြတဲ့ အပေါင်းအသင်းတွေကိုလည်း ကျေးဇူးတင်ပါတယ်။

                                                                  ငချွန်းယေ( ၁၆.၂.၂၀၁၂)

ငချွန်းယေ ဆိုဒ်မှ ကူးယူဖော်ပြထားပါသည်။ စာရေးသူအား အထူးကျေးဇူးတင်လျှက်…