“စုပ်ခွက်ငါးအကြောင်း သိကောင်းစရာ”

07/01/2021 18:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

        စုပ်ခွက်ငါးကို အင်္ဂလိပ်လို ‘sucker mouth catfish’ ဟုခေါ်ဆိုကြပြီး သိပ္ပံအမည်မှာ ‘Hypostomus Plecostomus’ ဟုအမည်တွင်ပြီး မြန်မာလို ‘ငါးခူမျိုးစိတ်’ တစ်မျိုးလို့ ဆိုနိုင်ပါသည်။ မြန်မာနိုင်ငံဒေသတချို့တွင် စုပ်ခွက်ငါးကို ‘မြွေပွေးငါးခူ’ ဟုလည်း ခေါ်ကြပါသေးသည်။ ထိုသာမက ‘သန့်ရှင်းရေးငါး၊ မှန်ကပ်ငါး၊ ချီးစားငါး’ ဟူ၍လည်း နာမည်အမျိုးမျိုးခေါ်ကြပါသေးသည်။

      စုပ်ခွက်ငါးများမှာ အပူပိုင်းဒေသတွေမှာ စတင်သန္ဓေတည်လာပြီး ဒုတိယအကြီးဆုံး ငါးခူမျိုးစိတ်(၁)မျိုးလည်းဖြစ်ပါသည်။ သူ့မှာ မျိုးစိတ်ခွဲပေါင်း(၁၅၅)မျိုးခန့်ရှိပြီး စုပ်ခွက်ငါးများ၏ မူရင်းဒေသမှာ တောင်အာဖရိကနှင့် ကာရေဘီယံကျွန်း၊ ကိုလံဘီယာ အနောက်မြောက်ဒေသတို့တွင်လည်း ပေါများစွာတွေ့ရတတ်ပါသည်။

စုပ်ခွက်ငါး၏ သဘာဝ

       စုပ်ခွက်ငါးများ၏ ခန္ဓာကိုယ်မှာ ရှည်မျောမျောရှိပြီး ကြမ်းတမ်းမာကျောသည့် အကြေးခွံများနှင့် ဖုံးအုပ်ထားပါသည်။ သံချပ်ဝပ်တန်ဆာလို မာကျောတဲ့အကြေးခွံတွေကြောင့်လည်း ‘ချပ်ဝပ်ငါးခူ’ ဟုလည်း ခေါ်ကြပါသေးသည်။ ထို့ပြင် စုပ်ခွက်ငါးများ၏ ကျောပေါ်မှာရှိတဲ့ဆူးတောင်မှာ မာကျောရုံသာမကဘဲ အဆိပ်လည်းရှိပါတယ်။ ဆူးတောင်တွေနဲ့ထိခိုက်မိပါက အတော်အသင့်နာကျင်မှုကို ခံစားရတတ်ပါသည်။ သို့သော်လည်း လူ့အသက်အန္တရယ်ကို ထိခိုက်စေနိုင်သည်အထိတော့ အန္တရာယ်မများကြပေ။

      စုပ်ခွက်ငါးများ၏ဝမ်းဗိုက်မှာ ဖြူလွလွအရောင်ရှိပြီး ကျန်တဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာ အညိုရင့်ရင့်မှာ အဖြူအစက်အနက်စက်လေးများ ရှိတတ်ကြပါသည်။ အဖြူရောင်၊ လိမ္မော်ရောင်၊ ရွှေအိုရောင်စသဖြင့် အရောင်ကွဲအနေနှင့်လည်း တွေ့မြင် နိုင်ပါသေးသည်။ ထို့အပြင် ပတ်ဝန်းကျင်အနေအထားပေါ်မူတည်ပြီး အရောင်ပြောင်းလဲနိုင်စွမ်းလည်း ရှိကြပါသည်။

     စုပ်ခွက်ငါး၏ပါးစပ်မှာ ကြမ်းပြင်နှင့် တပြေးညီရှိနေပြီး ရေအောက်ကြမ်းပြင်က ရေညှိ၊ ရေမှော်တွေကို စုပ်ယူစားသောက်လေ့ရှိကြပါသည်။ မှန်လိုချောမွေ့နေတဲ့ မျက်နှာပြင်မျိုးမှာလည်း သူတို့ဟာ သေသေချာချာတွယ်ကပ်ပြီးတော့ နေနိုင်စွမ်းရှိကြပါသည်။ ထို့ကြောင့်လည်း ‘မှန်ကပ်ငါး’ဟုလည်း နာမည်ကြီးပါသည်။ စုပ်ခွက်ငါးတွေဟာ ရေအောက်ကနေ ဒေါင်လိုက်ကူးခပ်ပြီး ရေမျက်နှာပြင်အထက်ကို တက်ပြီးတော့မှ အသက်ရှူလေ့ရှိကြသည်။

မျိုးပွားခြင်းနှင့် အစာစားခြင်းအလေ့အထ

     စုပ်ခွက်ငါးမများမျိုးပွားချိန်တွင် ရေအောက်ကြမ်းပြင်ကို ကျင်းအဖြစ်တူးပြီး ဥ ချတတ်ပါသည်။ စုပ်ခွက်ငါးမတစ်ကောင်သည် ဥတစ်ကြိမ်ဥလျှင် ဥပေါင်း (၂၀၀၀) ခန့် ဥ ဥလေ့ရှိပြီး စုပ်ခွက်ငါးများ၏ သက်တမ်းမှာ(၂၀-၃၀) နှစ်အထိ အသက်ရှည်ကြပါသည်။

    စုပ်ခွက်ငါးများမှာ ရေညှိ၊ ရေမှော်ပင်၊ ကြာပင်တွေနှင့် ကန်စွန်းရွက်လိုအရွက်တွေကိုလည်း စားသုံးတတ်ကြပါသည်။ ထို့ပြင်အခြားရေသတ္တဝါငယ်လေးများ၊ အင်းဆက်သားလောင်းများနှင့် ငါးသားလောင်းလေးတွေကိုလည်း စားသောက်ပစ်ကြပါသည်။ အကျိအချွဲတွေကို အင်မတန်နှစ်သက်သဖြင့် တခြားငါးတွေရဲ့ ခန္ဓာကိုယ်မှာကပ်နေတဲ့ အကျိအချွဲတွေကိုလည်း အတင်းတွယ်ကပ်ပြီး စုပ်ယူစားသောက်တတ်ကြသဖြင့် စုပ်ခွက်ငါး၏ စုပ်အားကြောင့် တခြားငါးများမှာ ဒဏ်ရာအနာတရဖြစ်ကြသလို စူးရှမာကျောသောဆူးတောင်တွေ အကြေးခွံတွေနဲ့ ထိုးမိသည့်အတွက်လည်း ဒဏ်ရာရတတ်ကြပါသည်။

စုပ်ခွက်ငါးနှင့် ဂေဟစနစ်

     စုပ်ခွက်ငါးများမှာ အစားသောင်းကျန်းလွန်းပြီး တွေ့ကရာအကုန်စားပစ်တတ်သည့် အလေ့အထရှိသောကြောင့် အခြားရေနေသတ္တဝါတွေအတွက်တော့ အစာဂေဟစနစ်ကို ပျက်စီးစေနိုင်ပါသည်။ ငါးသားလောင်းတွေကိုလည်း ဖမ်းယူစားသောက်တတ်သလို အပင်တွေမှာကပ်ပြီး ဥချထားသော ဥတွေကိုလည်း စားသောက်ပစ်ကြသည့်အတွက် တချို့သော ငါးမျိုးစိတ်တွေကိုလည်း မျိုးတုန်းစေနိုင်ပါသည်။ 

     ရေပေါ်နှင့် တခြားအင်းဆက်အပင်တွေ၊ ရေအောက်ကအပင်အမျိုးမျိုးကိုလည်း ကိုက်ဖြတ်စားသောက်ပစ်တတ်တာကြောင့်ရေဝပ်ဒေသ၏ ရေအရည်အသွေးကိုလည်း ကျဆင်းစေသလို တခြားသောငါးတွေအတွက်လည်း အစာကွင်းဆက်ပြတ်ပြီးအစာရေစာရှားပါးမှုကိုလည်း ဖြစ်ပေါ်စေပါသည်။ 

     စုပ်ခွက်ငါးများမှာ နေရာဒေသအမျိုးမျိုးမှာ အံဝင်ခွင်ကျနေနိုင်ပြီး ခံနိုင်ရည်မြင့်မားလွန်းလှပါသည်။ နောက်ကျိလွန်းတဲ့ ဗွက်ရေထဲမှာလည်း ရှင်သန်နိုင်ကြသလို စုပ်ခွက်ငါး၏ မာကျောသည့်အကြေးခွံတွေကြောင့် ငါးဖမ်းစားလေ့ရှိသည့် အသားစားကြူးသည့် ငါးများကပင် စုပ်ခွက်ငါးကို ဖမ်းမစားကြပေ။ စုပ်ခွက်ငါးများမှာ မျိုးပွားနှုန်းမြန်တာကြောင့် ရေချိုသယံဇာတအတွက်တော့ အန္တရာယ်ရှိလှပါသည်။

အသိပညာပေးခြင်း

      ယခင်က အလှမွေးငါးအဖြစ်မွေးမြူရန်နှင့် အလှမွေးကန်များတွင်ရေညှိ၊ ရေမှော်များရှင်းလင်းရန်အတွက် ပြည်ပမှတင်သွင်းလာသည့် စုပ်ခွက်ငါးများမှာ ယခုအခါ မြန်မာနိုင်ငံ၏ မြစ်၊ ချောင်းများတွင် ပျံ့နှံ့ရုံသာမက ငါးမွေးမြူရေးကန်များအတွင်း ဝင်ရောက်မှုကြောင့် အဓိကထားမွေးမြူထားသော ငါးများနှင့်အပြိုင် အစာလုယူစားသုံးနေပါသဖြင့် အစာပိုမိုကုန်ကျပြီး လုပ်ငန်းရှင်များအရှုံးပေါ်ခြင်း၊ အဆိုပါငါး၏ဆူးတောင်မှာ မွေးမြူရေးငါးများ၏ ခန္ဓာကိုယ်အရေပြား၊ အကြေးခွံများကို ဒဏ်ရာအနာတရဖြစ်စေ၍ ရောဂါဖြစ်ပေါ်ခြင်း၊ နေထိုင်သည့်ဓလေ့ကြောင့် ကန်အောက်ခြေ တာပေါင်များ ပျက်စီးစေပြီး ရေရှည်တွင် မြန်မာ့ဒေသရင်းငါးမျိုးစိတ်များနှင့် ရေမြေသဘာဝကိုပါ ထိခိုက်ပျက်စီးစေနိုင်ကြောင်း တွေ့ရှိရပါသည်။

   သို့ပါသောကြောင့် အလှမွေးငါးဖြစ်သော စုပ်ခွက်ငါးကို မွေးမြူမည်ဆိုပါက ပြင်ပသို့ လွတ်ထွက်စေခြင်းမရှိစေရေး အထူးဂရုပြုဆောင်ရွက်ကြရန်နှင့် စုပ်ခွက်ငါးများအား သဘာဝရေပြင်တွင်တွေ့ရှိပါက ရေသတ္တဝါအစားထိုးကုန်ကြမ်းအဖြစ် အသုံးပြုကြရန် (သို့မဟုတ်) သင့်လျှော်သောနည်းလမ်းဖြင့် ဖယ်ရှားဖျက်ဆီးပါရန် ငါးလုပ်ငန်းဦးစီးဌာနမှလည်း ပညာပေးနှိုးဆော်ထားပါသည်။

စုပ်ခွက်ငါးအသုံးဝင်ပုံ

     စုပ်ခွက်ငါးတွေကို စားသုံးကြသည်ဟု သိပ်ပြီးမကြားဖူးလှပေ၊ အလှမွေးမြူခြင်းကိုတော့ဖြင့် လုပ်ကြပါသည်။ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးအသင်း(BANCA)၏ အဆိုအရ စုပ်ခွက်ငါးကို ချက်ပြုတ်စားသုံးကြသော ရေလုပ်သားတချို့မှာ ယားယံသည့်ဝေဒနာကိုခံစားရပြီး တချို့မှာ ယခင်ကဖြစ်ဖူးသော ရောဂါလက္ခဏာဟောင်းများ ပြန်ပေါ်လာပြီး ရောဂါပြန်ထတာမျိုးတွေ ဖြစ်တတ်ကြကြောင်းသိရပါသည်။ လားရှိုးဒေသရှိ အီနိုင်းချောင်းအတွင်းက စုပ်ခွက်ငါးတွေကိုတော့ ဘဲမွေးမြူသူတွေမှ ဖမ်းဆီးပြီး ဘဲစာအဖြစ် ကျွေးမွေးကြကြောင်း မှတ်သားရဖူးပါသည်။

     ထို့ကြောင့်စုပ်ခွက်ငါးကို လူသားတို့စားသုံးခြင်းထက် ရေသတ္တဝါအစားထိုးကုန်ကြမ်း အသုံးပြုပါက ပိုမိုသင့်လျော်ကြောင်း ဆိုကြပါသည်။ စုပ်ခွက်ငါးကို တိရစ္ဆာန်အစာအာ;ဆေးအဖြစ်ရော စိုက်ပျိုးရေးအားဆေးအဖြစ်ပါအသုံးဝင်တဲ့ ငါးအမိုင်နိုအက်စစ်ပြုလုပ်ကြဖို့ တိုက်တွန်းထားကြပါသည်။

“စုပ်ခွက်ငါး အမိုင်နို အက်စစ်”

    စုပ်ခွက်ငါးကို အမိုင်နိုအက်စစ်ပြုလုပ်လိုက်ပါက စုပ်ခွက်ငါးတွင်ရှိသော ဆူးတောင်မာများ၊ အရေခွံကြမ်းများပါ အကုန်ပျော့ပြီး အရည်ပျော်သွားမည်ဖြစ်သောကြောင့် စိတ်ပူစရာမလိုတော့ပေ။ 

ပြုလုပ်နည်း

- စုပ်ခွက်ငါး -၁ ပိသာ

- သကာရည်(သို့မဟုတ်) ထန်းလျှက်ရည်- ၁ပိသာ

(ငါးနှင့်သကာရည် ဆတူအချိုး) တို့လိုအပ်ပါသည်။

၁။ စုပ်ခွက်ငါးကို နုပ်နုပ်စင်းပြီး ပုံး(သို့မဟုတ်) စဉ့်အိုးထဲထည့်ပါ။

၂။ ပြီးနောက် နုပ်နုပ်စင်းထားသော ငါးနှင့် သကာရည်ကို ဆတူရောပြီး သမအောင်မွှေကာ လေလုံအောင်ပလတ်စတစ် (သို့မဟုတ်) အဖုံးအုပ်ပြီးစည်းထား၊ ပိတ်ထားပါ။

၃။ (၃) ရက်တစ်ခါ၊ (၄) ရက်တစ်ခါ အဖုံးကိုဖွင့်ပြီးမွှေပါ။

၄။ (၁)လပြည့်လျှင် ငါးအမိုင်နိုအက်ဆစ်ကို အသုံးပြုလို့ရပြီဖြစ်သည်။

၅။ ငါးအမိုင်နိုအက်ဆစ်ကို စိုက်ပျိုးရေးတွင် အပင်အားဆေးအဖြစ်သာမက တိရစ္ဆာန်အားဆေးအဖြစ် အစာနှင့် ရေထဲတွင်ထည့်ကျွေးပေးနိုင်ပါသည်။

ပင်လယ်ပြာ(ငါးဦးစီး)

Ref:  ငါးလုပ်ငန်းဦးစီးဌာန။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်