ဖရဲသီးဈေးကောင်းရဖို့ မှည့်ပြောက်စွန်းရောဂါကာကွယ်စို့

19/11/2020 11:45 AM တွင် ဘုန်းဟိန်းနိုင် ဘုန်းဟိန်းနိုင် မှ ရေးသား

    ဖရဲသီးစိုက်ပျိုးသော တောင်သူဦးကြီးတို့အနေဖြင့် မိမိအခင်းတွင် မျိုးစေ့ဆောင်မှည့်ပြောက်စွန်းရောဂါ ကျရောက်ခဲ့မည်ဆိုပါက ရောဂါလက္ခဏာများ သိရှိစေရန်နှင့် ကာကွယ်နှိမ်နင်းနည်းများကို ဖော်ပြလိုက်ရပါသည်။

    ဖရဲသီးအား မြန်မာနိုင်ငံဒေသအနှံ့အပြားတွင် စိုက်ပျိုးကြပြီး ရေဓာတ်ပါဝင်မှုများပြားကာ စားကောင်းသော ဆေးဖက်ဝင်သီးနှံတစ်မျိုးဖြစ်သည်။ အသီးကြီးထွားချိန်သည် မြေကြီးနှင့် ထိတွေ့မှုများသောကြောင့် အသီးလှ၍ ဈေးကွက်ဝင်စေရန် အထူးဂရုပြုစိုက်ပျိုးမှသာ ရောဂါကင်းလွတ်ပေလိမ့်မည်။

မှည့်ပြောက်စွန်းရောဂါအကြောင်း

    မှည့်ပြောက်စွန်းရောဂါဖြစ်စေသော မှို၏အမည်မှာ Colletotrichum.sp ဖြစ်သည်။ မျိုးစေ့ဆောင်ရောဂါဖြစ်သောကြောင့် မျိုးစေ့များအား မစိုက်ပျိုးမီ အထူးသတိပြုရန်လိုအပ်သည်။ ရောဂါကျရောက်မှုကို သိရှိနိုင်စေရန်လက္ခဏာမှာ ဖရဲပင်၏ ပင်စည်၊ အရွက်နှင့် ရွက်ညှာများပေါ်တွင် အစက်အပြောက်လေးများ ဖြစ်ပေါ်လာသည်။ အပင်သည် အသီးသီးချိန်ရောက်လာသည့်အခါ သီးကင်းများပေါ်သို့ အစက်အပြောက်မှိုမျှင်စုများ ကူးစက်ကျရောက်ပါသည်။ အသီးစသီးချိန်တွင် ရောဂါကျရောက်မှုပြင်းထန်ပါက အရွက်ကြွေခြင်း၊ အပင်ညှိုးခြင်းနှင့် အသီးအကင်းကြွေခြင်းများ ဖြစ်ပေါ်စေလာနိုင်ပါသည်။ ရောဂါပြင်းထန်စွာဖြစ်ပေါ်မှုသည် အသီးကြီးရင့်ချိန်တွင်ဖြစ်ပေါ်ပါက အသီး၏မျက်နှာပြင်တွင် နေလောင်နာကွက်များ ဖြစ်ပေါ်လာစေကာ အသီးအားဈေးကွက်မဝင် ဖြစ်စေပါသည်။ ရောဂါကျရောက်မှုအား သိသာစေသော လက္ခဏာများမှာ ဖရဲပင်၏အရွက်များနှင့် အသီးများပေါ်တွင် မည်းနက်ရောင် (သို့) ဝါမီးခိုးရောင်အစက်အပြောက်များကို မြင်နိုင်မည်ဖြစ်သည်။

ရောဂါကျရောက်မှုဖြစ်ပေါ်ရန် အခြေအနေများနှင့် ကူးစက်ပျံ့နှံ့မှုများ

  • ဖရဲခင်းအားရေပေးသွင်းမှုများပြားခြင်း
  • ဖရဲခင်းတွင် ပိုးမွှား၊ ပေါင်းပင်များ များပြားခြင်း
  • ဖရဲပင်၏အရွက်များနှင့် ဖရဲခင်းတွင် စိုထိုင်းမှုပမာဏများပြားခြင်း (သို့) ရေဝပ်ခြင်း
  • ခူးဆွတ်ရိတ်သိမ်းချိန်ပြီး ထုပ်ပိုးသိုလှောင်သောအချိန်တွင် အသီးများ ပူးကပ်စွာသိုလှောင်ခြင်းနှင့် အကာကွယ်မဲ့ထုပ်ပိုးခြင်း
  • မိမိ၏ဖရဲခင်းသည် ရေသွင်းရေထုတ်နှင့် လေဝင်လေထွက်မျှတမှုမရရှိခြင်း
  • အသုံးပြုသောပစ္စည်းကိရိယာများအား သန့်ရှင်းမှုမရှိခြင်း၊ တစ်နည်းအားဖြင့် တစ်ခင်းနှင့်တစ်ခင်း ရောဂါပျံ့နှံ့မှုဖြစ်စေရန် အခြေအနေပေးခြင်း

ကာကွယ်နှိမ်နင်းခြင်းနည်းလမ်းများ

    မှည့်ပြောက်စွန်းရောဂါသည် ပူနွေးစိုစွတ်မှုများသောအချိန်တွင် ဖြစ်ပေါ်စေနိုင်ပါသည်။ ထို့အပြင် ရောဂါဖြစ်စေသောသက်ရှိသည် အစေ့နှင့် အခြားသော အပင်ကြွင်းကျန်များတွင် ခို‌အောင်း နေနိုင်စွမ်းရှိသည်။ ထို့ကြောင့် အောက်ပါနည်းလမ်းများ အလွယ်တကူပြုလုပ်ဆောင်ရွက်ရန် လိုအပ်ပါသည်။

    မိမိအသုံးပြုမည့် ဖရဲမျိုးစေ့အား ရောဂါပါမပါသိရှိစေရန် မျိုးစေ့ကုသမှု ည်းလမ်းများပြုလုပ်ခြင်း (မိရိုးဖလာနည်းလမ်းများဖြင့် မျိုးစေ့အားရေပူစိမ်ခြင်းပြုလုပ်ခြင်း)

    ရောဂါကျရောက်သော အပင်နှင့် အပင်အစိတ်အပိုင်းများကို ဖျက်စီးခြင်း

    ရောဂါဒဏ်ခံနိုင်သောမျိုးများကို အသုံးပြုခြင်း

    ဖရဲခင်းကို လေဝင်လေထွက်ကောင်းလာစေရန်နှင့် ရေအလွန်အကျွံမသွင်းခြင်း

    အခင်းအား ဖရဲတစ်မျိုးတည်းစိုက်ပျိုးခြင်း မပြုလုပ်ဘဲ၂ နှစ် (သို့) ၃ နှစ်ခြား သီးလှည့်စိုက်ပျိုးခြင်း

    ဖရဲခင်းတွင် ပေါင်းပင်များ ဂရုပြု၍ရှင်းလင်းခြင်း

    အခင်း၏အစွန်း ဘောင်ပတ်လည်တွင် အခြားသောဘူးဖရုံမျိုးနွယ်ဝင်ပင်များပေါက်ရောက်နေမှုအား စစ်ဆေးခြင်း၊ ဖယ်ရှားခြင်း

    ဖရဲခင်း၏ စိုစွတ်စိုထိုင်းမှုအား စစ်ဆေးခြင်း

    ဖရဲခင်းအတွင်းသို့ သတိပြုဝင်ရောက်သွားလာခြင်း (ဖရဲပင်နှင့် အသီးများအား ဒဏ်ရာရမှုနည်းပါးစေခြင်း)

    အသီးရိတ်သိမ်းချိန်တွင် အသီးအားဒဏ်ရာရမှုနည်းပါးစေခြင်း (ရိတ်သိမ်းချိန်လွန်ရောဂါများ ကျရောက်မှုအား ကာကွယ်ခြင်း)

    ဓာတုနည်းလမ်းများဖြင့် နှိမ်နင်းလိုပါက မန်ကိုဇက်၊ ဘီနိုမိုင်း၊ ကတ်တာဖို ဆေးများအား အသုံးပြုနိုင်ပါသည်။

    များသောအားဖြင့် မှည့်ပြောက်စွန်းရောဂါကို ဓာတုနည်းဖြင့်နှိမ်နင်းမှုသည် ထိရောက်မှုရှိသော်လည်း မျိုးစေ့ဆောင်ရောဂါဖြစ်သောကြောင့် မစိုက်ပျိုးမီ မျိုးစေ့အားစစ်ဆေးရန် အထူးလိုအပ်ပါသည်။

Reference:

https://www.google.com/imgres?imgurl=http%3A%2F%2Foxfarm.co.ke%2Fwp-content%2fuloads%2F2020%2F01%2Fanthracnose.jpg&imgerfurl=http%3A%2F%2Foxfarm.co.ke%2Fagri-biz-insights%2Fhow-to-mange-anthracnose-in-watermelon%2F&tbnid=24I7U8yYp.J3J3M&Vet-12ahUkewido6vSt-rsAhvXwXMBHT-gA0wQygCegUIARDpAQ.i&doci=RVyyxoQH4laSGM&w=768&h=514&q=chemicals%20control%20anthracnose%20of%20watermelon&ved=2ahUKEwido6vSt-rsAhVXwXMBHT-gA0wQMyCegUIARDpAQ

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်