COVID-19 ဒုတိယလှိုင်းနှင့် စိုက်ပျိုးရေးတောင်သူများ၏ စိုးရိမ်ရေမှတ်

28/08/2020 10:30 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    လယ်ယာစိုက်ပျိုးရေးနှင့်ဆက်စပ်လုပ်ငန်းများကို အဓိကစီပွားရေးအဖြစ် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံတွင် ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဘိုး (GDP) ၏ ၃၀ ရာခိုင်နှုန်းဝန်းကျင်ကို လယ်ယာကဏ္ဍမှ ရရှိသော်လည်း တောင်သူလယ်သမားအများစု၏ လူမှုစီးပွားဘဝများမှာမူ နိမ့်ကျနေဆဲ ဖြစ်သည်။

    စိုက်ပျိုးရေး မွေးမြူရေးကိုအမှီပြု၍ ဓားမဦးချ အသက်မွေးဝမ်းကျောင်းပြုနေသည့် ကျေးလက်တောင်သူများမှာ ၂၀၀၈ ခုနှစ်၊ နာဂစ်မုန်တိုင်းကာလအတွင်း ထိခိုက်နစ်နာဆုံးရှုံးမှုများ ခံစားရပြီးနောက် နလံပြန်ထူနိုင်အောင် အစွမ်းကုန်ကြိုးစားတည်ဆောက်ခဲ့ရပြီး ယခု ၂၀၁၉-၂၀၂၀ ခုနှစ် COVID-19 ရောဂါသက်ရောက်နေသည့် ကာလတွင်လည်း ထပ်တစ်ကြိမ် နစ်နာဆုံးရှူံးကြရပြန်သည်။ 

COVID-19 ကတော့ အကုန်လုံးကို ရိုက်ခတ်မှာပဲလေ။ အခုဆို ကျွဲကောထွက်မယ့် ရာသီချိန်လေ။ ကျွဲကောသီးစိုက်ပျိုးသူတွေ စိုးရိမ်နေကြတယ်။ ဒုတိယလှိုင်းသာ ရိုက်ခတ်လာရင် အဆင်မပြေနိုင်ဘူး။ ကျွဲကောသီးက တစ်လလောက်အထိ ဆွဲဆန့်ထားလို့ပဲရမယ်။ ထောပတ်သီးကလည်း စထွက်တော့မယ်။ သူတို့မှာလည်း သက်ရောက်မှု ရှိလာနိုင်တယ်။ ထောပတ်သီးက နှစ်ပတ်၊ သုံးပတ်လောက် ထားလို့ရမယ်။ နောက်ပြီး ဟင်းသီးဟင်းရွက် စိုက်ပျိုးသူတွေပေါ့။ မက္ကဒေးမီးယားကတော့ ထွက်ရှိချိန် ဖြစ်ပေမယ့်လည်း အထားခံသေးတယ်လေ။ တခြားသီးနှံတွေကျတော့ ထားလို့မရတာတွေ ရှိတယ်။ တရုတ်ကို တင်ပို့တာ မတင်ပို့တာကြောင့် မဟုတ်ဘူး။ (တချို့သီးနှံတွေက တရုတ်ကို တရားဝင်တင်ပို့ခွင့်လည်း မရှိသေးဘူး။) COVID-19  ဒုတိယလှိုင်းဖြစ်လို့ ဈေးတွေပိတ်ခဲ့ရင် ပြည်တွင်းမှာ ကုန်စည်မစီးဆင်းနိုင်ဘဲ သီးနှံတွေ Local Market (ပြည်တွင်းဈေးကွက်)ပျောက်သွားမှာကို စိုးရိမ်မိတယ်။

ဟု မြန်မာနိုင်ငံ သစ်သီးဝလံ၊ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဌ ဦးစိုးသန်းမင်းဒင် က ပြောသည်။

    ၂၀၂၀ ခုနှစ်၊ ဩဂုတ်လ (၂၇)ရက်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၅၈၆)ဦး ရှိပြီး၊ အကယ်၍ COVID-19 Second Wave (ဒုတိယလှိုင်း) ဖြစ်ပေါ်ပါက ဈေးများ၊ စာသင်ကျောင်းများ၊ လူစည်ကားရာနေရာများ အသွားအလာနည်းပါးသွားမည်ဖြစ်ကာ တာရှည်အထားမခံသည့် စိုက်ပျိုးသီးနှံများမှာ ထိခိုက်မှုရှိနိုင်ကြောင်း သိရသည်။

ဈေးကွက်ကျဆင်းမယ်ဆိုရင် နှစ်ရှည်ပင်စိုက်သူတွေဆိုလည်း ဆုံးရှုံးမှုများနိုင်တာပေါ့။ ရာသီပေါ်သီးနှံ၊ အသီးအရွက်စိုက်တယ်ဆို တစ်ရာသီမကိုက်ရင် ခဏရပ်ထားလို့ရနိုင်တယ်။ နှစ်ရှည်ပင်က အမြဲတစေ ပြုစုစောင့်ရှောက်မှု လုပ်ပေးနေရတာလေ။ ရပ်လိုက်ရင် ခြံထဲမှာ ပေါင်းတွေ၊ ပိုးမွှားတွေ ကျကုန်မှာလေ။ ဒီတော့ အလုပ်သမားခ၊ သွင်းအားစုစရိတ်တွေက ပေးနေရတာပေါ့။ မိုးကုန်ခါနီးဆို နှစ်ရှည်သမားအများစုက အပင်အာဟာရကျွေးမွေးချိန် ရောက်ပြီ။ လာမယ့်စက်တင်ဘာလဆို စကျွေးပြီလေ။ သူ့အချိန်နဲ့သူ မကျွေးလို့ မရဘူး။ နောက်ကျမှကျွေးလို့လည်း မရဘူး။ ကိုဗစ်ကြောင့် ဈေးကွက် မကောင်းကောင်း ကောင်းကောင်း နောက်ဆုတ်လို့မရဘူးလေ။

ဟု ဦးစိုးသန်းမင်းဒင်က သုံးသပ် ပြောကြားသည်။

တောင်သူအနေနဲ့က ကိုယ်စိုက်ရမယ့်အချိန်မှာ စိုက်နေကြအတိုင်း စိုက်ပျိုးရတာဆိုတော့ တကယ်လို့ ဒုတိယလှိုင်းရိုက်ခတ်မှု ဆိုးဆိုးရွားရွားကြုံလာခဲ့လည်း မတတ်နိုင်ဘူးလေ။ စပါးဈေးတွေများ အရမ်းပြုတ်ကျသွားမလားလို့တော့ စိတ်ပူပါတယ်။

ဟု စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ကျားမင်းကြီးရွာမှ မိုးစပါးစိုက်ပျိုးသူ ကိုသိန်းသန်းဌေးက ဆိုသည်။

    စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေသူ (တောင်သူ) တစ်ဦးတစ်ယောက်ချင်းစီတိုင်း၏ အလိုလား အတောင့်တဆုံးသော ဆန္ဒများမှာ- 

  • ပြည်တွင်းပြည်ပဈေးကွက်ခိုင်မာမှုများ ရရှိလိုခြင်း၊ 
  • စိုက်ပျိုးရေးနည်းပညာ အခက်အခဲများကို စနစ်တကျ သိရှိနားလည်လိုခြင်းနှင့် 
  • ရာသီဥတုအပြောင်းအလဲနှင့် သဘာဝဘေးအန္တရာယ်များကြောင့် ခြံ၊ လယ်၊ မြေ၊ စိုက်ခင်း၊ ကျွဲ နွား စသည်များ နစ်နာဆုံးရှူံးခဲ့ပါက သက်ဆိုင်ရာ အကူအညီ အကြံဉာဏ်များ ရရှိလိုခြင်းတို့ ဖြစ်သော်လည်း ဆန္ဒများပြည့်ဝရန်မှာမူ အဘက်ဘက်မှ လိုအပ်ချက်များနေဆဲပင်...ဖြစ်၏။
သီရိမဂ်လာစျေးမှာ အရင် COVID-19 မရှိခင်တုန်းက စျေးကွက်ကို မနက်စျေး၊ ညစျေးဆိုပြီး နှစ်ခုခွဲထားတာ။ အခုက ညစျေးမရှိတော့ဘူး။ COVID-19 ဒုတိယလှိုင်းဖြစ်လာခဲ့လို့ ရန်ကုန်ကို ရခိုင်လို Lockdown ချလိုက်ရင် ကျွန်တော်တို့ ကွမ်းသမားတိုင်း ဒုက္ခရောက်ပြီ။ အခုတောင် ကျွန်တော်တို့ဧရာဝတီတိုင်းကထွက်တဲ့ ကုန်စိမ်းတွေမှန်သမျှ စျေးအကုန်ထိုးကျကုန်တယ်။ စာသောက်ကုန်၊ သီးနှံကနေ ဘုရားပန်းအဆုံးပေါ့။ မြန်မာနိုင်ငံမှာက တစ်ခုခုဆို တောင်သူကို အရင် လာထိသလားတောင် တွေးမိတယ်။ တောင်သူတွေ တော်တော် ကြပ်တည်းကုန်ကြပြီ။ COVID-19 နှိပ်စက်တာ အဓိကထိတာ အောက်ခြေက လူတွေနဲ့ စိုက်ပျိုးရေးသမားတွေကို အဓိကထိနေပါတယ်။

ဟု ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ သစ်ဆိမ့်ကုန်းအုပ်စု၊ မှော်သေးကျေးရွာမှ ကွမ်းစီးပွားဖြစ် စိုက်ပျိုးသူ ကိုထွန်းထွန်းက ပြောသည်။

    Covid-19 ကမ္ဘာ့ကပ်ရောဂါ အခြေအနေ ရိုက်ခတ်မှုကြောင့် ၂၀၁၉ ခုနှစ်အတွင်း မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ သီးနှံတင်ပို့မှုများ ကျဆင်းခဲ့ပြီး၊ ဧပြီလဆန်းမှစတင်ကာ တရုတ်အစိုးရက မူဆယ်အပါအဝင် နယ်စပ်ဖြတ်သန်းခွင့်များကို တင်းကြပ်ခဲ့ကြောင်း သိရသည်။

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်