ကျနော်တို့ ဒီကမ္ဘာမြေဝယ် အပင်မျိုးစိတ်ပေါင်း ၁သန်းခန့် ရှိပြီး စာရင်းပြုစုပြီး ၃သိန်းနီးပါး၊ မျိုးတူ အမည်ကွဲနှင့် မျိုးစိတ်ခွဲများ ၄သိန်းခွဲကျော်၊ စာရင်းမပြုစုနိုင်သေးသော မျိုးစိတ်ပေါင်း ၂သိန်းကျော် ရှိပါတယ်။ နောက်ထပ်လဲ အသစ်သစ်သော မျိုးစိတ်တွေ ဆက်လက်၍ ပေါ်ထွက်နေဆဲဖြစ်ပါတယ်။
သစ်ပင်မှ ရတဲ့ အကျိုးကျေးဇူးတွေကို ပြောမယ်ဆိုတော့ ကျနော် စာမရေးခင် အချက်တွေ ဆွဲထုတ်ကြည့်တယ်။ အင်း အတော်ကိုများတာပဲ။ ဘယ်ဘက်ကကြည့်ကြည့် လောကကို ကောင်းကျိုးပြုနေတာကို တွေ့ရတယ်။ ဒီတော့ ကိုယ့်ဘာသာကိုယ် ဘယ်ကစပြောရမလဲတောင် ဖြစ်မိတယ်။ ဒီတော့ ကျနော် ကဏ္ဍတွေ ခွဲကြည့်မယ်ဗျာ။ အရေးကြီးဆုံးကတော့ ပတ်ဝန်းကျင်ဂေဟစနစ်နဲ့ ပတ်သတ်တာပေါ့။ နောက်တခုက ဒီဂေဟစနစ်ကနေ ဆက်စပ်ပြီးတွေးကြည့်လိုက်တာ တကမ္ဘာလုံးနဲ့ သက်ဆိုင်တဲ့အရေးပေါ့။ မတူဘူးနော် ပထမကဏ္ဍနဲ့ ဒုတိယကဏ္ဍနဲ့။ ပထမက သူ့ဝန်းကျင်ကလေးတင်၊ ဒုတိယက အဲ့ဒီဝန်းကျင်ငယ်လေးတွေ စုပေါင်းပြီး တကမ္ဘာလုံးအပေါ် အကျိုးသက်ရောက်မှုဖြစ်စေတာ။ တတိယအနေနဲ့ လူတွေအပေါ်အကျိုးပြုတာ အနေနဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်း ၂မျိုးရှိမယ်။ စိတ်ပိုင်းမှာ အပင်တွေရဲ့ သက်ရောက်မှုတွေက လူတွေကို စိတ်ကြည်လင်လန်းဆန်းမှုကို ပေးစေလို့ ဒါလဲ အရေးကြီးတဲ့အတွက် ထည့်ရမယ်။ နောက် ရုပ်ပိုင်းအနေနဲ့က လူတွေရဲ့ ကျန်းမာရေးနဲ့ စီးပွားချမ်းသာရေး ဆိုပြီး ထပ်ခွဲရမယ်။ နောက်ဆုံးအနေနဲ့ အရေးကြီးဆုံးလဲ ဖြစ်တဲ့ ကျနော်တို့ အသက်ရှင်ရပ်တည်ဖို့ စား၊ ဝတ်၊ နေရေး ဤအချက်သုံးချက်ကို အဓိက ပံ့ပိုးထောက်ပံ့နေတာမို့ သူ့က အသက်တမျှ အရေးကြီးတာမို့ ထည့်သွင်းစဉ်းစား လိုက်ပါတယ်။ ဒီတော့ ကဏ္ဍတွေကို ပြန်ပြောရရင်-
၁။ ပတ်ဝန်းကျင်ဂေဟစနစ် သက်ရောက်မှု အပိုင်း (Environmental Effect)
၂။ တကမ္ဘာလုံးဆိုင်ရာ သက်ရောက်မှု အပိုင်း (Global Effect)
၃။ စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှု အပိုင်း (Mental Effect)
၄။ ကျန်းမာရေးပိုင်းဆိုင်ရာ သက်ရောက်မှု အပိုင်း (Health Effect)
၅။ စီးပွားရေးပိုင်းဆိုင်ရာ သက်ရောက်မှု အပိုင်း (Economical Effect)
၆။ အသက်ရှင်သန်မှုဆိုင်ရာ ထောက်ပံ့သက်ရောက်မှု အပိုင်း (Vital Effect)
ဒီအချက်တွေကို တခုချင်းစီပြောတာထက် အချက်တခုနဲ့တခုက အပြန်အလှန် ဆက်စပ်နေတာမျိုးရှိလို့ ကျနော်တတ်နိုင်သလောက် ရှင်းပြသွားပါ့မယ်။
ကောင်းပြီ။ အပင်တွေရှိနေလို့ ပတ်ဝန်းကျင် ဂေဟနစ်ကို ဘယ်လိုအကျိုးသက်ရောက်မှုရှိလဲဆိုတော့။ အပင်တွေက ဘာလုပ်သလဲ အရင်ကြည့်ရမယ်။ အားလုံးသိကြတဲ့ အတိုင်း အပင်အများစုဟာ နေရောင်နဲ့အစာချက်တဲ့ လုပ်ငန်းစဉ် (Photosynthesis) ကို နေ့ဘက်မှာပြုလုပ်ပြီး ၎င်းအစာကိုပင် ပြန်လည်စားသုံးတဲ့ (အပင်ရဲ့ ဇီဝဖြစ်စဉ်အချို့အတွက်) ဖြစ်စဉ် (Respiration) ကိုတော့ ညဘက်မှာ ပြုလုပ်တယ်။
Photosynthesis ဖြစ်စဉ်မှာ အလွယ်ပြောရရင် မြေကြီးထဲကရေ၊ လေထဲက CO2 ၊ နေရောင်အလင်းနဲ့ ပေါင်းပြီး အပင်မှာ အစာချက်တဲ့အခါ ကာဘိုဟိုက်ဒရိတ် နဲ့ အောက်ဆီဂျင်ထွက်တယ်။ ကာဘိုဟိုက်ဒရိတ်ကို အပင်အတွင်း သိုမှီးသိမ်းဆည်းပြီး O2ကိုတော့ ဓာတ်ပြုမှုရဲ့ ဘေးထွက်ပစ္စည်း အနေနဲ့ လေထုထဲကို ထုတ်လိုက်တယ်။ Respiration ဖြစ်စဉ်မှာကျတော့ အပင်ရဲ့ဇီဝကမ္မဖြစ်စဉ်အချို့ အတွက် လိုအပ်တဲ့စွမ်းအင်ရရှိဖို့ ၎င်းကိုယ်တိုင် ချက်ယူထားတဲ့ အစာ Carbohydrate ကပဲ ပြန်လည် ဖြိုခွဲတဲ့ဖြစ်စဉ်ဖြစ်တယ်။ ဒီတော့ လေထဲက အောက်ဆီဂျင်ကို ပြန်ယူ Carbohydrate နဲ့ပေါင်း တခါ CO2 နဲ့ ရေပြန်ထွက်တယ်။ ဒီ Respiraton ဖြစ်စဉ်ရဲ့နှုန်းနဲ့ Photosynthesis ရဲ့နှုန်းမှာ Photosynthesis ရဲ့နှုန်းက ၃ဆကနေ ၄ဆအထိများနိုင်တာပေါ့။ ဒါကြောင့်ပဲ ပိုတဲ့ Carbohydrate တွေကို ပုံစံမျိုးစံနဲ့ အပင်မှာ သိမ်းထားနိုင်တာပေါ့ဗျာ။ ဒါကြောင့် ပုံမှန်အားဖြင့် အပင်တွေက CO2ကို ရှူပြီး O2 ကိုထုတ်ကာ သတ္တလောကအတွက် အဖိုးတန် Carbohydrate တွေကို အပင်တွင်း သိမ်းထားပေးတယ်လို့ ပြောနိုင်ပါတယ်။
ဒီတော့အပင်က ဝန်းကျင်က ရေဓာတ်ကို ထိန်းညှိပေးထားတယ်လို့ ပြောရမယ်။ တနည်းအားဖြင့် မိုးသဲသဲမဲမဲရွာလို့ ရေကြီးလာမှုကို အပင်တွေရှိရင် အဲ့ဒီ ရေကြီးမှုကို သက်သာစေမယ်။ (အပင်တွေကို သူတို့လိုတဲ့ရေတွေကို စုပ်ပေးထားလို့)။
တစ်ခါ လေထုထဲက CO2 ကို စုပ်ထားနိုင်လို့ ပတ်ဝန်းကျင်လေထုကို သန့်ရှင်းစေရုံသာမက တဆက်တည်း ဝန်းကျင် အပူချိန်ကိုပါ လျော့ချနိုင်တယ်။ ဒါကြောင့် အပင်အရိပ်က ပလက်စတစ်အရိပ်ထက် ပိုအေးနေရတဲ့အချက်ပဲ။ ဒါကြောင့်ပဲ ရန်ကုန်-မန္တလေး လမ်းဟောင်းနဲ့ ရန်ကုန်-ပြည်လမ်းမှာ ရှိနေတဲ့ အပင်ကြီးတွေရဲ့အရိပ်ကြောင့် နွေအခါ ခရီးသွားရသော်လည်း အပင်ရိပ်အောက်မှာမို့ ပူမှန်းမသိသာပါ။
အောက်ဆီဂျင်ဆိုတာက သက်ရှိလောကအတွက် အစာချေဖျက်ဖို့ စွမ်းအင်အနေနဲ့ မရှိမဖြစ် အရေးပါတဲ့ ဓာတ်ဆိုတော့ ဒါကို အပင်ကပဲ ပေးနေတဲ့အတွက် ကျေးဇူးကြီးမားလှပေတယ်။
နောက်တခုက အပင်ရဲ့ အမြစ်အဖွဲ့အစည်မှာ မှီတင်းနေထိုင်ကုန်ကြတဲ့ အဏုဇီဝပိုးမှသည် တီကောင်၊ မြေအောင်းပိုး၊ သတ္တဝါတွေအဆုံး ထိုသတ္တလောကတခုလုံးအတွက် အပင်တိုင်းဟာ ၎င်းတို့မှီခိုရာအိမ် အဖြစ်၎င်း၊ တခါ အပင်ကိုယ်၌က ၎င်းတို့ကို ရှင်သန်ဖို့အတွက် ပြန်လှန်မှီခိုနေရခြင်းဖြင့် သဟဇာတ မျှတစွာ အမှီသဟဲပြုနေကြပါတယ်။ ထို့အတွက် မြေဆီလွှာကောင်းမွန်မှု ပိုမိုဖွံ့ဖြိုးစေပြီး ရှိပြီးသား မြေဆီလွှာတွေလဲ မပျက်စီးစေခြင်းဖြင့် ဂေဟစနစ်ကို အကျိုးပြုနေပြန်ပါတယ်။
အမြစ်က မြေကြီးကို ခိုင်မြဲစွာ ဆုပ်ကိုင်ထားတဲ့အတွက် မြေပြိုခြင်း၊ ရေတိုက်စားခြင်းကို အတိုင်းအတာ တစ်ခုအထိ ခံနိုင်ရည်ရှိတာမို့ မြစ်ကမ်းနံဘေးတွေမှာ အပင်တွေရှိခြင်းဟာလဲ ကမ်းပါးပြိုခြင်းကို ထိန်းထားနိုင်တယ်လို့ ဆိုရပါမယ်။
အင်းလေးကန်လို နေရာမျိုးမှာ ရေထိန်းပင်တွေ လျော့နည်းသွားခြင်းဟာ ကန်ဧရိယာလျော့စေတဲ့ အချက်တခုပါ။ ထို့နည်းတူ မြန်မာပြည်အနှံ့ သဘာဝရိုးမတောကြီးများ ဖြစ်တဲ့ ကချင်တောင်တန်း၊ ချင်းတောင်းတန်း၊ ရှမ်းကုန်းမြင့်၊ ပဲခူးရိုးမ၊ ရခိုင်ရိုးမ၊ ဒေါနတောင်တန်း၊ တနင်္သာရီတောင်တန်း၊ စတာတွေမှာ တမိုးတွင်းလုံးရွာသွန်းလိုက်တဲ့ မိုးရေတွေကို အတိုင်းအတာတခုအထိ ထိန်းသိမ်းထားနိုင်စွမ်းရှိလို့ ရာသီဥတုကို မဖောက်ပြန်အောင် ထိန်းထားနိုင်တာပါ။
ဒီနေရာမှာ ကမ္ဘာလုံးဆိုင်ရာ သက်ရောက်မှုတွေအကြောင်း စလာပါပြီ။ ကျနော် အပင်တွေရဲ့ Photosynthesis ဖြစ်စဉ်ကြောင့် ကမ္ဘာပေါ်မှာ နှစ်စဉ် ကာဗိုဟိုက်ဒရိတ် ထုတ်လုပ်ပေးနေတဲ့ ဇယားလေးတခု ကို ပြောပြချင်ပါတယ်။
ဂေဟစနစ် အမျိုးအစား တကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်နိုင်မှု (billions metric tons per year) အပူပိုင်း မုတ်သုံတော ၃၇.၄ သမပိုင်းတော ၁၅.၀ သမပိုင်းမြက်ခင်းလွင်ပြင် ၅.၄ စိုက်ပျိုးထွန်ယက်မြေ ၉.၁ရေချို(ကန်၊ ၊မြစ်၊ ချောင်း၊ အင်း၊ အိုင်) ၀.၅ ပင်လယ်၊ သမုဒ္ဒရာ ၅၅.၀ စုစုပေါင်း ထုတ်လုပ်မှုပမာဏ ၁၂၂.၄ (ref: pg 18, Plant Physiology The Structure of Plants Explained by Dr. Edwin Oxlade) ဒီတော့ နှစ်စဉ် ကမ္ဘာအနှံ့ အပင်တွေကနေ အစာချက်လုပ်ပေးနေတဲ့ ပမာဏက သန်းထောင်ပေါင်း ၁၂၂.၄ မက်ထရစ်တန် ရှိတယ်ဆိုတော့ အပင်တွေက သတ္တလောကတခုလုံးအတွက် ဘယ်လောက် အလုပ်လုပ်ပေးနေသလဲဆိုတာ ရိပ်မိလောက်ပြီထင်ပါတယ်။
ဥတုရာသီ တောကိုမှီ ဆိုတဲ့စကားအတိုင်း အပင်တွေဟာ သဘာဝဝန်းကျင်ဂေဟစနစ်တခုလုံးအတွက် အရေးပါတဲ့ “ရေ” ကိုလဲ ထိန်းညှိပေးထားပါတယ်။ အပူပိုင်းမုတ်သုံတောများ လွန်ခဲ့တဲ့ဆယ်စုနှစ် များစွာက တစ်ပင်နှင့်တစ်ပင်ထပ်အောင် ပိန်းပိတ်နေသည်အထိ ထူထဲစွာ ပေါက်ရောက်နေကြပါတယ်။ ဒီတော့ မိုးရွာချလိုက်တယ်ဆိုရင်ပေါ် မိုးရေဟာ မြေကြီးနဲ့ထိဖို့ အနဲဆုံး ၁၀ မိနစ်ကနေ ၁၅ မိနစ် လောက်ထိ ကြာနိုင်ပါတယ်။ တစ်ခါ မြေကြီးကို ရွှဲသွားအောင်လုပ်ဖို့ကို အချိန်အတော်ကြာ ယူရပါမယ်။ အပင်ပေါင်းများစွာရဲ့ အမြစ်တွေကစုပ်ယူထားနိုင်လို့ ရေတွေဟာ မြစ်ချောင်းအင်းအိုင်ထဲ ရောက်ဖို့ အချိန်တော်တော်ကြာ ယူရပါမယ်။ ရေစီးသွားရာတလျှောက် အပင်တွေပေါက်ရောက် နေပြန် တော့ မြေဆီလွှာတွေ မတိုက်စားနိုင်တဲ့အပြင် ရေပမာဏများစွားကိုလဲ ကောင်းစွာစုပ်ယူ ထားနိုင် ပါတယ်။ ဒီလိုနဲ့ မြစ်ချောင်းတွေဆီရောက်ပြန်တော့ ကမ်းနံဘေးပေါက်ရောက်နေတဲ့ အပင်တွေက မြစ်ကမ်းနံဘေးကို ရေးစီးက မတိုက်စားနိုင်အောင် ကာကွယ်ထားကြလေရဲ့။ ဒီတော့ မြစ်ကမ်းမပြိုတော့ မြစ်ဝှမ်းလဲ မကျယ်လာတော့ဘူးပေါ့။ မြစ်ဝှမ်းကျယ်ခြင်းကြောင့် နောက်ဆက်တွဲဖြစ်မယ့် မြစ်ကြောင်းလမ်းကြောင်း ပြောင်းခြင်း၊ တစ်ဖက်မှာ သောင်တွေ ကျယ်ပြန့်စွာဖြစ်ပြီး နောက်တစ်ဖက်မှာ ကမ်းပါးတွေတိုက်စား ရွာတွေ မြို့တွေ တိုက်စားတဲ့အထိ ဘယ်ဖြစ်တော့မလဲ။ ဒါတွေဟာ သစ်တောတွေက ကာကွယ်ထားတာပါ။ လွန်ခဲ့တဲ့ ရာစနှစ်များစွာ ကနေ ဆယ်စုနှစ်များစွာအထိ ဒီလိုကာကွယ်လာကြပေမယ့် မသိနားမလည်တဲ့ သစ်ခုတ်သမားတွေ၊ လောဘရမ္မက် ဟုန်းဟုန်းတောက်နေတဲ့ သစ်ခုတ်ကုမ္ပဏီတွေ၊ ခိုးပြီးသော်၎င်း၊ သွယ်ဝိုက်၍သော်၎င်း၊ တိုက်ရိုက်ပေါ်တင်သော်၎င်း ခုတ်ယူနေကြတဲ့ အာဏာရှင်အသိုင်းအဝိုင်းတခု ဘေးက ခရိုနီ၊ပြာ၊ဝါ၊စိမ်း၊မဲညစ်တွေကြောင့်၎င်း၊ ပျက်စီးသကာ့ ပျက်စီးလာရင်း သဘာဝဥတုဖောက်ပြန်ကာ ဖြစ်ပျက်လာသော တောမီးများ၊ သဘာဝဘေးဒဏ်များကြောင့် အခုဆိုရင် တကမ္ဘာလုံးအတိုင်းအတာနဲ့ တစ်စက္ကန့်တိုင်း တစ်စက္ကန့်တိုင်းမှာ ဘောလုံးကွင်း တစ်ကွင်းစာနီးနီးရှိတဲ့ (၁ဧကနီးနီး) သစ်တောပမာဏတွေဟာ ပျောက်ကွယ်နေပြီ ဖြစ်ကြောင်း။
လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာက သစ်တောတွေဟာ တစ်ကမ္ဘာလုံး ဧရိယာရဲ့ ၁၄% ရှိခဲ့ရာက အခုဆိုရင် ၆%သာ ရှိတော့ လာမည့် ဆယ်စုနှစ် အနည်းငယ် ဒီပုံစံအတိုင်း ဆက်သွားလျှင် ဘာမျှကျန်တော့မည် မဟုတ်ကြောင်း။ ကျနော်ဖတ်ခဲ့ဖူးတဲ့ ဆောင်းပါးထဲက သုတကျော်ရဲ့ ဆောင်းပါးထဲက စကားအတိုင်း ခဏယူငှားသုံးရလျှင် ကျနော်တို့ နိုင်ငံကြီးသား ပီသသူတိုင်း မိမိ ထမင်းတနပ်စာအတွက် မိမိအိမ်ထရံနှင့် တိုင်တို့ကို ချွတ်မရောင်းမိစေဖို့ စေတနာဖြင့် သတိပေးလိုက်ရပါတယ်။
ကိုဝေအောင်
စိမ်းလန်းသစ်မွှေးရောင်းဝယ်ရေး
၂၀၁၄
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်