ချစ်ရသော အပင်များနှင့် စကားပြောခြင်း

Photo - google

စာဖတ်သူ အဆွေ မေးခွန်း တစ်ချို့ မေးခွင့်ပြုပါလား ခင်ဗျား။

၁။ “သင့်ဘဝမှာ၊ သင့်အားလပ်ချိန်လေးမှာ အပင်များနဲ့ စကားပြောဖူးပါသလား ခင်ဗျား”

၂။ “အပင်လေးတွေကို ကြည့်ပြီး ဝမ်းနည်းဖူးပါသလား၊ ကြည်နူးဖူးပါသလား ခင်ဗျား”

၃။ “အပင်အုပ်စုလေးကနေ ဖြတ်သန်းလာတဲ့ အေးမြမြလေပြေ နဲ့ အညာက နွေနေ့လည် လေပူပူ ခံစားရတဲ့ အရသာ နှိုင်းယှဉ်ဖြစ်ပါသလား ခင်ဗျား”

၄။ “သင့်ဘဝမှာ အပင်လေးတွေနဲ့ ပတ်သက်ပြီး လုပ်ဆောင်စရာ တစ်ခုခု ရှိပါသလား ခင်ဗျား”

ကျွန်တော်မေးခွန်းတွေ မေးတာများသွားပြီ ထင်ပါတယ်။ မေးခွန်းတွေကိုလည်း လွယ်လွယ်ဖြေနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်ချစ်ရတဲ့ အပင်လေးတွေကတော့ကျွန်တော့်ကို စကားဖောင်ဖွဲ့ နားထောင်လို့ မငြီးနိုင် မပျင်းနိုင်အောင်ပြောပြကြတယ်။ သူတို့ရင်ထဲ ခံစားရတာတွေ သူတို့လေးတွေက ကမ္ဘာမြေကြီး အတွက်၊လူသားတွေအတွက်၊ သဘာဝပတ်ဝန်းကျင်အတွက် နည်းမျိုးစုံနဲ့ တတ်နိုင်သမျှလုပ်ပေးနေတာကို ပြောပြတယ်။ လူသားတွေ သူတို့အပေါ် ကြင်နာသနားတတ်တာတွေ၊ရက်စက်စွာ လုပ်ဆောင်သွား တာတွေကိုလည်း ပြောပြကြတယ်။

တကယ်တမ်းပြောရရင်ကျွန်တော် သူတို့ပြောတဲ့ စကားတွေကို အကုန်လုံး နားမလည်သေးပါဘူး။သူတို့လေးတွေ ပြောတာကို နားလည်နိုင်အောင် ကြိုးစားရင်း၊ တတ်နိုင်သလောက်နားစိုက်ထောင်ရင်း ရင်ထဲကနေ နားလည်ခဲ့ရတာပါ။ သူတို့လေးတွေ ပြောပြတဲ့စကားတွေကို နားထောင်ရင်း ကျွန်တော် တစ်ခါတစ်ခါ ဝမ်းနည်းမျက်ရည် ကျရတယ်။တစ်ခါတစ်ခါ ကျေနပ် ပီတိဖြစ်ရတယ်။ ရင်လှိုက် ခုန်အောင်လည်း ပျော်ရွှင်ခဲ့ရတယ်။သနားလိုက်ပါဘိ အပင်လေးတွေရယ်။ ကြင်နာမြတ်နိုး တန်ဖိုး ထားချင်စရာကောင်းလိုက်တာကော။ ဒီလိုနဲ့ပဲ အပင်လေးတွေဟာ ကျွန်တော်ရဲ့ဘဝ ဖြစ်မှန်းမသိဖြစ်လာခဲ့ပါ ရောလား ခင်ဗျား။

လွန်ခဲ့တဲ့ ၂၀၀၀ ခုနှစ်ကစိုက်ပျိုးရေး တက္ကသိုလ် တတိယနှစ် ပထမနှစ်ဝက် တက်နေချိန် တစ်နေ့မှာဥယျာဉ်ခြံသီးနှံဘာသာရပ်ကို သင်ကြားပေးတဲ့ ဆရာကြီး ဦးလှအောင်ပြောသွားဖူးတဲ့ စကားလေးကို အမြဲတမ်း အမှတ်ရနေပါတယ်။ “တပည့်တို့ အပင်တွေနဲ့ စကားကျွမ်းကျွမ်းကျင်ကျင် ပြောတတ်ရင် စိုက်ပျိုးရေး သမားကောင်း တစ်ယောက် ဖြစ်ပြီလို့သာ ယူဆလိုက်တော့” တဲ့။ အဲဒီ အချိန်တုန်းကတော့ အမှတ်တမဲ့ပါပဲ ခင်ဗျ။ ကျောင်းသားဘဝ စာသင်မယ်။စာကျက်မယ်။ စာမေးပွဲအောင်အောင် ကြိုးစားမယ် ဆိုတာပဲ စိတ်ထဲ ရှိခဲ့တာပါ။ဒီစကားလေးတစ်ခွန်းဟာ ကျွန်တော့်ဘဝကို ပြောင်းလဲ တိုးတက်လာစေ လိမ့်မယ်လို့မျှော်လင့် မထားခဲ့ပါဘူး ခင်ဗျ။ နောက်ပိုင်းကျတော့ အပင်တွေကစကားပြောလာတာကို ရင်ထဲကနေ တစ်ချို့တစ်ဝက် နားလည်လာခဲ့ရတယ် ဆိုပါတော့။

အပိုင်း (၁) ရာဘာပင်များက ပြောသောစကားများ

ဆေးရုံကို၊ဆေးခန်းကို လာပြတဲ့ လူနာတစ်ယောက်ကတော့ ရောဂါရာဇဝင်ကို ဆရာဝန်က မေးလိုက်ရင်(အရမ်း အခြေအနေဆိုးတဲ့ လူနာက လွဲလို့) ပြန်ပြောနိုင်တယ်။ ဆရာဝန်ကသက်သာမြန်တဲ့ ဆေးပေးလို့၊ ထိရောက်တဲ့ ကုထုံးနဲ့ ကုသလို့ ရောဂါမြန်မြန်သက်သာတာပေါ့ ခင်ဗျား။ ကောင်းလိုက်တဲ့ လူနာကုပေးတဲ့ လူဆရာဝန်များပါ။ဒီလိုပြောလို့ ဆရာဝန်များက လူနာကူရတာက အရမ်း အန္တရာယ်များတယ်။ အပင်တွေကဆုံးရှုံးမှုခံနိုင်တယ်ဗျ လို့ ပြောမှာနော်။ လူလိုပဲ အပင်လေးတွေလည်းတန်ဖိုးကြီးမားလှ ပါတယ်ဗျာ။ ဘာပဲပြောပြော လူဆရာဝန်များက ကျွန်တော်တို့ထက်တစ်ပန်းသာတယ်လေ။ ဘာဖြစ်လို့ဆိုတော့ ကျွန်တော်တို့ ဆက်ဆံနေရတဲ့ အပင်လေးတွေကလူတွေလို စကားမပြောနိုင်ဘူးဗျ။ ကဲ…….အပင်ဆရာ ဝန်တွေ ဘယ်လောက်ပင်ပန်းကြသလဲနော်။ ဒီတော့ ကျွန်တော်တို့က အပင်လေးတွေနဲ့ စကား မပြောတတ်ရင်မရတော့ဘူး။ သူတို့မပြောတဲ့ စကားတွေကို နားလည်နေမှ၊ သူတို့ တုံ့ပြန်သမျှကိုရင်ထဲကခံစားနိုင်မှ အပင်လေးတွေ လိုအပ်နေတာကို ဖြည့်ဆည်း ကုသပေးနိုင်မှာလေ။

ရေဆင်းကကျောင်းပြီးတဲ့ အခါကျတော့ ကျွန်တော် ရာဘာခြံမှာ တာဝန်ကျတယ်။ ရာဘာခြံမှာကျွန်တော်က ရာဘာပျိုးခင်းမှာ စတင် အလုပ်လုပ်ရတယ်။ အလုပ်လုပ်နေရင်းသတိထားမိလာတယ်။ ရာဘာမျိုးပေါင်းများစွာရှိတယ်။ ရာဘာမျိုး တစ်မျိုးချင်းစီကရာဘာအထွက်နှုန်း၊ တောင်သူတွေရဲ့ စီးပွားရေးကို အများကြီး သက်ရောက်မှုရှိတယ်။မျိုးမှန်ကန်ဖို့ အရမ်း အရေးကြီးတယ် ဆိုတာကိုလည်း သိရတယ်။ အခြားသီးနှံတွေမှာလည်း မျိုးမှန်မှ မျိုးကောင်းမှ အထွက်ညီညာပြီး အထွက်ကောင်းမှတောင်သူစီးပွားရေး ကောင်းသလိုပေါ့နော်။ ဒီတော့ ပျိုးခင်းတာဝန်ကျတဲ့ကျွန်တော် မျိုးမခွဲတတ်ရင် မရတော့ဘူး။ မျိုးခွဲခြားတဲ့ ပညာကို အရမ်းလေ့လာချင်ခဲ့တယ်။ မျိုးခွဲခြားတာနဲ့ ပတ်သက်လို့ ပထမနှစ်မှာ Plant Taxonomic Characteristicsတွေကို ဆရာမကြီး ဒေါ်မြရွှေ နဲ့ ဆရာဦးဝေလင်းတို့သင်ကြားပေးခဲ့တွေကို ပြန်အမှတ်ရလာတယ်။ ကျောင်းတုန်းက နုတ်စ်တွေ ပြန်ရှာပြီးကိုယ့်ဘာသာကိုယ် မျိုးခွဲကြည့်တယ်။ မရပါဘူး ခင်ဗျ။ သိလိုက်ပြီ။ ဆရာကြီးပြောထားဖူးတာကို ပြန်ကြားလာတယ်။ ငါ အပင်တွေနဲ့ စကားမပြော တတ်သေးပါလားဆိုတာကို နားလည်လာတယ်။

ဒါပေမယ့် ကျွန်တော်ပြန်စဉ်းစားကြည့်တယ်။ ရာဘာပင်မှာ ရွက်ပုတ်ရောဂါ၊ နှင်းမှုန်ရောဂါ၊အစေးကြောင်းမည်းရောဂါ၊ အမြစ်ပုပ်ဆွေးရောဂါတွေ။ အို အခြား ရောဂါတွေဘယ်လိုအချိန်ဆို ကျတတ်တယ်။ ဘယ်နေရာမှာ ဖြစ်လေ့ ရှိတယ်လို့ သိနေတာပဲ။ ဘယ်လိုကာကွယ် ကုသရမယ် ဆိုတာကိုလည်း သိပြီး လုပ်နေတာပဲ။ ငါ အပင်တွေနဲ့ စကားပြောဖြစ်နေပါပြီလားလို့ပေါ့။ ကျွန်တော် တော်တော်လေး ပျော်သွားတယ် ခင်ဗျ။

ပြီးတော့အပင်လေးတွေကို တစ်ခုခု ထိခိုက်လိုက်တာပဲ ဖြစ်ဖြစ်၊ အဖူးကူးမလို့ပဲဖြစ်ဖြစ် ထိရှတဲ့ နေရာလေးက အစေးတွေထွက်လာတယ်။ ကျွန်တော်တို့မှာရှမိတဲ့နေရာက သွေးထွက်လာသလိုပေါ့။ သြော် လူတွေလိုပါပဲလား အပင်လေးတွေရယ်။အစ်ကိုရေ ကျွန်တော် ဒဏ်ရာရသွားပြီဗျ လို့ ပြောနေတယ်ဗျ။ ကျွန်တော်တို့သူတို့လေးတွေကို  အနာမြန်မြန်ကျက်အောင် လုပ်ပေးရုံပဲ ရှိတော့ တာပေါ့ဗျာ။အပင်လေးတွေလည်း လူတွေလိုပဲ ကိုယ်တိုင် အနာပြန်ကုနိုင်တဲ့ စွမ်းရည်(Self-Healing System) ရှိတယ်နော်။ မကြာပါဘူးလေ ဒဏ်ရာရပြီး ၁၀ ရက်အတွင်းအနာကျက်ကြပြီ။ ဒါပေမယ့် ဒဏ်ရာတွေတော့ ကျန်ခဲ့ပါတယ်။ သနားစရာကောင်းလိုက်တာအပင်လေးတွေရယ်။ လူသားတွေ ပြုသမျှ ခံရရှာတယ်။ နာကျင်လို့ ဆိုပြီးအော်ငိုခွင့်မရ။ အတင်းလွတ်အောင်လည်း မပြေးနိုင်။ ရေးနေရင်းနဲ့မျိုးခွဲခြားတဲ့ ဇာတ်လမ်းပြတ်သွားတယ်။ စိတ်က ခံစားမှုနောက်ကို လိုက်ပြီးရေးသွားရင် ရေးနေတဲ့ လမ်းကြောင်းက ပြောင်းလဲသွားတတ်လို့ပါဗျ။ရာဘာမျိုးခွဲနေတာ ပြန်ဆက်ရအောင်ဗျ။

ကံကောင်းထောက်မပြီးကျွန်တော်တို့ခြံထဲကို ဖားအောက်က ရာဘာမျိုးခွဲ ပညာရှင် နှစ်ယောက်ခြံမှာရှိတဲ့ မျိုးကိုင်းပွားခင်းမှာ ရာဘာမျိုးခွဲပေးဖို့ရောက်လာကြတယ်။ကျွန်တော် ပျော်လိုက်တာဗျာ။ ရာဘာမျိုးတွေနဲ့ စကားပြောရတော့မှာမို့လို့လေ။ဆရာမတို့က မျိုးခွဲရင်း အကြမ်းဖျင်း အချက်တွေကို သင်ပေးသွားခဲ့တယ်။ပြီးတော့ ဖားအောက်က နှစ်ရှည်ပင်များ အသုံးချသုတေသန ဌာနမှာ ရာဘာမျိုးခွဲသင်တန်းတက်ခဲ့ရတယ်။ ရာဘာမျိုးတွေ ဘယ်လိုက စဖြစ်လာတဲ့ ရာဇဝင်နဲ့တကွ စာတွေ့လက်တွေ့ သင်ကြားမှုတွေ။ တန်ဖိုးရှိလိုက်တာပါ ခင်ဗျား။

ပြီးတော့ရာဘာမျိုးခွဲ ဆရာကြီး ဦးခင်မောင် သင်တန်းမှာ ပြောသွားတဲ့ အပင်နဲ့ပတ်သက်တဲ့ စကားလေးတွေကို ဖောက်သည်ချလိုပါတယ် ခင်ဗျား။ “ခင်ဗျားတို့အပင်တွေကို ဘယ်လိုမြင်ပါသလဲ” တဲ့။ စာဖတ်သူ အဆွေ သင်ကော အပင်လေးတွေကိုဘယ်လို မြင်ပါသလဲ ခင်ဗျား။ ဆရာက ပြန်ဖြေပေးတယ်။ “ကျွန်တော်ကတော့ ရာဘာပင် တစ်ပင်ကို သားသမီး တစ်ယောက်လို မြင်တယ်ဗျ” တဲ့။

ဒါပေမယ့် အချို့ သားသမီးတွေထက်တော့ ပိုတန်ဖိုးရှိတယ်ဗျ။ သားသမီးတွေကအချိန်တန်လို့ မိဘက ကျောင်းထားပေး ပြုစုစောင့်ရှောက် ကြင်နာမှုပေး။အတောင်စုံရင်တော့ မိဘကို ထားပြီး ပျံကြပြီ။ အချို့လိမ္မာတဲ့ သားသမီးတွေကိုမဆိုလိုပါဘူးတဲ့။ ရာဘာပင်လေးတွေက  ၆-၇ နှစ်ကြာလို့ အရွယ်ရောက်ရင်ပိုင်ရှင်မိဘတွေကို စတင်လုပ်ကျွေးပြီ။ သူတို့ အတွက် လိုအပ်တဲ့ မြေသြဇာကျွေးပေးရတယ်၊ မီးလောင်ရင် အလုပ်မလုပ်နိုင်တော့လို့ ပေါင်းရှင်းပေးရတယ်။ဒါပေမယ့် ၁၂ ရာသီပတ်လည် ဂရုစိုက်နေရတာမျိုး မဟုတ်ဘူးနော်တဲ့။

ရာဘာပင်လေးတွေရဲ့နောက်ကွယ်မှာ လူတစ်ယောက်စီ ကွယ်ရပ်နေတာတဲ့။ သူတို့လေးတွေဟာ မိဘတွေကိုသူတို့ရဲ့ သွေးစက်တွေ ဖောက်ထုတ်ပြီး နို့ရည်စက်လက် စီးကျလို့ပြုစု လုပ်ကျွေးကြတယ်။ မိဘတွေရဲ့ စီးပွားရေး ပြေလည်ဖို့ ပြန်လည်ပေး ဆပ်ကြတယ်။သူတို့တွေမှာ “ဆန်ရေ”ဆိုတာ တကယ် ရှိတယ်။ သနားစရာ၊ ချစ်စရာကောင်းလိုက်ပါဘိရာဘာပင်လေးတွေရယ်။ ကျွန်တော်တို့မှာကော မိဘတွေ ကို ပြန်လည်ပြုစုကြွေးဟောင်းဆပ် ချင်တဲ့ စိတ်အပြည့်အဝ ရှိကြပေမယ့် ကြွေးသစ်ချနေရင်းနဲ့မေ့လျှော့နေကြတာပါလား။ အပင်ချစ်တဲ့ ကျွန်တော် ဒီသင်တန်းကနေရာဘာပင်လေးတွေနဲ့ စကားပြောတတ်လာအောင် ပိုမို အားထုတ်လာနိုင်ခဲ့တယ်။

ရာဘာပင်တစ်ပင်ကို မြင်ပြီဆိုရင် ဘာမျိုးပါလိမ့် ဆိုတာကို အရွက်ကိုကြည့်ပြီးအရင်ခွဲလိုက်တယ်။ မရရင် ကိုင်းဖြာပုံကို ကြည့်တယ်။ မရရင် အခေါက်ကိုကြည့်တယ်။ နောက်ဆုံးမရရင်တော့ အပင်ခြေက ကြွေကျနေတဲ့ ရာဘာစေ့ကိုကောက်ကြည့်ပြီး အဖြေထုတ်လိုက်တယ်။ အခြားအချက်တွေက မသေချာရင် ရာဘာစေ့ကအဖြေမှန်ကို ပေးတယ်။ ကျွန်တော်သည် ဘယ်မိဘနှစ်မျိုးစပ်ပြီး ရလာတာပါလို့ပြောပြတယ်။ ခက်တာက ရာဘာစေ့က ခွဲခြားမှတ်သားဖို့ အရမ်းပင်ပန်းတယ်လေ။ ရာဘာစေ့ကြွေချိန် ဇူလိုင်လ လောက်ဆိုရင် ကျွန်တော့် မှတ်စုစာအုပ်တွေမှာမှတ်ထားတာနဲ့ ပြန်တိုက်ကြည့်ပြီး အစေ့တွေကို မျိုးနာမည်တွေရေးပြီးအသေးစိတ်ထိုင်ကြည့်တယ်။ စိတ်မျက်စိနဲ့ ဓာတ်ပုံရိုက်တယ်။ မျက်စိမှိတ်ပြီးစမ်းကြည့်တယ်။ ဘယ်နေရာကတော့ ချိုင့်နေတယ်။ ဒါဘာမျိုးလဲ။ ပြီးတော့ရာဘာမျိုးကိုင်းပွားခင်းထဲမှာ ထမင်းမေ့ ဟင်းမေ့နဲ့။ အချိန်အားတာနဲ့မျိုးတွေ တစ်ခုခြင်းကို ထိုင်ကြည့်နေတတ်ခဲ့တယ်။ နောက်ဆုံးမှာ တော့ရာဘာအရွက်တစ်ရွက် မြင်လိုက်ရင် ဘာမျိုးလဲ ဆိုတာကို စိတ် ဓာတ်ပုံကချက်ခြင်းဖတ်ပြီး ပါးစပ်က မျိုးနာမည်နဲ့ အပင်ရဲ့ ဖွဲ့စည်းပုံ၊ ဘယ်လိုဒေသတွေမှာ စိုက်ပျိုးသင့်တယ်၊ ဘယ်လိုရောဂါဒဏ် ခံနိုင်ရည် ရှိတယ်ဆိုတာတွေကို တစ်ခဏခြင်းမှာ ပြောလာနိုင်ခဲ့တယ်။

ပြီးတော့ပင်စည်လုံးပတ်ကို ကြည့်ပြီး ဘယ်နှစ်နှစ်သားဆိုတာကို ပြောလာနိုင်တယ်။ကျွန်တော် အစေးလှီးခြံထဲကို ရောက်ရင် သူတို့တွေက ပြောသေးတယ်။  ညီလေးရေငါတို့က အစေ့စိုက်မျိုးတွေပါ။ မင်းထက် အသက်ကြီးပြီ၊ အိုနေပါပြီကွာ၊ငါအလုပ်မလုပ်နိုင်တော့လို့ မင်းတို့ကို အားနာနေပြီ။ ငါလုပ်ပေးနိုင်တာကရာဘာမှိုင်းတိုက်ရာမှာ သုံးမယ့်သစ်အဖြစ်တော့ အသုံးဝင်နိုင်ပါသေးတယ်။ ငါ့ကိုခုတ်လှဲလိုက်ပါတော့တဲ့။ နောက်တစ်နေရာရောက်တော့ အစ်ကိုရေ ကျွန်တော်ကတော့ဘယ်နှစ်နှစ်သားပဲ ရှိသေးတယ်ဗျတဲ့။ ခပ်ကြွားကြွား၊ ခပ်စွာစွာကောင်းလေးကပြောတယ်။ ကျွန်တော်က အထွက်ကောင်းမျိုး၊ အဖူးကူးမျိုးဆိုတော့အစေးကောင်းကောင်း ထုတ်ပေးနိုင်တယ်ဗျ။ ပြီးတော့ မျိုးဟောင်းဖြစ်တဲ့ဟိုလူကြီးတွေထက်တော့ သာတာပေါ့ဗျ။ မျက်စပစ်ပြီး ပြောလိုက်ပုံကလေ။ ကျွန်တော်ကဆောင်းတွင်း ဘက် ရွက်ကြွေကာလမှာလည်း မြန်မြန် နာလံထနိုင်တယ်ဗျတဲ့။ကျွန်တော် ပြုံးပြီး ခေါင်းလေးကို တီးထည့်လိုက်မိတယ်။

နောက်တစ်နေရာရောက်တော့ အစ်ကိုကြီး ညီလေးတို့က နောက်ဆုံးပေါ်မျိုးတွေနော် အခုမှ ကလေး အရွယ်ပဲရှိသေးတာ။ ညီလေးတို့ လူပျိုဖြစ်လာရင်လေ သူတို့တွေထွက်သာအောင်အစေးထုတ်ပေးပြီး ကျေးဇူးဆပ် လုပ်ကျွေးမှာ ပါဗျတဲ့။ ပြီးတော့ ကျွန်တော်ကရာဘာသစ်လည်း အထွက်ကောင်းတယ်နော် အစ်ကိုကြီး တဲ့။ သြော် သူတို့လေးတွေကတစ်ယောက်နဲ့ တစ်ယောက် (အဲလေ တစ်ပင်နဲ့ တစ်ပင်) အားကျမခံပါပဲလားဗျ။ကျွန်တော့်မှာတော့ သူတို့ပြောနေကြတဲ့ စကားတွေ နားထောင်ပြီး ပြုံးရယ်နေရတယ်။ ကျေနပ်ပီတိလည်း ဖြစ်လို့လေ။ ကျွန်တော်လည်း ပြန်ပြောလိုက်တာပေါ့ ဟေ့ညီသေးလေး အရမ်းစွာတယ်ကွာ။ ဒါပေမယ့် မင်းပြောတာတွေ အတွက်ကျေနပ် ပါတယ်ကွာ လို့ပေါ့။

နောက်တစ်နေရာရောက်တော့ ကျွန်တော် အရမ်း စိတ်မကောင်းဖြစ်ရတယ်။ ပြောရတော့မှာပဲဗျာ။ ကျွန်တော်တို့ ရာဘာခြံကတစ်နှစ်ကို ရည်မှန်းချက် ကိုက်မှီအောင် ထုတ်လုပ်ရတဲ့ ခြံဖြစ်တယ်ဗျ။ ဒီတော့အချို့ နေရာတွေမှာ နည်းစနစ်ဆိုတာကို မလိုက်နာနိုင်ကြတော့ဘူး။တစ်ကြောင်းဆွဲနဲ့ လုံးပတ်ဝက် တစ်နေ့ခြား အစေးခြစ်သွားရင် စီးပွားရေးသက်တမ်းနှစ် ၃၀ မကလို့ နှစ် ၄၀ လောက်ထိ ပုံမှန် အစေးထွက် နိုင်တာလေ။အခုတော့ တစ်ကြောင်းဆွဲလည်း မလုပ်နိုင်။ ထုတ်လုပ်ရေးမှီအောင် နေ့တိုင်းအစေးခြစ်လို့။ အပင်လေးတွေကို အသက်ရှုခွင့်၊ အစာစားခွင့်မပေး။ ကြာလာတော့အပင်တွေက တိုးတက်မှုနှေးကွေးပြီး နောက်ဆုံး ရေဓာတ်များ အစေးဓာတ်နည်းတဲ့အစေးရည်တွေ ထုတ်ပေးပါရောလား။ ပြီးရင် အပင်မျက်နှာပြင်တွေမှာတစ်ကြာင်းဆွဲနေရာမှာ နှစ်ကြောင်းဆွဲလို့။ တစ်ချို့အပင်တွေဆို လုံးပတ်ပြည့်ခြစ်ထားကြတာ။ သူတို့လေးတွေက လူပျို အရွယ်ကျော်လို့ အိမ်ထောင်သည်အရွယ်လေးတွေပေါ့။ အချိန်မကျခင် အိမ်ထောင်ပြုကြ (အဲလေ အစေးခြစ်ထားကြ) တော့ခုတ်လှဲတော့မယ့် အပင်အိုတွေလို မျက်နှာပြင်မှာ အကြောင်းရာပေါင်းများစွာနဲ့။အချိန်မကျခင် အိုနေပါရောလား ညီလေးတို့ရေ။ မင်းတို့ကို ကြည့်ရတာ အစ်ကို သနားလိုက် တာကွာ။ ငါ့ညီတို့ ဘယ်လိုလုပ် အနှစ် ၃၀ နေရမှာလဲ။ မင်းတို့ပင်ပန်းဆင်းရဲနေတာကို အစ်ကို မမြင်ရက်ဘူးကွာ လို့ ပြောဖြစ်တယ်။ ပြီးတော့စိတ်မကောင်းလွန်းလို့ ကျွန်တော် မျက်ရည်ကျရတယ်။ လူသားတွေ လုပ်သမျှမခံနိုင်ဘူးလို့ ငြင်းခွင့်မရှိတဲ့ အပင်တွေလေ။

ဒီလိုနဲ့အစေးလှီးခြံထဲကို ကျွန်တော် သိပ်မသွားတော့ဘူး။ အပင်လေးတွေကို နည်းစနစ်မကျအလုပ်လုပ်ထားတွေကို တွေ့ရင် ဘယ်သူ့ကိုမှ အပြင်တင်လို့မရ။ ကျွန်တော်ပဲစိတ်မကောင်းဖြစ်ရမှာလေ။ ကျွန်တော်ချစ်ရတဲ့ ပျိုးပင်တွေကြားမှာ မျိုးဟောင်း၊ မျိုးသစ်၊ အထွက်ကောင်းမျိုးတွေကြားထဲမှာ ပျော်နေခဲ့တယ်။ အထွက်ကောင်းတဲ့အပင်ပျိုလေးတွေ ထုတ်လုပ်ပေးဖို့၊ မျိုးမမှားအောင် ဂရုစိုက်ဖို့ကြိုးစားခဲ့တယ်။ မျိုးမှားသွားရင် ရာဘာစိုက်တောင်သူတွေရဲ့ ဘဝအရမ်းနစ်နာသွားမှာဆိုတော့ ဂရုစိုက်ပြီး လုပ်ဆောင်ခဲ့ရတာပါ။ ချစ်ရတဲ့ရာဘာမျိုးတွေနဲ့ စကားပြောရင်း ရာဘာပျိုးခင်းကနေ မျိုးမှန်တဲ့ရာဘာပျိုးပင်တွေ ထုတ်ပေး နိုင်ခဲ့တာပေါ့ဗျာ။

အောင်ကောင်းမြတ်



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  စကားပုံ  

"နတ်တော်၊ ပြာသို ကြံဖျားချို"