ရေအကုန်အကျ သက်သာစေတဲ့ အိမ်နောက်ဖေးကစျေးဆိုင်

Myanmar Now     22/01/2018 11:10 AM     Content Provider - Greenway
Photo - drip-irrigation

မိုးနည်းရေရှားရပ်ဝန်း မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်ကတောင်သူ တစ်ယောက်ဖြစ်တဲ့ ကိုမောင်နိုင်က သူ့ရွာမှာ စိုက်ပျိုးလို့မရတဲ့ ဟင်းသီးဟင်းရွက် ဝယ်ယူ စားသုံးဖို့ အတွက် ဆိုရင်စျေးရှိတဲ့ အိမ်နီးချင်း ရွာဘက်ကို သွားခဲ့ရပါတယ်။ ဒါမှမဟုတ် ဆိုင်ကယ်နဲ့ လှည့်လည်ရောင်းချတဲ့ စျေးသည် သူတို့ရွှေဘုံသာရွာ ကိုရောက်လာချိန် အထိစောင့်ခဲ့ရပါတယ်။
အခုတော့ အဲဒီလို လုပ်စရာ မလိုတော့ပါဘူး။ အကူအညီပေးရေးအဖွဲ့ တစ်ခုကနေရတဲ့ နည်းလမ်းကို သုံးပြီးပေ ၁ဝဝ ပတ်လည် ဝန်းကျင်ရှိတဲ့ သူ့အိမ်ဝိုင်းထဲ ကရေသန့်ဘူး အခြေပြု စိုက်ခင်းထဲမှာ ကန်စွန်းရွက်၊ ပူဒီနာ၊ ဆလပ်ရွက်၊ နံနံပင် အပါအဝင် ဟင်းရွက်မျိုးစုံကို စိုက်ထားပါပြီ။

ပုံ- ရေသန့်ဘူးစင်၊ ရေအစက်ချ နည်းပညာတို့ကို သုံးထားတဲ့   ဆလပ်ရွက် စိုက်ခင်း

“အိမ်နောက်ဖေးမှာစျေးဆိုင် တည်ပါဆိုတဲ့ စကားပုံအတိုင်း ကျွန်တော်တို့ လုပ်လာနိုင်ပြီ”လို့ ကိုမောင်နိုင်က သူ့အပင်တွေကို ကြည့်ရင်းပြောလိုက်ပါတယ်။

“ရောင်းတန်း ဟင်းသီးဟင်းရွက်တွေက ဓာတ်မြေသြဇာတွေနဲ့ စိုက်ထားချင်ထားမှာပေါ့။ အခုလို ကျွန်တော်တို့ ဘာသာစိုက်ရတော့ဘာဓာတ်မြေသြဇာမှ မပါသလို လတ်လည်း လတ်ဆတ်တယ်”
ကိုမောင်နိုင်တို့ ကျေးရွာမှာ အသုံးပြုနေတဲ့ စနစ်ကရေစက်ချ စိုက်ပျိုးရေး နည်းစနစ်ပါ။ ဒါကရေ အနည်းငယ်သာ လိုအပ်တဲ့ မိုးခေါင်ရေရှားဒေသ မှာနေထိုင်တဲ့ သူတို့အတွက် အလွန် အဆင်ပြေနေပါပြီ။ ကိုယ့်အိမ်ဝန်းကျင်မှာ စိုက်ပျိုးတဲ့ ဟင်းသီးဟင်းရွက်ကိုပဲ စားသုံးတဲ့ အတွက် အိမ်ရဲ့ ကုန်ကျစရိတ် အင်မတန် သက်သာလာပါပြီ။ တစ်နိုင်တစ်ပိုင် လုပ်ကိုင်ရာကနေ စီးပွားဖြစ် လုပ်ကိုင်ဖို့ အတွက်ပဲ နည်းလမ်းတွေ လိုအပ်နေတာ ဖြစ်ပါတယ်။

(က) ရေ အစက်ချ စိုက်နည်း စနစ်

ကိုမောင်နိုင်ခြံထဲ ကရေစက်ချ စိုက်နည်း အတွက် ဖင်ဖောက်ပြီး အတန်းလိုက် ဆက်ထားတဲ့ ရေသန့် ပုလင်းခွံတန်းကို စင်ထိုးပါတယ်။ ပုလင်းဘေးမှာ အပေါက်ဖောက် ထားတာကတော့ မြေဆွေး ထည့်ပြီး အပင်စိုက်နိုင်ဖို့ အတွက်ပါ။ မြေဆွေး၊ မီးကျွမ်းရုံတင်လေး ရှို့ထားတဲ့ စပါးခွံတို့ကိုရောစပ် အသုံးပြုတာကြောင့် ရေစိမ့် လွယ်ပါတယ်။ ပုလင်းတွေ ထဲရေဝပ်မနေစေဖို့လည်း စိုက်ခင်းစင်ကို တစ်ဘက်စောင်းထားပါတယ်။

ပုံ- မြင်းခြံမြို့နယ်၊ ရွှေဘုံသာရွာမှာ ရေအစက်ချစိုက်ပျိုးနည်းစနစ်ကို အသုံးပြုပြီး ရေသန့်ဘူးစင်နဲ့ စိုက်ပျိုးနေတဲ့ ဒေသခံတစ်ဦး

လူတစ်ရပ်ခန့် အမြင့်ရှိတဲ့ စင်ပေါ်မှာတော့ ရေတိုင်ကီ အသေးလေးတွေ့ရပါတယ်။ တိုင်ကီနဲ့ စိုက်ခင်းစင်ကို ဆက်သွယ်ထားတဲ့ ပိုက်လိုင်းတစ်လျှောက် ဖောက်ထားတဲ့ အပေါက်တွေကနေရေစက် ကျတဲ့အတွက် အပင်တွေ ရေရှိပါတယ်။ ပုလင်းခွံ အသီးသီးကနေရေ ပိုလျှံလို့ စိမ့်ထွက် ကျလာတာကို စိုက်ခင်းအောက်ခြေမှာ ပုံးခံပြီး ပြန်စုထားပါတယ်။ ဒီရေကိုပဲ စင်ပေါ်က တိုင်ကီထဲ ပြန်ဖြည့်ကြတာပါ။

ဒီလို စိုက်ခင်းမျိုးကို ၂ဝ၁၅ ခုနှစ်ကစပြီး မန္တလေးတိုင်းဒေသကြီးထဲက မြင်းခြံ နဲ့တောင်သာ နှစ်မြို့နယ်မှာTerre des hommes Italia (TDH Italia) အဖွဲ့က မိတ်ဆက်ပေးခဲ့တာပါ။ ဒါဟာ ကုလသမဂ္ဂက ကြီးကြပ်တဲ့ အသက်မွေး ဝမ်းကျောင်းမှုနှင့် စားနပ် ရိက္ခာ ဖူလုံရေး ရန်ပုံငွေရဲ့ အစီအစဉ်တစ်ခု ဖြစ်ပါတယ်။

ပုလင်းခွံ စိုက်ခင်း အပြင် မြေစိုက် စိုက်ခင်းတွေလည်း ဒီရွာမှာ ရှိပါတယ်။ မြေစိုက်ခြံကတော့မြေကို ဆွပြီး မီးကျွမ်းရုံ လုပ်ထားတဲ့ စပါးခွံ နဲ့ရောသမကာ သီးပင် စားပင်တွေကို အတန်းလိုက် စိုက်ပျိုးရပါတယ်။ ရေကိုပိုက်နဲ့ သွယ်တန်းကာ အပင် ရဲ့အောက်ခြေကို တစ်စက်ချင်း စီချပေးတဲ့ နည်းနဲ့ စိုက်ရတာပါ။ အပင်ရဲ့ အာဟာရ အတွက ်နိုက်ထရိုဖော်စကာကို တစ်ပတ် တစ်ကြိမ ်အနည်းငယ်ထည့်ပေးရတယ်လို့ ဆိုပါတယ်။

ပုံ- မြင်းခြံမြို့နယ်၊ သိမ်ကုန်းရွာမှာ ရေအစက်ချ စိုက်ပျိုးနည်း စနစ်ကို အသုံးပြုပြီး ရေသန့်ဘူးစင်နဲ့ စိုက်ပျိုးနေတဲ့ ဒေသခံတစ်ဦး။

အိမ်ခြေ ၉ဝကျော်ရှိတဲ့ ကိုမောင်နိုင်တို့ရွှေဘုံသာရွာ မှာရေသန့်ဘူးနဲ့ စိုက်တဲ့ ၁၂စင်၊ မြေပေါ်မှာ တိုက်ရိုက် စိုက်ပျိုးတာ ၂၂ ခြံရှိပါတယ်။ ရွာမှာနေကြတဲ့သူ အချို့ဟာ ပဲစိုက်ခင်း အနည်းငယ်သာ ပိုင်ဆိုင်ကြပြီး တချို့ကတော့ ယာစိုက် ရာသီမှာ အငှား လုပ်သား လုပ်လိုက်၊ ကျန်တဲ့ အချိန်မှာ ရွာကနေ ၃ မိုင်လောက်ဝေးတဲ့နေရာကို သွားပြီး ထင်းခုတ်၊ မီးသွေးဖုတ်ရောင်းကြတဲ့ အလုပ်တွေ လုပ်ကိုင်ကြတဲ့ သူတွေပါ။

တောင်သာ မြို့နယ်ထဲက အိမ်ခြေ ၂ဝဝ ဝန်းကျင်ရှိတဲ့ ကန်ကြီးကျေးရွာ မှာရေသန့်ဘူး သုံးစိုက်ခင်း ၁၁ ခု၊ မြေစိုက်ခြံ ၉ခု ရှိပါတယ်။ TDH အဖွဲ့က ရေသန့်ဘူး စင်တွေမှာ အရွက်စား အပင်၊ မြေစိုက်ခြံတွေမှာ အသီးစား အပင် စိုက်ပျိုးဖို့ အကြံပေးကြောင်းဒေသခံ ကိုမြင့်ဇော်က ပြောပါတယ်။

“ရေသန့်ဘူးစင်နဲ့ စိုက်တာကတော့ ကိုက်လန်၊ မုန်ညင်း၊ ကန်စွန်းစတဲ့ အရွက်ကိုပဲ စားရတယ်။ မြေစိုက်ခြံကြတော့ ခရမ်း၊ ရုံးပတီတို့လို အသီးကို စားရတယ်။ အရင်တုန်းက သူများတွေ ရွာထဲကို လာရောင်းမှ စားရတာကို အခုတော့ ကိုယ့်ဘာသာ အလွယ်တကူ ခူးစားလို့ ရတာကတော့ အကျိုးကျေးဇူးတစ်ခုလို့ ကျွန်တော် ထင်တယ်”လို့ သူက ဆိုပါတယ်။
မြေစိုက် ခြံတွေထဲမှာ သမားရိုးကျရေဖျန်း စိုက်ပျိုးမယ်ဆိုရင် အကျယ် ၁ဝ ပေ၊ အနံ ၆ပေ ဝန်းကျင်ရှိတဲ့ စိုက်ခင်းကို တစ်နေ့မှာ ရေတစ်ပေပါ ကုန်မယ်၊ ရေအစက်ချ စိုက်ပျိုးနည်းနဲ့ဆိုရင် ပေပါဝက် သက်သာတယ်လို့ ကိုမြင့်ဇော်က ဆိုပါတယ်။

(ခ) နည်းပါးနေတဲ့ ရေအား၊ လူအား

မြင်းခြံမြို့နယ်၊ သိမ်ကုန်းကျေးရွာမှာနေတဲ့ ကိုသိန်းတန်က ရေသန့်ဘူး စင်ထိုး စိုက်ခြံငယ် တစ်ခုဟာ အိမ်စားဖို့ လုံလောက်တဲ့အပြင် ပိုလျှံတဲ့ အတွက် ပြန်ရောင်းချမယ်ဆိုရင် တနေ့ကို ဝင်ငွေ ကျပ် ၅ဝဝလောက်တော့ ရှိတယ်လို့ ပြောပါတယ်။ မြေစိုက်ခြံရဲ့ ဝင်ငွေကလည်း အသီးသီးချိန်မှာ အထက်ပါ ပမာဏထက် မနည်းပါဘူး။

ပုံ- မြင်းခြံမြို့နယ်၊ သိမ်ကုန်းရွာမှာ ရေအစက်ချ စိုက်ပျိုးနည်း စနစ်ကို အသုံးပြုပြီး ရေသန့်ဘူးစင်နဲ့ စိုက်ပျိုးနေတဲ့ ဒေသခံတစ်ဦး

မြေစိုက် စိုက်ခင်း တစ်ခုကို အရင်းအနှီး ကျပ်တစ်သိန်းကျော်၊ ရေသန့်ဘူး စိုက်စင် တစ်ခုကို တစ်သိန်းနီးပါး ကုန်ကျတာကြောင့် ဒီငွေပမာဏဟာ ဒေသခံ အများအပြား အတွက် ရင်းနှီး မြှုပ်နှံဖို့ အဟန့်အတား ဖြစ်စေတယ်လို့ ကိုသိန်းတန်က ဆက်ပြောပြပါတယ်။

မြေယာနည်းတဲ့ တောင်သူတွေ၊ မြေယာမဲ့တောင်သူတွေကို အဓိက ဦးတည်ပြီး အိမ်တွင်း စားသုံးဖို့ အာဟာရပြည့်ဝတဲ့ စားပင်၊ သီးပင်တွေကို စိုက်ပျိုးရေ အသုံးပြုမှု သက်သာစေတဲ့ ရေအစက်ချ စိုက်ပျိုး နည်းပညာကို မြင်းခြံ၊ တောင်သာမြို့နယ် တို့မှာ ကျေးရွာ ၂၂ ခုမှာ TDHရဲ့ စီမံကိန်း ရောက်နေပါပြီ။

၂ဝ၁၅ အောက်တိုဘာမှာ TDH ဝန်ထမ်းတွေရဲ့ ကောက်ယူခဲ့တဲ့ စစ်တမ်းအရ လုပ်ငန်း လုပ်ဆောင်နေတဲ့ နှစ်မြို့နယ်မှာ ဟင်းသီး ဟင်းရွက် စားသုံးမှု ၂၃ ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရပါတယ်။ စုစုပေါင်း အိမ်ထောင်စု ၉၃၄ခု ဟာမြေမဲ့ စိုက်ပျိုးနည်း၊ အိမ်ထောင်စု ၅ဝ၄ခု ရေအစက်ချ စိုက်နည်းကို စတင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ LIFT အဖွဲ့ရဲ့ ၂ဝ၁၅ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

နွေရာသီမှာ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက် ၄၊ ၅ မျိုးကို နေ့စဉ် စားသုံးရပြီး အသက် ၅ နှစ်အောက် ကလေးငယ်တွေဟာ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ ကိုနွေရာသီ အပါအဝင် တစ်လကို ၁ဝ ကြိမ်မှ အကြိမ် ၃ဝ အထိ စားသုံးရတယ်။ အိမ်ထောင်စု တစ်စုက လစဉ် ထုတ်လုပ်လိုက်တဲ့ ဟင်းသီးဟင်းရွက်ရဲ့ ပျမ်းမျှ တန်ဖိုးဟာ ကျပ်၂,ဝဝဝ ကနေ ၁၄,ဝဝဝ အထိ ရှိတယ်လို့ ၎င်းအစီရင်ခံစာ မှာဖော်ပြထားပါတယ်။

စီးပွားဖြစ် စိုက်ခင်း အဖြစ် အကောင်အထည် ဖော်ဖို့ရာမှာတော့ ရေရရှိမှု အခြေအနေက အဓိက စိန်ခေါ်မှုကြီး အဖြစ် ရှိနေဆဲ ဖြစ်နေပြန်ပါတယ်။

ပုံ- ရွာကနေ တစ်မိုင်ကျော်၊  နှစ်မိုင်ဝေးတဲ့ ရေကန်တွေဆီကို   နွားလှည်းနဲ့ သွားကြပြီး သောက်ရေ သုံးရေ ခပ်ယူကြပါတယ်။

မိုးရေကနေ စုဆောင်းထားတဲ့ သောက်သုံးရေကန်ဟာ မိုးများတဲ့ နှစ်ဆိုရင် တစ်နှစ်ပတ်လုံး သုံးစွဲ ဖို့လောက်ငှနိုင်တယ် ဆိုပေမယ့် ခုလို အစက်ချ စိုက်ခင်းတွေကို တစ်ရွာလုံး အိမ်တိုင်း စိုက်ပျိုးမယ်ဆိုရင် ရေပြတ်လပ်မှုကို မလွဲမသွေ တွေ့လာမယ်လို့ ကိုမောင်နိုင်က ယူဆပါတယ်။

ပုံ- မိုးခေါင်ရေရှားဒေသ ဖြစ်တာကြောင့် မိသားစု အတွက်၊ လုပ်ငန်းသုံး တိရိစ္ဆာန်များအတွက်၊  စိုက်ခင်းအတွက် လိုအပ်တဲ့ရေ ရရှိရေးက  ခက်ခဲတဲ့ အလုပ်တစ်ခု ဖြစ်ပါတယ်။

TDH အဖွဲ့ မန္တလေးတိုင်းဒေသကြီး တာဝန်ခံ ဒေါ်ခင်မာဦးက မိုးခေါင်ရေရှားဒေသ စိမ်းလန်း စိုပြည်ရေး အတွက် ယခင်ကတည်းက ပြည်တွင်း ပြည်ပ အဖွဲ့အစည်း အသီးသီးဟာ လာရောက် လုပ်ကိုင်ကြပေမယ့် တချို့ဒေသတွေမှာ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ချိတ်ဆက်မှု အားနည်းတာ ကိုလေ့လာတွေ့ရှိရတယ်လို့ သုံးသပ်ပါတယ်။

စီမံကိန်းတစ်ခု အကောင်အထည်ဖော်နေတဲ့ ကာလမှာ ဒေသခံတွေ အကျိုး ခံစားရပေမယ့် အဲ့ဒီ စီမံကိန်း ပြီးဆုံးသွားတဲ့နောက်မှာ ထပ်မ ံပံ့ပိုး ကူညီမှုတွေ အဆက်ပြတ် သွားတတ်တဲ့ အတွက်ဒေသခံတွေမှာ ယခင်က အခြေအနေကို ပြန်ရောက်သွားတာ ကိုတွေ့ရတယ်လို့ သူက ပြောပြပါတယ်။

“အစိုးရ တစ်ခုတည်းရဲ့ တာဝန်ရှိတာ မဟုတ်ဘူး။ လူတိုင်းမှာ တာဝန် ရှိတယ်။ အစိုးရ၊ INGO၊ NGO အားလုံးက ချိတ်ဆက်မှု အားကောင်းဖို့ လိုမယ်။ နောက်ပြီး တွေ့ဆုံဆွေးနွေးမှုတွေ လိုတယ် ။အဲ့ဒီလိုတွေ့ဆုံ ဆွေးနွေးနေမယ်ဆိုရင် ဘယ်သူက ဘာလုပ်နေတယ်ကို တစ်ပြိုင်တည်း သိမယ်။ ဒါမျိုးတွေ မဖြစ်အောင် ရေရှည် စီမံချက်တွေ လိုတယ်။ အကုန်လုံး ချိတ်ဆက်ပြီး မလုပ်ရင် ဘယ်လောက်ပဲ နှစ်တွေ ကြာကြာ နဂို အတိုင်း ပြန်ဖြစ်သွားတာပေါ့။ အကုန်လုံး ချိတ်ဆက်ပြီး ပြောင်းလဲအောင် လုပ်ဖို့ လိုတယ်လို့ ကျွန်မ မြင်တယ်”လို့ ဒေါ်ခင်မာဦးက သုံးသပ်တယ်။

TDH အဖွဲ့က ကမကထ ပြုထားပေးတဲ့ နမူနာ စိုက်ခင်းတွေဟာ မိသားစု ထမင်းဝိုင်း အတွက်ပဲ ဖြစ်တယ်၊ ဒီစိုက်ခင်းတွေကို ကြည့်ပြီး စိတ်အား ထက်ထက် သန်သန် လုပ်ကိုင်မယ့်သူတွေ ပေါ်လာမယ်လို့ ဒေါ်ခင်မာဦးက မျှော်လင့်ပါတယ်။

"ကျွန်မတို့ စီမံချက်ရှိတဲ့ တောင်သာမြို့နယ်က အေးရွာဆိုတ ရွာက ဒေသခံ တစ်ဦးက ခြံ ၅ ခြံလောက်က တိုးချဲ့ပြီး စျေးကွက်အထ ိထိုးဖောက်နိုင်သေးတယ်။ သူတို့ ဆက်လုပ်ဖို့ ဆိုတာ သူတို့ရဲ့ စိတ်ဝင်စားမှုပေါ်လည်း မူတည်တယ်" လို့ ဒေါ်ခင်မာဦးက ပြောပါတယ်။

သင့်လျော်တဲ့ စိုက်ပျိုးရေ ရရှိဖို့ အခက်အခဲ ဖြစ်နေတာကိုလည်း သူတို့ အဖွဲ့က သဘောပေါက်တယ်လို့ ဆိုပါတယ်။

“ဒီဒေသတော်တော်များများက ရေကို အချဉ်နဲ့ အငန်ဓာတ် တိုင်းကြည့်လိုက်ရင် လိုအပ်တာထက် တော်တော် များနေတာကို တွေ့ရတယ်။ ရေကောင်းမှ ဒီလို စိုက်ခင်းတွေက စိုက်လို့ ရမှာ”လို့ဒေါ်ခင်မာဦးက ရှင်းပြပါတယ်။

နောက်ထပ် အခက်အခဲ တစ်ခုကတော့ အလုပ်လုပ်မယ့် လူငယ် အင်အားစု ရှားပါးလာမှုပါ။ မြို့ပြကို သို့မဟုတ် နိုင်ငံခြားကိုရွှေ့ပြောင်း သွားရောက် လုပ်ကိုင်သူတွေ များလာပါပြီ။
မြင်းခြံဒေသခံ ကိုမောင်နိုင်ကတော့ သူတို့ ရွှေဘုံသာရွာမှာ လူဦးရေ ၉ဝဝ ကျော်လောက် ရှိရာကနေ လူငယ် ၃ဝဝ နီးပါးဟာ မြို့ပြကို သွားကုန်ပြီလို့ ခန့်မှန်းပါတယ်။ သွားကြတဲ့ထဲမှာ သူ့ရဲ့ သားသမီး သုံးယောက်စလုံးလည်း ပါဝင်နေတာပါ။

မိသားစု ထမင်းဝိုင်း အတွက်ပဲ စိုက်ပျိုးတဲ့ အနေအထားကနေ စီးပွားဖြစ် စိုက်ပျိုးကြမယ်၊ ရေကောင်းရေသန့် ရရှိမယ်ဆိုရင် ဒေသခံတွေ အကျိုး များလာမှာဖြစ်တယ်လို့ သူက ဆိုပါတယ်။

“အဓိကက စီးပွားဖြစ် စိုက်ပျိုးရေး လုပ်ကိုင်နိုင်တဲ့ အထိရေကောင်းရေသန့်က ရအောင် ပံ့ပိုး ကူညီပေးဖို့ပဲ။ တကယ်သာ စီးပွားဖြစ်စေလောက်တဲ့ စိုက်ပျိုးရေး ကဏ္ဍ ဖြစ်လာရင် ထွက်သွားသူတွေ ကိုယ့်မိသားစုနဲ့ အတူတူနေရင်း ဒီစိုက်ပျိုးရေးကို လာပြန်လုပ်ကြမှာပဲ”လို့ ကိုမောင်နိုင်က ဆိုပါတယ်။

ထက်ခေါင်လင်း (Myanmar Now)



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  စကားပုံ  

"မျိုးကောင်းမှ ပျိုးကောင်းမည်"