စိုက်ပျိုးရေးစနစ် အတွက် မှန်(၄)မှန်နှင့် မြေသြဇာအသုံးပြုရေး အတွက် မှန်(၄)မှန်

Photo - လယ်ယာစိုက်ခင်း

စိုက်ပျိုးရေး လုပ်ငန်းများဖော်ဆောင် လုပ်ကိုင်ရာတွင် အဓိကအချက်ကြီး(၄)ချက် ရှိပါသည်။ ထိုအချက်များကို မှန်ကန်စွာ လုပ်ဆောင်မှသာ စိုက်ပျိုးရေးလုပ်ငန်းကိုအောင်မြင်စွာ လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။ အချို့သော စိုက်ပျိုးသူများကား ထိုအချက် ၄ ချက်ကို မှန် ၄ မှန် ဟူ၍ သိထားကြသည်။

(၁) စိုက်နည်းစနစ်၏ မှန် ၄ မှန်

ပထမမှန် - စိုက်ပျိုးမည့် သီးနှံအမျိုးအစား မှန်ကန်ရန် ဖြစ်သည်။ စိုက်ပျိုးမည့် ရေ၊ မြေ၊ ရာသီဥတုနှင့် မကိုက်ညီသော မျိုးများကို စိုက်ပျိုးလျှင် အောင်မြင်မှု ရရှိရန် နည်းပါးရာမှ လုံးဝ မအောင်မြင်သည်အထိ ကြုံတွေ့နိုင်သည်။ စိုက်ပျိုးသီးနှံကိုရွေးချယ်ရာတွင် မျိုးစု Genus မှ၊ မျိုးစိတ် Species မှ၊ မျိုးပြား variety အထိ မှန်ကန်ရန် အရေးကြီးသည်။ သီးနှံမျိုးစု တစ်ခုတည်း၌ပင် မျိုးစိတ်၊ မျိုးပြားကွဲပြားမှုကြောင့် ယင်းတို့ကိုစိုက်ပျိုးရာတွင် လိုအပ်ချက်များကွဲပြားနိုင်ပါသည်။ ထို့ကြောင့် စိုက်ပျိုးမည့် သီးနှံများ၏ မျိုးကိုသေချာစွာရွေးချယ် စိုက်ပျိုးသင့်သည်။

ဒုတိယမှန် - စိုက်ပျိုးမြေ မှန်ကန်ရန် ဖြစ်သည်။ ရွေးချယ်ထားသောသီးနှံပင်နှင့် လိုက်ဖက်သောမြေမျိုး ဖြစ်ရန် လိုအပ်သည်။ မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိ၊ ဓာတုဂုဏ်သတ္တိနှင့် ဇီဝ ဂုဏ်သတ္တိအားလုံးသည် စိုက်ပျိုးမည့် သီးနှံပင်နှင့် လိုက်ဖက်သောဂုဏ်သတ္တိရှိမှသာထိုမြေမျိုးကိုမှန်ကန်သောမြေမျိုးဟုယူဆနိုင်ပါသည်။

တတိယမှန် - သီဥတုမှန်ကန်ရန် ဖြစ်သည်။ ရာသီဥတုဆိုရာ၌ နွေ၊ မိုး၊ ဆောင်း၊ ကွာခြားရုံမကစိုက်ပျိုးမြေ၏ ပင်လယ်ပြင်အထက် အမြင့်ပေ၊ အီကွေတာမှ အကွာအဝေး၊ အပူချိန်၊ မိုးရေချိန်စသည့် အချက်များ ပါဝင်သည်။ ထိုအချက်များအားလုံးမှာစိုက်ပျိုးမည့် သီးနှံပင်နှင့် အသင့်တော်ဆုံး ဖြစ်ရန် လိုအပ်သည်။ သို့မှသာလုပ်ကိုင်သောစိုက်ပျိုးရေးလုပ်ငန်းအောင်မြင်မည် ဖြစ်သည်။

စတုတ္ထမှန် - စိုက်နည်းစနစ် မှန်ကန်ရန် ဖြစ်သည်။

သီးနှံပင် တစ်မျိုးနဲ့ တစ်မျိုးအကြားစိုက်နည်းစနစ်များမတူနိုင်ပါ။ သီးနှံပင်၏ ကြီးထွားဖွံ့ဖြိုးမှု ပုံစံနှင့် ဆီလျော်သောစိုက်နည်းစနစ်ကိုကျင့်သုံးရန် လိုအပ်သည်။ သီးနှံပင် တစ်မျိုးစီ၌ ကွဲပြားသော ကြီးထွားဖွံ့ဖြိုးမှု၊ ပြင်ပရုပ်ပြင်၊ ဇီဝကမ္မနှင့် မျိုးဗီဇကွဲပြားမှုကြောင့် စိုက်စနစ်များကွဲပြားနိုင်သည်။ စိုက်စနစ်ဖြင့် စိုက်ပျိုးမှသာအောင်မြင်မှု ရရှိနိုင်မည် ဖြစ်သည်။

သီးနှံပင်များကို လိုအပ်သော စိုက်နည်းစနစ် မှန် ၄ မှန်ဖြင့် စိုက်ပျိုးရန် လုပ်ကိုင်ပြီးသော်လည်း၊ အပင်များ ကြီးထွား ဖွံ့ဖြိုးရေးအတွက် အစာကျွေးရာတွင်လည်း စနစ်မှန်ကန်သော ပုံစံဖြင့် ပြုစုကျွေးမွေးမှသာ လိုအပ်သောအောင်မြင်မှုကို ရရှိုနိင်ပေမည်။

(၂) မြေသြဇာအသုံးပြုခြင်း၏ မှန် ၄ မှန်

ပထမမှန် - အသုံးပြုသောမြေသြဇာများ အမျိုးအစား မှန်ကန်ရန် (Right type) ဖြစ်ရန် ဖြစ်သည်။ သီးနှံပင်များ အမျိုးအစား ကွဲပြားကြသကဲ့သို့ ကြီးထွားမှု အဆင့်လည်း မတူညီကြပါ။ စပါးပင်၏ အစာစားသုံးမှု ပုံစံနှင့် မြေပဲပင်၏ အစာစားသုံးမှုကို နှိုင်းယှဉ်လျှင်၊ အပင်များ ဖြစ်၍ ယေဘူယျ တူညီသော အချက်များ ရှိသကဲ့သို့ သီးနှံအမျိုးအစားခြင်း မတူညီမှုကြောင့် သီးသန့် လိုအပ်ချက်များ၊ အပင်မျိုးအလိုက် ကွဲပြားနိုင်သည်။ သီးနှံ တစ်မျိုးစီ၏ လိုအပ်ချက်နှင့် ယင်းတို့၏ ကြီးထွား ဖွံ့ဖြိုးမှု အဆင့်အလိုက် လိုအပ်သောမြေသြဇာ အမျိုးအစားကို မှန်ကန်စွာကျွေးနိုင်မှသာကောင်းမွန်သောအောင်မြင်မှုကို ရရှိနိုင်မည် ဖြစ်သည်။ ဓာတ်မြေသြဇာ၊ သဘာဝ မြေသြဇာ၊ ဇီဝ မြေသြဇာများ ခွဲခြား နားလည်ရန် လိုအပ်သကဲ့သို့ ကွန်ပေါင်းမြေသြဇာများ အသုံးပြုပါကလည်း မှန်ကန်သော အချိုးပါသည့် မြေသြဇာများကိုရွေးချယ် အသုံးပြုရန် လိုအပ်သည်။ ကွန်ပေါင်းမြေသြဇာများတွင် မှန်ကန်သောအင် ပီကေ (NPK) အချိုးကိုရွေးချုယ် အသုံးပြုရန် လိုအပ်သည်။ အချို့သော စိုက်ပျိုးသူများက အင်ပီကေ(NPK) အချိုးညီသော ၁၅:၁၅း၁၅ ကဲ့သို့ မြေသြဇာမျိုးများသည်သာ အကောင်းဆုံးဟု ယူဆကြပြီး သီးနှံပင် သက်တမ်း တလျှောက်လုံး တသမတ်တည်း ထိုမြေသြဇာတစ်မျိုးတည်းကို သာကျွေးကြသည်။

သီးနှံပင်များကို ကွန်ပေါင်းမြေသြဇာများကျွေးရာတွင် အင်ပီကေ အချိုးညီခြင်း၊ မညီခြင်းထက် လိုအပ်သော အချိုးမှန်ကိုအသုံးပြုရန် အရေးကြီးသည်။ ကြီးထွားဖွံ့ဖြိုးမှု အဆင့်နှင့် ကိုက်ညီသော အချိုးမှန်သည့် ကွန်ပေါင်းမြေသြဇာမျိုးကိုရွေးချယ် အသုံးပြုနိုင်မှသာပို၍ ကောင်းမွန်သောအောင်မြင်မှုကိုရရှိနိုင်မည် ဖြစ်သည်။

ဒုတိယမှန် - ပမာဏမှန် (Right Amount) ဖြစ်သည်။ စိုက်ပျိုးသူ အများသည် မြေသြဇာများ အသုံးပြုရာတွင် စိုက်ခင်း၏ ဧရိယာပေါ် မူတည်၍၊ အနည်းအများ သတ်မှတ်၍ ကျွေးကြသည်။ တစ်ဧကမြေသြဇာ မည်မျှ ကျွေးခြင်းဟူသော ပုံစံမှာ မှန်ကန်သော ပုံစံ မဟုတ်ပါ။ စိုက်ခင်းတွင် စိုက်ပျိုးစ အပင်ငယ် ဘဝတွင် တစ်ဧကအတွင်းရှိ အပင်များအတွက် လိုအပ်သောမြေသြဇာ ပမာဏ မများနိုင်ပါ။ ထိုအပင်များ ကြီးထွားလာသောအခါ တစ်ဧကအတွင်း အပင်အရေအတွက် တိုးမလာသော်လည်း အပင်အရွယ် ကြီးမားလာမည် ဖြစ်သည်။ သီးနှံပင်များ၏ မြေသြဇာ စားသုံးနိုင်သည့် ပမာဏမှာ ယင်းတို့၏ ကြီးထွားမှုနှင့် တိုက်ရိုက် ဆက်စပ်လျက်ရှိသည်။ ကြီးထွားမှု လျင်မြန်ချိန်တွင် အစာစားနှုန်း ပိုလာနိုင်သည်။ ကြီးထွားနှုန်း နှေးသွားသောအခါတွင် အစာလိုအပ်မှု လျော့သွားနိုင်သည်။ ထို့ကြောင့် စိုက်ပျိုးသူအနေနှင့် မိမိစိုက်သောသီးနှံပင်များအားမြေသြဇာကျွေးရာတွင် ယင်းတို့၏ ကြီးထွားမှု နှုန်းနှင့် လိုက်ဖက်သောမြေသြဇာပမာဏကိုအသုံးပြုရန် လိုအပ်သည်။

တတိယမှန် - အချိန်မှန် (Right Time) ဖြစ်သည်။ သီးနှံပင်များအားမြေသြဇာကျွေးရာတွင် အစေ့စ စိုက်ချိန်မှ ဘယ်နှစ်ရက် (သို့မဟုတ်) ကောက်စိုက်ချိန်မှ ဘယ်နှစ်ရက်ဟုရက်၊ လများတွက်၍ ကျွေးကြသည်။ မှန်ကန်သော အချိန်ဆိုရာ၌ ထိုသို့ ရက်လ မှန်ကန်ရုံ သာမက တစ်နေ့တာ အတွင်း၌ပင် မှန်ကန်သော နာရီတွင် ကျွေးရန် လိုအပ်မှုများ ရှိသည်။ အထူးသဖြင့် အရွက်ဖြန်း မြေသြဇာများ ပက်ဖြန်းရာတွင် အရွက်များ မျက်နှာပြင်ပေါ်ရှိ စတိုမာခေါ် လေပေါက်များ ပွင့်ချိန်၊ နံနက်ပိုင်းအချိန်တွင် ကျွေးရန် လိုအပ်သည်။ အကယ်၍ စတိုမာတာများ ပိတ်သွားသော မွန်းလွဲချိန်နှင့် ညနေပိုင်းတွင် ကျွေးမိပါက လေလွင့်မှုများ များစွာ ဖြစ်မည် ဖြစ်သည်။ အရွက်ဖျန်း မြေသြဇာများ ပက်ဖျန်းရာတွင် နံနက်နေပွင့်ချိန်မှ ၁၀:၃၀ နာရီ အထိမှာ အကောင်းဆုံး ဖြစ်သည်။ အကယ်၍ မြေသြဇာအရည်များ ကျန်ရှိနေသေးလျှင်လည်း မဖျန်းရသေးသော အပင်များကို နောက်ရက်တွင် ပက်ဖျန်းသင့်သည်။

စတုတ္ထမှန် - နေရာမှန် (Right Place) ပင် ဖြစ်သည်။ မျိုးစေ့များကို ဆားလောင်တတ်သော မြေသြဇာမျိုးဆိုလျှင် အစေ့နှင့် တိုက်ရိုက် မထိတွေ့နိုင်သောနေရာ (သို့မဟုတ်) နေရာအနည်းငယ်ခွာ၍ ကျွေးရန် လိုအပ်သည်။ အမြစ် ဖွံ့ဖြိုးမှု မကောင်းသော အာလူး ကဲ့သို့သော အပင်မျိုးဆိုလျှင် မျိုးဥ၏ အောက်ခြေ တည့်တည့်တွင် ကျွေးရန် လိုအပ်သည်။ အမြစ် ဖွံ့ဖြိုးမှု မကြီးမားသော ပဲများနှင့် အချို့သော ဟင်းသီးဟင်းရွက်များကို ဘောင်၌ စိုက်သောအခါ အပင်ခြေနှင့် နီးသောနေရာတွင် မြေမြုပ်ထည့်သွင်းနိုင်သည်။ ဘေးဘက်ဆီသို့ အမြစ် ဖြန့်ထွက်သော ဘူး၊ သခွား၊ ဖရုံကဲ့သို့သော မျိုးများကား မြေမျက်နှာပြင်မှ မနက်သောနေရာများတွင် ချကျွေးနိုင်သည်။ အမြစ်ဖွ့ံ့ဖြိုးမှု အားကောင်းသော ပြောင်းပင်များကို တန်းလိုက်စိုက်ပါက တန်းများအကြားရှိ နေရာများတွင် လွယ်ကူစွာ ချကျွေးနိုင်သည်။

အရွက်ဖျန်း မြေသြဇာများကို အသုံးပြုပါက ရွက်အိုများထက် ရွက်နုများကို ပို၍ ဦးစားပေး ကျွေးရန် လိုသည်။ ရွက်နုများက ရွက်အို ရွက်ဟောင်းများထက် မြေသြဇာများကို ပိုမို စုပ်ယူ စားသုံးနိုင်သည်။ အရွက်များ၏ အပေါ်မျက်နှာပြင် အောက်မျက်နှာပြင် ကွဲနေပါက နှစ်မျက်နှာလုံးကို ပက်ဖျန်းရန် လိုအပ်သည်။ စတိုမာခေါ် လေပေါက်များမှာ အရွက်၏ မျက်နှာပြင်တွင် အရေအတွက် ပိုများစွာ ရှိနေခြင်းကြောင့် အထက် မျက်နှာပြင်နှင့် စာလျှင် အောက်မျက်နှာပြင်ကို ပို၍ ဦးစားပေး ပက်ဖျန်းရန် လိုအပ်သည်။

သရက်၊ ပိန္နဲ၊ လိမ္မော်၊ မာလကာ စသော သစ်ပင်များကို အစာကျွေးရာတွင်လည်း နေရာမှန်ရန် လိုအပ်သည်။ ယေဘူယျအားဖြင့် အပင်တို့၏ အမြစ်များသည် မိမိတို့၏ မြေပေါ်ရှိ အကိုင်းများ ဘေးသို့ ဖြာထွက်သည့် အတိုင်းအတာအထိ အမြစ်များ မြေဆီလွှာအတွင်း ဖြန့်ထွက်သည်ဟု ခံယူထားသည်။ မြေပေါ်ရှိ ကိုင်းများ (အရွက်များ) ဖြန့်ကျက်သည့် နေရာ အတိုင်းအတာကို ရွက်အုပ် (Carnopy) ဟု ခေါ်သည်။ ဆိုလိုသည်မှာ အပင်၏ ကိုင်း၊ ဘေးဘက်ဆီသို့ ဆန့်ထွက်သော အကွာအဝေးသည် ၉ ပေရှိလျှင် ယင်းကို အချင်းဝက် အဖြစ် သတ်မှတ်ပြီး အပင်ရင်းမှ ၉ ပေ ပတ်လည် စက်ဝိုင်း သတ်မှတ်လိုက်ပါ။ အချင်းဝက် ၉ ပေ ရှိသော ထိုစက်ဝိုင်း၏ အချင်းမှာ ၁၈ ပေ ရှိမည် ဖြစ်သည်။ ထို ၁၈ ပေ အချင်းဧရိယာအတွင်း၌ သစ်ပင်၏ အမြစ်များ ပြန့်နေမည်ဟု ယူဆနိုင်သည်။ ထိုဧရိယာအတွင်းရှိ မြေဆီလွှာတွင် မြေသြဇာများကို ချကျွေးနိုင်သည်။ သစ်ပင်များအတွက် သတ်မှတ်ထားသော မြေဆီလွှာ အနက်မှာ ရာသီပင်များအတွက် သတ်မှတ်သော အနက်နှင့် မတူပါ။ ရာသီပင်များတွင် မြေဆီလွှာအနက်ကို မြေဆီလွှာ မျက်နှာပြင်မှ ၆ လက်မအနက်အထိ သတ်မှတ်သည်။ သစ်ပင်များတွင်ကား အနက်ကို ၂ပေ ထိ သတ်မှတ်သည်။

သစ်ပင်များ၏ အစာ စုပ်ယူသော အမြစ် အများစုသည် မြေမျက်နှာပြင်မှ ၂ ပေအနက်ထိ နေရာ၌သာ အဓိက ပြန့်နေသည်။ ထို့ကြောင့် ထိုနေရာများတွင်သာ မြေသြဇာများကို ကျွေးရန် လိုအပ်သည်။

မြေသြဇာ ကျွေးသောအခါ ၁ နှစ်လျှင် ၂ ကြိမ်ကျွေးရန် လိုအပ်သည်။ မိုးဦးတွင် တစ်ကြိမ်နှင့် မိုးနှောင်းတွင် တစ်ကြိမ် ကျွေးကြသည်။

လူတို့ စိုက်ပျိုးသော သီးနှံပင်များ၊ သစ်ပင်များ ဖြစ်စေ၊ သဘာဝ အပင်များ ဖြစ်စေ၊ မြေဆီလွှာမှ အာဟာရ မျိုးစုံကို ပမာဏ လုံလောက်စွာ မရရှိနိုင်သဖြင့် မြေသြဇာများ ကျွေးရန် လိုအပ်ပါသည်။ အပင်များသည် အတိုင်းအတာ အမျိုးမျိုးဖြင့် မြေသြဇာများကို စားသုံးကြပါသည်။ မြေသြဇာအတွက် ကုန်ကျသော ရင်းနှီးငွေနှင့် မမျှ( ပို) သော အကျိုးရလဒ်များ ရရှိနိုင်ပေသည်။ သို့ပါ၍ စိုက်ပျိုးသူများ အနေနှင့် မြေသြဇာများကို မှန် ၄ မှန် နည်းစနစ်ဖြင့် ကျွေးပါက ပို၍ ကောင်းသော ရလဒ်ကို ရရှိနိုင်ပါသည်။

ဦးဖရက်သိန်းဖေ

 

 



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  ဆိုရိုးစကား  

"ကမ္ဘာပေါ်တွင် သစ်ပင်ဖြစ်ပေါ်လာရန် နှစ်ပေါင်း လေးထောင်ကျော် အချိန်ယူရသည်"