ရွှေ့ပြောင်းတောင်ယာကိုအစားထိုးမည့် အမြဲတမ်းစိုက်ခင်း

22/01/2018 12:01 PM တွင် Myanmar Now Myanmar Now မှ ရေးသား

ဆောင်းအကုန် နွေအကူးကာလ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ထလန်ရောင်ကျေးရွာ ဝန်းကျင်တွင် မြင်တွေ့နေရသည်က သစ်ပင် ခြုံနွယ်တို့ကို ခုတ်ထွင် မီးရိူ့ထားပြီး စိုက်ပျိုးရန် အသင့်ဖြစ်နေပြီ ဖြစ်နေသည့် ရွှေ့ပြောင်းတောင်ယာခင်းများ ဖြစ်ပါတယ်။

ရွာရှိ ရွေ့ပြောင်းတောင်ယာ လုပ်ကိုင်ကြသူများတွင် ၅၆နှစ် အရွယ် ဦးဆွေးဒုမှုန်းလည်း တစ်ဦးအပါအဝင် ဖြစ်ပါတယ်။ ပြည်နယ်၏ မြို့တော် ဟားခါးမြို့သို့ တစ်နှစ် တစ်ကြိမ်ပင် သွားရောက်လေ့ မရှိသူ၊ သားသမီး ၆ ဦး၏ ဖခင် ဦးဆွေးဒုမှုန်းက မိသားစု စားဝတ်နေရေး အတွက် တောင်ယာ လုပ်ကိုင်ရန် သစ်ပင်ကြီးငယ်များကို ခုတ်ထွင်ခဲ့ရသည်မှာ နှစ်စဉ် သုံးလေး ဧက အနည်းဆုံး ရှိသည်။

“အမြဲတမ်း စိုက်မြေ မရှိခင်တုန်းကဆိုရင် ကျွန်တော် သစ်ပင်တွေ ဘယ်လောက် ခုတ်ခဲ့သလဲဆိုတာ မပြောပြနိုင်လောက်အောင်ပါပဲ” ဟ ုအသက်၂ဝ အရွယ်က စတင်ပြီးတောင်ယာ လုပ်ကိုင်ခဲ့သူ ဦးဆွေးဒုမှုန်းက ပြောပါတယ်။

ထလန်ရောင်တွင် မိရိုးဖလာရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးရေးစနစ်ကို အသုံးပြုခဲ့ကြသည်မှာ နှစ်ပေါင်း များစွာ ကြာခဲ့ပြီ ဖြစ်ပါတယ်။ အမြဲတမ်း စိုက်ပျိုးနိုင်သည့် လှေကားထစ် စိုက်ခင်းများ မရှိခဲ့သည့် အချိန်ကဒေသခံတို့သည် ကျေးရွာအုပ်ချုပ်သူတို့ သတ်မှတ်ပေးထားသည့် လုပ်ကွက်များတွင် နှစ်စဉ် ဧက ၂ဝဝ ထိ ခုတ်ထွင ရှင်းလင်းပြီး လုပ်ကိုင်ကြရပါတယ်။
ယခုအခါတွင်တော့ အစိုးရနှင့် အရပ်ဖက် အဖွဲ့အစည်းများ၏ အကူအညီဖြင့် အမြဲတမ်း အသုံးပြုနိုင်သည့် လှေကားထစ် စိုက်ပျိုးရေး စနစ်ဖော်ဆောင်နေသည့် ထလန်ရောင်ရွာသည် ရွေ့ပြောင်းတောင်ယာ ခုတ်ထွင်မှု ထက်ဝက်ခန့် လျှော့ချနိုင်ပြီ ဖြစ်ပါတယ်။

(က) ကျေးလက် အလှည့်အပြောင်း

ဟားခါး-ဖလမ်း ကားလမ်းပေါ်မှ မြင်တွေ့နေရသည့် လှေကားထစ် စိုက်ခင်းများတွင် အတန်းလိုက် စိုက်ထားသည့် ကြက်သွန်ပင်များကြောင့် စိမ်းစို လှပနေပါတယ်။ လှေကားထစ် စိုက်ခင်းများ၏ အထက်တောင်ကုန်းပေါ်မှ အဖြူရောင် လက်ဝါးကပ်တိုင်ရှိသည့် နေရာတွင် ရွာသူ၊ ရွာသားများ စိုက်ပျိုးရေးကောင်းမွန်ရန်၊ ချင်းတောင်တန်း ငြိမ်းချမ်း သာယာစေရန်အတွက် အစာရှောင် ဆုတောင်းကြကြောင်း သိရပါတယ်။

ဤဒေသတွင် အမြဲတမ်းလှေကားထစ် စိုက်ခင်းအတွက် ကူညီနေတဲ့ အဖွဲ့မှာ ချင်းဒေသခံ စိုက်ပျိုးရေး ဝန်ထမ်းဟောင်းများဖြင့် စုစည်းထားသည့် Chokhlei Organization foor Rural and Agricultural Development (CORAD)အဖွဲ့ပဲ ဖြစ်ပါတယ်။

ထိုအဖွဲ့မှ ဖလမ်းမြို့နယ် မန်နေဂျာ ဦးတလောင်ဇမန်း ကရွေ့ပြောင်းတောင်ယာ စိုက်ပျိုးရေး စနစ်ကိုလျှော့ချရန်၊ ဒေသခံတောင်သူများ လူမ စီးပွားစနစ် အဆင်ပြေစေရန် ရည်ရွယ်ပြီး အမြဲတမ်း စိုက်ခင်းစနစ် ကိုဖော်ဆောင်ရန် ကြိုးစားခဲ့ခြင်း ဖြစ်တယ်လို့ ပြောပါတယ်။

“တချို့နေရာတွေက အပင်တောင် မရှိတော့ဘူး။ တောင် ကတုံးတွေ ဖြစ်သွားတယ်။ တချို့ လုပ်ကွက်တွေက အပင်တော့ ရှိတယ်။ ဒါပေမယ့် ဒီမြေက သုံးစားလို့ မရတော့ဘူး။ မြေက အရမ်း ညံ့ဖျင်းလာတယ်” လို့ သူက ရှင်းပြပါတယ်။

CHORD အဖွဲ့က အကူအညီပေးပြီးနောက် ထလန်ရောင်တွင် လှေကားထစ် စိုက်ပျိုးမြေဧက ၈ဝကျော် အထိ ရှိလာခဲ့ပြီး ဖြစ်ပါတယ်။ ထိုအထဲတွင် တောင်သူ ဦးဆွေဒုမှုန်း၏ ၂ဧက စိုက်ခင်းလည်း ပါဝင်ပါတယ်။ ယခင်က ဦးဆွေဒုမှုန်းမှာရွှေ့ပြောင်းတောင်ယာ လုပ်ကိုင်ရန် အတွက် နံနက် ၆ နာရီမှ ညနေ ၆နာရီ အထိ လုပ်ကိုင်ခဲ့ရပါတယ်။ ကျေးရွာလူကြီးက သတ်မှတ်ပေးသည့် နေရာတွင် ရွေ့ပြောင်းတောင်ယာ လုပ်ကိုင်ရန် အတွက် အပင်များကို ခုတ်လှဲခြင်း၊ မြေရှင်းခြင်း၊ မီးရှို့ခြင်းတို့ကို ပင်ပင်ပန်းပန်း လုပ်ကိုင်ရတယ်လို့ သူက ဆိုပါတယ်။

အမြဲတမ်း စိုက်ပျိုးရေး မရှိခဲ့တဲ့ အချိန်တုန်းက ဆိုရင် တစ်နှစ်မှာ ၃ ဧက၊ ၄ ဧက လုပ်တာတောင်မှ ဝမ်းစာ စားဖို့တောင် မလောက်ငတဲ့အခါမှာ ဝင်ငွေဆိုတာ မရှိသလောက်ပါပဲ။ ကြက်မွေးတယ်၊ ဝက်မွေးတာနဲ့ ရောင်းပြီး လုပ်ကိုင် စားသောက်ရပါတယ်”လို့ သူကပြောပါတယ်။

“အမြဲတမ်း လုပ်ကွက် လုပ်ပြီးတဲ့ အခါမှာတော့ မိုးတွင်း၊ ဆောင်းတွင်းမှာ စိုက်ပျိုးနိုင်တာကြောင့် ဝမ်းစာ ဖူလုံတဲ့ အပြင် အပိုဝင်ငွေလည်း ရလာပါပြီ။ ဒါကြောင့် ကျွန်တော့် သားသမီးတွေကိုလည်း ကျောင်းပြန်ထားနိုင်ပါပြီ” လို့ သူက သူ့ကြက်သွန်ဖြူခင်းကို ကြည့်ပြီး ရှင်းပြပါတယ်။

(ခ) ရွေ့ပြောင်းတောင်ယာနှင့်သဘာဝ ပတ်ဝန်းကျင်

ရွေ့ပြောင်းတောင်ယာ လုပ်ကိုင်ခဲ့သည့် အကျိုးဆက်ကြောင့် မိုးခေါင်ရေရှားမှု၊ မြေဆီလွှာ ခန်းခြောက်မှု၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှုများနှင့် ရင်ဆိုင်နေရပါတယ်။
စိုက်ပျိုးရေး အရာရှိကြီးတစ်ဦးက ချင်းပြည်နယ်တွင် စိုက်ပျိုးမြေ ၂ဝဝ,၆ဝ၆၃ ဧက ရှိပြီးရွေ့ပြောင်းတောင်ယာ လုပ်ကိုင်ရန် အတွက် နှစ်စဉ် ဧက တစ်သိန်းခန့် တောင်ယာ ခုတ်ထွင်နေကြတယ်လို့ ခန့်မှန်းပါတယ်။

“ဒီအတိုင်းပဲ ဆက်ခုတ်သွားမယ် ဆိုရင်တော့ ရေ၊ မြေ၊ သယံဇာတ ဆုံးရူံးမှုနဲ့ ရင်ဆိုင်ရမှာ အမှန်ပါပဲ”လို့ ချင်းပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာန ဒုတိယ ပြည်နယ် ဦးစီးမှူး၊ လက်ထောက် ညွန်ကြားရေးမှူး ဆလိုင်းဒမ်နီရယ် ထွန်းတင်က မှတ်ချက်ပေးပါတယ်။

ရွှေ့ပြောင်းတောင်ယာ စနစ်ကို တစ်ဖြည်းဖြည်းလျှော့ချနိုင်ရန် အတွက် စိုက်ပျိုးရေး ဦးစီးဌာနက လည်းတောင်စောင်း စိုက်ပျိုးရေး နည်းပညာဖြင့် ချင်းပြည်နယ်အတွင်းရှိ မြို့နယ်တိုင်းတွင် အမြဲတမ်း စိုက်ပျိုးမြေပေါ်ပေါက်ရေး လုပ်ဆောင်လျက် ရှိပါတယ်။

“မြို့နယ်တိုင်းမှာ၂ ဧကကနေ ၃ဧက အထိဖော်ဆောင်ပေးနေပါပြီ။ နှစ်စဉ် တိုးချဲ့ပြီးတော့ ဖော်ဆောင်သွားဖို့ကိုလည်း ဌာနက ညွန်ကြားထားပါတယ်”လို့ သူကဆက်ပြောပါတယ်။
ယခု အခါတွင်တော့ CHORD အဖွဲ့၏ အကူအညီပေးမှုကြောင့် ရွှေ့ပြောင်းတောင်ယာ ခုတ်ထွင်မှု ထက်ဝက်ခန့် လျှော့ချနိုင်ခဲ့တယ်လို့ သိရပါတယ်။

ထလန်ရောင်တွင် ရာသီဥတုဖောက်ပြန်မှုကို ရင်ဆိုင်နေရပြီး မိုးလုံလုံလောက်လောက် မရသည်မှာ ဆယ်နှစ်ခန့် ရှိနေပြီလို့ ဆိုပါတယ်။

“ရွာနားမှာရှိတဲ့ လုံပီး (ရွေ့ပြောင်းတောင်ယာ လုပ်ကွက်) ရဲ့ သုံးပုံနှစ်ပုံလောက်မှာ အပင် မရှိတော့ဘူး။ ရေရှားလာပြီး မြေကြီးက ညံ့ညံ့လာတယ်” လို့ သူက ရှင်းပြပါတယ်။
ကျေးရွာတောင်သူ အစုအဖွဲ့ ဥက္ကဋ္ဌ ဦးငွန်သောင်က အိမ်ထောင်စု ၉၃ စု ရှိသော ဤရွာတွင်ရွှေ့ပြောင်းတောင်ယာ လုပ်ကိုင်ရန် အတွက် အိမ်ထောင်စု တစ်စုလျှင် ၃ ဧကခန့် နှစ်စဉ် ခုတ်ထွင် ရှင်းလင်းခဲ့ကြတယ်လို့ ပြောပါတယ်။

CHORD ၏ စီမံကိန်း မန်နေဂျာ ဦးကီးတူကရွှေ့ပြောင်းတောင်ယာ စနစ်ကိုလျှော့ချနိုင်ရေး ရည်ရွယ်ချက်ဖြင့် ၂ဝဝ၈မှ ၂ဝ၁၄ အထိ အမြဲတမ်း စိုက်ပျိုးမြေ ဧက ၆၅ဝကျော်ကို ဖော်ဆောင်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ သို့သော်လည်း သူတို့ အဖွဲ့က ဖော်ဆောင်ပေးနေတဲ့ အမြဲတမ်း စိုက်ပျိုးမြေ ဧကမှာ ပြည်နယ် တစ်ခုလုံးအတွက် လုံလောက်မှု မရှိနိုင်သည့်အတွက် အစိုးရ၏ အကူအညီ လိုအပ်နေတယ်လို့ သူက ပြောပါတယ်။

ပြည်နယ်အတွင်း စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင်သူများ၏ ၈၅ ရာခိုင်နှုန်းမှာ ရွေ့ပြောင်းတောင်ယာ လုပ်ကိုင်နေကြတယ်လို့ သူတို့ ပြုလုပ်ထားတဲ့ စစ်တမ်းများက ဆိုပါတယ်။ ဤဒေသတွင် လွန်ခဲ့သည့် ၂ နှစ်ကမြေပြိုမှု၊ ရေကြီးမှု၊ သစ်တော ပြုန်းတီးမှု အကြီးအကျယ် ဖြစ်ပွားခဲ့ပါတယ်။ သစ်တော ပြုန်းတီးမှုမှာရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးမှုနှင့်လည်း ဆက်စပ်နေခြင်းကြောင့် အမြဲတမ်းစိုက် ပျိုးနိုင်သည့် စိုက်ပျိုးမြေ လုံလုံလောက်လောက် ဖော်ဆောင်ပေးရန်မှာ ပြည်နယ် အတွက် အရေးတကြီး လိုအပ်နေတဲ့ အချက်ဖြစ်တယ်လို့ သူက ပြောပါတယ်။

“သစ်တောတွေ ပြုန်းတီးသွားတဲ့ နေရာတွေမှာမြေပြိုမှုတွေ ဖြစ်ပေါ်တဲ့ နေရာတွေမှာ ပိုပြီးတော့ ဖြစ်တာ များတယ်။ သစ်တောတွေ ရှိတဲ့နေရာမှာမြေပြိုတာ နည်းပါးတယ်ဆိုတာ ကိုတွေ့ရပါတယ်” လို့ သူက ရှင်းပြပါတယ်။

CORAD အဖွဲ့မှ ဖလမ်းမြို့နယ် မန်နေဂျာ ဦးတလောင်ဇမန်းက ချင်းတောင်တန်းသည် နှစ် ၂ဝ အတွင်း သဘာဝ ပတ်ဝန်းကျင် ဆိုးရွားစွာ ထိခိုက်လာခြင်း၊ ရာသီဥတုဖောက်ပြန်မှုများနှင့် ကြုံနေရခြင်း တို့အတွက် ရွှေ့ပြောင်းတောင်ယာ လုပ်ကိုင်မှုကိုလျှော့ချပြီး အမြဲတမ်း စိုက်ပျိုးမြေဧကများ ဖော်ဆောင်ပေးရန် လိုအပ်နေတယ်လို့ ဆိုပါတယ်။

“ဖလမ်းမြို့နယ်ထဲမှာ နှစ် ၂ဝ အတွင်း စိမ်းစိမ်းစိုစို တောင်တန်းတွေအဖြစ် မြင်ခဲ့ရတဲ့နေရာတွေက အခုတောင်ကတုံးတွေ ဖြစ်နေပါပြီ။ ရွှေ့ပြောင်းတောင်ယာစနစ်ကို တစ်နှစ်ထက် တစ်နှစ် မလျှော့ချနိုင်ဘူး ဆိုရင်တော့ နောက် ၃ဝ နှစ်တွေ ၄ဝနှစ်တွေကို ပြန်စဉ်းစားမယ်ဆိုရင်တော့ အင်မတန်ကိုမှ စိုးရိမ်စရာ ရှိပါတယ်” လို့ CORAD မှ မြို့နယ် မန်နေဂျာက ညှို့မှိုင်းနေသည့် ချင်းတောင်တန်းများ အကြားတွေ့နေရသည့် အကျည်းတန် တောင်ကတုံးများကို ကြည့်ရင်းပြောလိုက်ပါတယ်။

ဖြိုးသီဟချို/ ဖလမ်း-ထလန်ရောင်ကျေးရွာ Myanmar Now


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်