“ငါး၊ ပုစွန်မှသည်.…ငါးပိပြုပြင်ထုတ်လုပ်ပုံ"

26/06/2020 11:30 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    မြန်မာလူမျိုးတို့ နှစ်ခြိုက်စွာစားသုံးကြသည့် အစားအစာများတွင် ငါးပိသည်လည်း တစ်ခုအပါအဝင်ဖြစ်ပေသည်။

    ငါးပိကို ငါးခူ၊ ငါးကျည်း၊ ငါးရံ့၊ ငါးဖယ်၊ ငါးမော့တော့၊ ငါးဇင်ရိုင်း၊ ငါးဖျင်းသလက်၊ ငါးဘဲဖြူ၊ ငါးပြေမ စသည့် ငါးများဖြင့်အလျင်းသင့်သလို ပြုလုပ်လျက် ရှိကြပါသည်။ငါးပိတွင် ရေချိုငါးပိနှင့် မျှင်ငါးပိဟူ၍ နှစ်မျိုးရှိပါသည်။ ရေချိုငါးပိမှာ ငါးဖြင့်ပြုလုပ်ရသည့် ငါးပိဖြစ်ပြီး မျှင်ငါးပိမှာ မျှင်ကောင်(ပုစွန်ငယ်တစ်မျိုးဖြင့်)လုပ်ရ၍ မျှင်ငါးပိဟု ခေါ်ဆိုကြပါသည်။

    မျှင်ငါးပိကို စိမ်းစားငါးပိ၊ ပုစွန်ငါးပိဟုလည်း ခေါ်ကြပါသေးသည်။ မျှင်ငါးပိ(ပုစွန်ငါးပိ)၏ မူလအစ အခြေခံကုန်ကြမ်းမှာ စက်တင်ဘာလမှ ဒီဇင်ဘာလအတွင်း ကမ်းခြေအနီးတွင် ဝင်ရောက်ကျက်စားလေ့ရှိသော မျှင်ကောင်လေးများ ဖြစ်ပါသည်။ မျှင်ကောင်မှရသော ဥကို 'ဂွေးဥ' ဟုခေါ်ကြပါသည်။ မျှင်ကောင်လေးများမှာ အကောင်ရေ သိန်းသန်းချီပြီး ကမ်းခြေအနီးရေတိမ်ပိုင်းတွင် အုပ်စုဖွဲ့ နေထိုင်လေ့ရှိကြပါသည်။

    အရွယ်အစားမှာ အလွန်သေးငယ်ပြီး အရောင်မှာ အနီရောင်သန်းကာ ပုံသဏ္ဍာန်မှာ ပုစွန်နှင့်တူပြီး ပုစွန်အငယ်စားလေး ဖြစ်ပါသည်။ ရခိုင်ကမ်းရိုးတန်းဘက်တွင် မျှင်ကောင်လေးများပေါများကြပြီး ရခိုင်မျှင်ငါးပိမှာ နာမည်ကြီးကြပါသည်။

    မျှင်ငါးပိ(ပုစွန်ငါးပိ)ကို ပြုလုပ်ရာ၌ ပထမဦးစွာ ဖမ်းဆီးရမိလာသော မျှင်ကောင်များအား အမှိုက်၊ သဲများနှင့် ရောနှောပါလာတတ်သည့် ငါးငယ်များကို ဖယ်ယူသန့်စင်ရပါသည်။ ထို့နောက် မျှင်ကောင်(ပုစွန်ငယ်)လေးများအား တစ်နေ့လုံးနေရောင်ရနိုင်သည့် ကွင်းပြင်ကျယ်များတွင် သန့်ရှင်းသည့် အကွက်စိပ်ပလတ်စတစ်ပိုက်များခင်းကာ တနေ့တာနေလှန်းပြီးနောက် မျှင်ခြောက်များအား ဒေသရိုးရာလက်ထောင်းဆုံ၊ ခြေနင်းမောင်းဆုံတို့ဖြင့် ရေအနည်းငယ် ဆွတ်ဖျန်း၍ ကြေညက်အောင်ထောင်းရပါသည်။ ထိုသို့ ထောင်းယူပြီးနောက် အဖဲ့ငယ်များဖဲ့ကာ နေထပ်လှန်းရပါသည်။ ပထမအကြိမ် တစ်ထပ်ထောင်းနေလှန်းပြီးနောက် ဒုတိယအကြိမ် ရှေ့နည်းတူ ထပ်၍ထောင်းကြရပြန်သည်။ ဤကား နှစ်ထပ်ထောင်းဖြစ်ပေသည်။ ထိုသို့ထောင်းပြီးသည့်နောက်တွင် နောက်တစ်ကြိမ်ထပ်၍ နေလှန်း၊ ပြီးပါက ရှေ့နည်းတူ ထပ်၍ထောင်းပြီးပါက အသင့်စားသုံးနိုင်သည့် လျှာပေါ်တင်ရုံနှင့် အိစက်ညက်ညောပြီး အရည်ပျော်သွားနိုင်သောသုံးထပ်ထောင်း မျှင်ငါးပိမွှေးမွှေးလေး”ကို ရရှိပါသည်။ ရခိုင်မျှင်ကိုထောင်းသော ငါးပိသည် မျှင်ငါးပိအစစ်ဖြစ်သည်ဟု ဆိုကြပါသည်။ မျှင်ငါးပိမှာ ရေငွေ့ဓါတ်၊ အသားဓါတ်၊ ထုံးဓါတ်ပါဝင်သောကြောင့် အာဟာရတန်ဖိုးမြင့်မားသည်ဟု ဆိုရပါမည်။

    ငါးပိနှင့်ပတ်သက်၍ ထားဝယ်ဒေသထွက် ထားဝယ်ငါးပိထောင်း၊ ငါးပိသုပ်မှာ နာမည်ကျော်လှပါသည်။ ထားဝယ်ငါးပိထောင်းပြုလုပ်ရာတွင် မျှင်ငါးပိ၊ ပုစွန်ခြောက်၊ ငရုတ်သီးစိမ်းတောင့်၊ ကြက်သွန်ဖြူလိုပါသည်။ ပထမဦးစွာမျှင်ငါးပိကို မီးကင်ရပြီး မီးကင်ရာတွင် အကျက်ညီဖို့လိုပါသည်။ ထို့နောက် ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူကို ဒယ်အိုးနှင့် အသင့်လှော်ထားရပါမည်။ ပြီးက ပုစွန်ခြောက်ကို ငရုတ်ဆုံမှာ လေးစိပ်ကွဲထောင်းပြီး လှော်ထားသည့် ငရုတ်သီးစိမ်းနှင့် ကြက်သွန်ဖြူအခွံသင်ပြီး ထည့်ထောင်းရပါသည်။ နောက်ဆုံးမှ မျှင်ငါးပိကင်ကိုထည့်ပြီး အားလုံးသမအောင် ညက်ညက်လေးထပ်ထောင်းပါက "ထားဝယ်ငါးပိထောင်းမွှေးမွှေးလေး" ရပါပြီ။ ထိုထားဝယ်ငါးပိထောင်းကိုပဲ ကြက်သွန်နီပါးပါးလှီး၊ ပအုန်းရည်ခပ်ပျစ်ပျစ် အနေအထားရအောင်ဆမ်းပြီး ရောနယ်ကာ"ထားဝယ်ငါးပိသုပ်” အဖြစ်စားသုံးကြပါသည်။ ပအုန်းရည်မှာ ဓနိသီး(အရည်ကို) အချဥ်ခံထားသည့် သဘာဝရှာလကာရည် ဖြစ်ပါသည်။ ငါးပိထောင်း၊ ငါးပိသုပ်မှာ ဆီမလိုသောကြောင့် ကျန်းမာရေးလည်းညီညွတ်၊ ချွေတာရာလည်းရောက်၊ စွဲမက်ဖွယ်အရသာလည်းရှိ၍ လူအများ နှစ်ခြိုက်ကြပေသည်။

    ထို့ပြင် ငါးပိရေကျိုကြိုက်သူတိုင်း ဧရာဝတီတိုင်းမှငါးပိဆိုလျှင် အသည်းစွဲဖြစ်ကြပါသည်။ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိ ရေချိုမြစ်ချောင်း၊ အင်းအိုင်၊ လယ်ကွက်တွေထဲမှရသည့် ငါး၊ ပုစွန်များမှာ အလိုလိုချိုပြီးသားမို့ ရရှိလာသော ငါးများကို အကြီးဆိုလျှင် အညစ်အကြေးခွဲထုတ်၊ သေးပါက ဗိုက်ကို ဆူးဖြင့်ထိုးပြီး ခြင်းပလုံးတွေထဲ မွှေဆေးသန့်စင်ပြီး ရေစပ်၊ သူ့အချိုးအစားတိုင်း ဆားလူးပြီး စဥ့်အိုးကြီးတွေနှင့်သိပ်ထည့်ပြီး တစ်ပါတ်လောက်နှပ်ထားရပါသည်။ နှပ်ထားပါက အပေါ်မှာ အချိုရည်တွေ တက်လာပါသည်။ အချိုရည်ကို စဥ့်အိုးတစ်လုံးဖြင့် ခပ်ထုတ်ထားရပါသည်။ ပြီးလျှင် အိုးထဲသိပ်ထားသည့် ငါးပိကို နေပြင်းပြင်းမှာ ()ရက်ခန့် ဖြန့်လှန်းရပါသည်။ နေပူရှိန်နှင့် အတော်အတန်ကျက်သွားပါက စပါးထောင်းသည့် လက်ထောင်းဆုံကြီးထဲ ထည့်ထောင်းရပါသည်။ ထောင်းသည့်အခါ စောနကဖယ်ထားသည့် အချိုရည်ကို ထည့်ထောင်းတာမို့ ငါးပိအရသာက ပိုချိုပါသည်။ ထောင်းပြီးသားကို စဥ့်အိုးထဲသိပ်ထည့်ပြီး ပိုးမတွယ်အောင် အပေါ်မှ လောက်သေရွက်ကို အုပ်ပါသည်။ စဥ့်အိုးတွေကို နေပူမှာ တန်းစီနှပ်ပြီး အချိန်ကြာရင်ကြာသလောက် ပိုစားကောင်းပါသည်။ အရသာကောင်းလေ ဈေးပိုကောင်းလေဖြစ်ပါသည်။

    ငါး၊ ပုစွန်တို့ဖြင့် ပြုလုပ်ထားသော ငါးပိကို မြန်မာလူမျိုးများမှာ ငါးပိသုပ်၊ ငါးပိကြော်၊ ငါးပိချက်၊ ငါးပိထောင်း၊ ငါးပိရည်ကျိုပြုလုပ်၍ အတို့အမြှုပ်ဖြင့် စားသုံးရသည်ကို နှစ်ခြိုက်ကြပေသည်။ မြန်မာ့ထမင်းဝိုင်းတွင် မပါမဖြစ် 'ငါးပိ'သည် အရေးပါသော ရေထွက်ပြုပြင်ထုတ်ကုန်တစ်ခုဖြစ်ပါကြောင်း လေ့လာမိသမျှ ရေးသားလိုက်ရပါသည်။

ပင်လယ်ပြာ(ငါးဦးစီး)

(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်