အရှက်ထဲကထွက်တဲ့ အမြတ်

Thein Thein Aung     24/06/2019 15:00 PM     Content Provider - Greenovator
Photo - Photo _ kymudranews

မြန်မာအိုင်ဒေါရဲ့ season 3 ပွဲစဉ်၊ top 3 အဆင့် ကို တီဗွီက ကြည့်ရင်း ၊ ပြိုင်ပွဲဝင် top 11 အဆိုရှင်လေးများဟာ Trash Heroes ဆိုတဲ့ ပရဟိတအဖွဲ့လေးနဲ့ ပူးပေါင်းပြီး၊ အများပြည်သူအပန်းဖြေနေရာဖြစ်တဲ့ ရန်ကုန်မြို့ ၊ အင်းလျားကန်အတွင်းနဲ့ ပတ်ဝန်းကျင်နေရာတချို့မှာ အမှိုက်ဆယ်၊ အမှိုက်ကောက် လုပ်အားပေးကြပြီး၊ အမှိုက်ကို စည်းကမ်းမရှိ စွန့်ပစ်ကြခြင်းအပေါ် သူတို့လေးတွေရဲ့ အမြင်ကို ပြောပြကြတာကို တွေ့လိုက်၊ ကြားလိုက်ရအပြီးမှာ ၊ အမှိုက်နဲ့ပတ်သက်ပြီး ကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့ တစ်သက်တာမှာ မေ့မရနိုင်အောင်လဲ အရှက်ရခဲ့တဲ့ ကိုယ်တွေ့ အဖြစ်လေးကို၊ မျှဝေရေးသားချင်စိတ် ပေါ်လာမိပါတယ်။

အိုင်ဒေါထဲက အဆိုတော်လေး တစ်ယောက်က ပြောကြားတဲ့နေရာမှာ ရိုးသားစွာနဲ့ အမှိုက်တွေကို ဒီလို စည်းကမ်းမရှိ စွန့်ပစ်တာ မကောင်းဘူးဆိုတဲ့ အတွေးမျိုး သူ့မှာ အရင်က  အမှုမဲ့အမှတ်မဲ့နဲ့ သိပ်ပြီးမသိရှိခဲ့လို့  အမှိုက်စွန့်တာ ကိုယ်တိုင်လည်း စည်းကမ်းမရှိခဲ့ပါဘူးလို့ ဝန်ခံပြောကြားသွားတာကြားလိုက်မိပါတယ်။ အခုတော့ သူလဲ သိရှိနားလည်ပြီး ကိုယ်တိုင်ပြုပြင်တဲ့အပြင်၊ အခြားသူတွေကိုလဲ သူ့လိုပဲ သိအောင်ပြောပြသွားမှာပါတဲ့။ ကြားရတာ အလွန်မင်္ဂလာရှိတဲ့ စကားလေးပါပဲ။ တာဝန်သိတဲ့ နိုင်ငံသားတွေ လူဦးရေများလာမှ နိုင်ငံတိုးတက်လာမှာကိုး။

ကျွန်မကတော့ သူလိုလူ မဟုတ်ခဲ့ပါဘူး။ ငယ်ငယ်လေးထဲက အဖွားနဲ့ အတူနေရတဲ့ အတွက်၊ အဖွားဟာ အလွန်စည်းကမ်းကြီးသူဖြစ်လို့၊ အိမ်မှာ အမှိုက်အတွက် အစိုပုံး၊ အခြောက်ပုံးစသည်ဖြင့် အိမ်နောက်ဖေးမှာ ရှိပြီး၊ အိပ်ခန်းတစ်ခန်းတိုင်းလဲ တစ်ပုံးစီရှိပါတယ်။  ကျွန်မတို့ မောင်နှမတစ်တွေဟာ အမှိုက်စွန့်ပစ်ရင် အမှိုက်ပုံးရဲ့အထဲကို သေချာဝင်အောင်၊ မဖိတ်စင်အောင်လုပ်ရပါတယ်။ ပစ်ပြီးရင် အမှိုက်ပုံးအဖုံးကို သေချာမစောင်းမရွဲ့အောင် ပြန်ပိတ်ရသေးတယ်။ အစို၊ အခြောက်လဲ ရောနှောမပစ်ရပါဘူး။ အမှိုက်ပုံးကိုလဲ ပြည့်တာနဲ့ ချက်ခြင်း မြူနီစပါယ်အမှိုက်ပုံမှာစွန့်ပစ်ရပြီး သေချာ သန့်ရှင်းအောင် ဆေးကြောရပါသေးတယ်။ အဖွားရဲ့ ဒေါင့်စေ့ချက်က  လက်ဖျားခါလောက်တာပါ။ ကျွန်မတို့က ကလေးပီပီ အဲဒီလောက် အတိအကျလိုက်နာဖို့ တစ်ခါတရံ ခက်ကြပါပေမဲ့ အဖွားပေးတဲ့ ပြစ်ဒဏ်ကိုကြောက်တာကြောင့်ရော၊ လိမ္မာရင်ကျွေးမဲ့ မုန့်ကို မျှော်တာကြောင့်ရော လိုက်နာဖြစ်ခဲ့ကြရာကနေ နောက်တော့လဲ အခက်အခဲမရှိ ကျင့်သားရသွားတာပါပဲ။ ဘာကြောင့် ဒီလောက် စည်းကမ်းတင်းကျပ်ရတယ်ဆိုတဲ့ အရင်းခံအကြောင်းကိုတော့ အဖွားက တဖွဖွ ပြောနေလေ့ရှိပေမဲ့ ကလေးပီပီ တန်ဖိုးကို သိပ်နားမလည်ခဲ့ပါဘူး။ အမှန်တော့ အဖွားရဲ့ အိမ်စည်းကမ်းက ကျွန်မ မမီလိုက်တဲ့ အဖိုး၊ အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ်၊ လွတ်လပ်ရေးခေတ်တို့မှာ ပြည်သူ့ကျန်းမာရေးဆရာဝန်ကြီးဖြစ်ခဲ့တဲ့ အဖိုးဆီက အလေ့ကျင့်ကောင်း အမွေကို ၄ တန်း လောက်သာ စာတတ်မြောက်ခဲ့တဲ့ အဖွားက ရိုရိုသေသေ ဆက်ခံခဲ့တာပါ။ တိုတိုပြောပြရရင်တော့ အဖိုး၊ အဖွားတို့ရဲ့ သားသမီး ၆ ဦးအနက် သား ၂ဦးဟာ ဂျပန်ခေတ်အတွင်းက စစ်ပြေးရင်း၊ မသန့်ရှင်းမှုတွေကြောင့် အဖိုး တာဝန်ယူစောင့်ရှောက်ပေးရတဲ့ အခြားသော ပြည်သူအများစုနဲ့အတူ ကာလကပ်ရောဂါတစ်မျိုး ကူးစက်ခဲ့ရတဲ့အချိန်မှာ ကျန်သားသမီးတွေကို မကူးစက်ရလေအောင် သီးခြားအခန်းခွဲ ထားရခြင်း၊ အသုံးအဆောင်တွေ သီးခြား၊ အစားအသောက် သီးခြားစားစေခြင်း ၊ နောက်ဆုံးမှာတော့ ဆေးဝါးမလုံလောက်လို့ အသက်ဆုံးရှုံးခြင်းတို့ကို ရင်နာနာနဲ့ လုပ်ဆောင်ခဲ့ရတဲ့  အမေတစ်ယောက်ရဲ့ ဘဝသင်ခန်းစာအရ အဖွားဟာ သူ့တစ်သက်တာမှာ သန့်ရှင်းရေးဆိုတဲ့ ကျန်းမာရေးတွက် အခြေခံ အရေးကြီးဆုံးကိစ္စကို စံနမူနာပြ ကိုင်တွယ်ထိန်းသိမ်းခဲ့တာပါ။

အမှိုက်စွန့်ပစ်တာ အသာထားအုံး ၊ အရာတစ်ခုကို အမှိုက်ဟုတ်၊ မဟုတ်သတ်မှတ်တဲ့ အဖွားရဲ့ လုပ်ဆောင်ချက်လေးကိုလဲ ပြောပြချင်ပါသေးတယ်။ ဥပမာ ခြံဝင်းထဲမှာ အုန်းလက်တစ်ခု ကြွေကျတယ်ဆိုရင် ၊ အဖွားရဲ့ အလုပ်ကတော့ အရွက်ချောင်းလေးတွေကို ဓါးနဲ့ သပ်ချ၊ အလယ်ကြောရိုးအချာင်းကြီးကို အဖျား၊ အလယ်၊ အရင်း ဆိုဒ်တူရာခွဲခြား၊ ညီညီညာညာဖြတ်တောက်ပြီး ထင်းအဖြစ်သုံးဖို့ အစည်းလေးတွေလုပ်ပြီး၊ လမ်းထိပ်က ဘုန်းကြီးကျောင်းမှာ ဆွမ်းချက်ရင်သုံးဖို့ သယ်ပြီးပို့ရပါတယ်။ အိမ်မှာကျန်ခဲ့တဲ့ အရွက်တွေကိုတော့ ဒါးဟောင်းလေးနဲ့သပ်ပြီး အလယ်ရိုးတံလေးတွေသပ်ချပြီး အုန်းဆံတံမြက်စည်းလေးတွေ လုပ်ရတယ်။ သပ်ချလိုက်တဲ့ အရွက်ဖတ်တွေကတော့ ခြံအစွန်က မြေဆွေးကျင်းကြီးထဲ ကို သေချာထည့်ပြီး တက်နင်း၊ ရေလောင်း ပေးရပါတယ်။ မြန်မြန်မြေဆွေးဖြစ်အောင်လို့ပါတဲ့။ အဲဒီတော့ အဖွားရဲ့သတ်မှတ်ချက်အရ တစ်ခုမှ အမှိုက်မဟုတ်တဲ့ အတွက် အားလုံးကို သေချာလုပ်ရပါတယ်၊ ပြီး-ပြီးရော လုပ်တဲ့သူကတော့ ခြေသလုံးကို အရိုက်ခံရမှာပါ။ ဒီလိုပဲ အခြားသစ်ကိုင်းတွေခုတ်ရင်လဲ ၊ အဖျားပိုင်းက သစ်ရွက်တွေ သပ်သပ်ခုတ်ပြီး မြေဆွေးကျင်းထဲထည့်၊ ကိုင်းဖျားသေးနဲ့ အလတ်လေးတွေ အတိုအရှည်ညီအောင်ဖြတ်ပြီး၊ ခြံပြင် လမ်းဘေးမှာ စီထားပေးရပါတယ်၊ တခြားက ဆင်းရဲသားတွေ ထင်းလာကောက်ရင် အဆင်သင့် ယူနိုင်အောင်ပါ။ အရင်းပိုင်း ကိုင်းအကြီးတွေကိုတော့ ဖြတ်ပြီး ဘုန်းကြီးကျောင်း ထင်းအတွက်ပို့တာပေ့ါ။ ပြောချင်တာက အဲဒီလောက် စည်းကမ်းကြီးတဲ့ အဖွားရဲ့ အုပ်ချုပ်မှုအောက်မှာ နှစ်ပေါင်းများစွာနေပြီး ကြီးပြင်းလာရတဲ့ ကျွန်မလို လူတစ်ယောက်အတွက်ကတော့ ၊ အမှိုက်ဆိုရင် ဘယ်လိုနေရာပဲ ရောက်နေနေ အမှိုက်ပုံး တွေ့အောင်ရှာပြီးမှ တဲ့တဲ့မတ်မတ်သွားထည့်တယ်ဆိုတာ တမင်လုပ်နေစရာမလိုပဲ အသွေးအသားထဲက အလိုလိုဖြစ်နေတဲ့ကိစ္စလိုဖြစ်ပြီး စည်းကမ်းဆိုတဲ့ အရာကလဲ တမင်ကြိုးစားပြီး ပင်ပင်ပန်းပန်း လိုက်နာရတာမဟုတ်၊ သူ့အလိုလို အကျင့်ဖြစ်ပြီးသား အရာတစ်ခုမျှသာဖြစ်ပါတယ်။ ကျွန်မအဖွားရဲ့ အခြားသော စည်းကမ်းများဖြစ်တဲ့ အချိန်မှန်စားသောက်ခြင်း ၊ မိသားစုတွင်းတာဝန်ခွဲဝေမှု၊ ပစ္စည်းများ ထားသိုမှု၊ ပစ္စည်းဟောင်း၊ အဝတ်ဟောင်းများ ပြန်လည်အသုံးချမှု၊ အစားအသောက် ခွဲဝေစားသောက်မှုတွေကို ဆက်ရေးရင်တော့ တစ်ထောင့်တစ်ည ပုံပြင်ပမာ ဖြစ်ပါလိမ့်မယ်။ အခုကတော့ အမှိုက်ပုံပြင်ကိုသာ ပြောလိုရင်း ဖြစ်ပါတယ်။

သက္ကရာဇ် ၂၀၀၀ ကျော်လောက်မှာ ဖွံ့ဖြိုးရေးလောကထဲကို ကျွန်မရောက်လာတဲ့ အချိန်မှာတော့ မြန်မာနိုင်ငံဟာ အမှိုက်ပြဿနာ အတော်ကြီးတဲ့ နိုင်ငံကြီးဖြစ်နေပြီဆိုတာကို NGO တွေက တော်တော်လေး  သတိပေးကြ၊ နိုင်ငံသားတွေရဲ့ အမူအကျင့်တွေပြင်ကြဖို့ တိုက်တွန်းပြောကြားတာတွေ၊ စိုက်ပျိူးရေးကဏ္ဍ နဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကဏ္ဍမှာဆိုလဲ မြေဆီလွှာတွေ ခမ်းခြောက်ပျက်စီးလို့ EM Bokashi လို့ ခေါ်တဲ့  မြေဆွေးပုံပြုလုပ်ခြင်းနည်းစံနစ်နဲ့ မြေဆီလွှာတွင်း ပြန်လည်ဖြည့်တင်းပေးရပုံ စံနစ်တွေကို နိုင်ငံတကာပညာရှင်တွေက မြန်မာနိုင်ငံသားတွေကို လာရောက် ပညာပေးပို့ချပြသရတဲ့ အခြေအနေဖြစ်နေပါပြီ။ ဒီလိုကောင်းမွန်တဲ့ အမူအကျင့်တွေဟာ ရှေးကတဲက ကိုယ့်ဆီမှာမရှိခဲ့လို့ ခုမှပဲ နိုင်ငံခြားက ကောင်းမွန်တဲ့အလေ့အထတွေကို အထင်ကြီးလေးစားစွာ လိုက်နာလုပ်နေရတဲ့ ပုံစံမျိုးနဲ့ ထင်မြင်ကြသူ၊ ပြောကြသူ မြန်မာလူမျိုးအချို့ကိုလဲ တွေ့ရပြန်တဲ့အခါ တော်တော် စိတ်မကောင်းဖြစ်ရပါတယ်။ ကြုံရင်ကြုံသလိုလဲ ကျမ အဖွားရဲ့ ကောင်းမွန်တဲ့ အလေ့ကျင့်တွေကို ပြောပြရင် ဒီလိုလဲရှိလားဆိုတာမျိုး အထူးအဆန်းလို သတ်မှတ်ခံရတာလဲ ကြုံဖူးပါတယ်။ 

တိုင်းပြည် ဆင်းရဲခြင်း၊ ဉာဏ်ပညာဆင်းရဲခြင်းတို့နဲ့အတူ ပူးတွဲကြီးပြင်းလာတဲ့ စည်းကမ်းမဲ့မှုတွေကလဲ ပြောမကုန်၊ ရှုမြင်မဆုံးအောင် ဖြစ်နေပါတော့တယ်။ ဒီအချိန်မှာ ပိုပိုပြီးနားလည်လာတာကတော့ ငယ်ငယ်တုံးက အရမ်းစည်းကမ်းကျပ်မတ်ခဲ့တဲ့ အဖွားရဲ့ တန်ဖိုးတွေပဲဖြစ်ပါတယ်။

ပြောပြချင်ခဲ့တဲ့အကြောင်းကို ပြန်ကောက်ရရင်တော့ ၂၀၀၇ ခုနှစ်မှာ၊ ဂျပန်နိုင်ငံအစိုးရရဲ့ အကူအ ညီနဲ့ အပူပိုင်းဒေသ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးစီမံကိန်း အကောင်အထည်ဖေါ်ဖို့ ရှေ့ပြေး စမ်းသပ်စီမံကိန်းမှာ ပါဝင်ခွင့်ရခဲ့လို့ အဖွဲ့သားတွေနဲ့ အတူ မန္တလေးမှာနေကြပြီး အလုပ်တာဝန်တွေ ထမ်းဆောင်ရပါတယ်။ စီမံကိန်းက အပူပိုင်းဇုံ တိုင်း ၃ တိုင်း မှာ ဖြစ်ပေမဲ့ ၊ ခေတ်အခြေအနေအရ  အဖွဲ့ခေါင်းဆောင် ဂျပန်လူမျိုးပညာရှင်များဟာ မန္တလေးမှာပဲ အခြေစိုက် နေထိုင်သွားလာရပြီး၊ ညောင်ဦး၊ မကွေး နဲ့ မုံရွာ တို့မှာသာ နိုင်ငံခြားသား ညအိပ်ရပ်နားခွင့်ရှိတဲ့ အချိန်ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာအဖွဲ့ရဲ့ ခေါင်းဆောင် တာဝန်ယူတဲ့ ကျွန်မရဲ့ အတော်များများ အလုပ်ချိန်များဟာ ကားပေါ်မှာ ဂျပန်တစ်အုပ်နဲ့ အတူ ခရီးသွားရခြင်းပဲဖြစ်ပါတယ်။ ဂျပန်လူမျိုးများ စည်းကမ်းရှိပုံ ၊ အလုပ်နဲ့ အချိန်ကို လေးစားပုံ ကတော့ အထူးချဲ့မပြောလိုပါဘူး။ ကိုယ့်အဖို့ကတော့ ကိုယ့်ထက် တော်တဲ့ ၊ ကြိုးစားတဲ့ သူတွေနဲ့အလုပ်တွဲလုပ်ရတာ ကြိုက်တဲ့အတွက် သိပ်ပြဿနာမရှိလှပါဘူး။ 

အလုပ်အတူလုပ်ရတဲ့ ဂျပန်အဖွဲ့ ၄ ယောက်မှာ ၃ ယောက်က ပညာရှင်ဆရာကြီးတွေဖြစ်ပြီး ၁ ယောက်ပဲ လူငယ်ဖြစ်ကာ ရုံးအဖွဲ့တာဝန်တွေ ယူရပါတယ်။ ကျွန်မကတော့ မြန်မာအဖွဲ့ရဲ့ အကြီးဆုံးခေါင်းဆောင်ဖြစ်ပေမဲ့ သူတို့အဖွဲ့ရဲ့ အငယ်ကောင်လေးနဲ့ပဲ ခင်ခင်မင်ခင် အပြန်အလှန် အကူအညီတွေပေးပြီး နေကြလေ့ရှိပါတယ်။ သူကလဲ ဂျပန်လူမျိုးပီပီ အထက်အရာရှိတွေကို အရမ်းကြောက်ရ၊ အရမ်းရိုသေရတဲ့တွက် အပေါင်းအသင်းကလဲ နိုင်ငံခြားသားတစ်ယောက်အတွက် စကားပြောစရာလူ ရှားပါးလေတော့ ကျွန်မနဲ့ပဲ တော်တော်လေး ခင်မင်စွာနေကြတာပါ။ ခရီးထွက်ကြပီဆိုရင်လဲ ရှေ့ထိုင်ခုံမှာ ခေါင်းဆောင်တစ်ယောက်၊ နောက်ခန်း ဘယ်အစွန်မှာ အကြီးတစ်ယောက် ၊ အလယ်မှာ အငယ်ကောင်နဲ့ ကျွန်မကတော့ နောက်ခန်းညာစွန်မှာ ပုံမှန်လိုပဲ ထိုင်ကြရပါတယ်။ အပြောင်းအလဲ လုံးဝမရှိသလောက်ပါ။

ခရီးတွေသွားရင် တမြို့ နဲ့ တမြို့ ဝေးလွန်းတဲ့ပြင် လမ်းတွေကလဲ အလွန်ဆိုးတဲ့ ခေတ် အခါမို့ အရမ်းကြာပါတယ်။ ဒါပေမဲ့ ဂျပန်တွေဟာ တော်တော် အလုပ်လုပ်သူများပီပီ ကားပေါ်မှာ မအိပ်ကြပါ။ တွေ့သမျှ၊မြင်သမျှ အမေးအမြန်း ၊ အမှတ်အသား အလွန်ထူပါတယ်။ ပါးစပ် မပိတ်တန်း ရှင်းပြရတာ များပါတယ်။ ကျွန်မ ပင်ပမ်းတာ သိတဲ့ အငယ်ကောင် က တစ်ခါတစ်လေ အရဲစွန့်ပြီး သူ့ လူကြီးတွေကို ကျွန်မ ပင်ပမ်းနေလို့ နားပါစေ ဆိုပြီး ဂျပန်လို လှမ်းသတိပေး တတ်ပါတယ် ။ ကိုယ်က ဂျပန်စကားနားမလည်ပေမဲ့ ခေါင်းဆောင်က ရီပြီး ကျွန်မကို အင်္ဂလိပ် လိုပြန်ရှင်းပြရင်း တောင်းပန်စကားပြောလို့ သိရတာပဲဖြစ်ပါတယ်။

အဲဒီလိုခရီးရှည်တွေသွားရင် ကျွန်မဟာ မျက်နှာကချွေးတွေကို တစ်ရှုး နဲ့မကြာခဏ သုတ်လေ့ရှိလို့ သုံးပြီးသားတစ်ရှုူးစတွေကို အိတ်သေးလေးတစ်အိပ်ထဲ စုထည့်ထားလေ့ရှိတယ်။ နားတဲ့ ဟိုတယ်ရောက်မှ ထုတ်ပြီးပစ်လိုက်တာပေါ့။ အမှိုက်နဲ့ ပတ်သက်ရင် နဂိုထဲက စည်းကမ်းရှိပြီးသားမို့ ဂျပန်တွေနဲ့ အတူသွားလာရင်လည်း အထူးဂရုပြုပြီး နေထိုင်လေ့ရှိပါတယ်။ တစ်ရက်မှာတော့ ကျွန်မတို့ရဲ့ခရီးဟာ အတော်ရှည်လျားပြီး ငြီးငွေ့ဖွယ်ကောင်းလွန်းလို့ ကြံဖန်ပီး ရယ်စရာတွေ ပြောကြပါတယ်။ စစ်ကိုင်းတိုင်းရဲ့ မြို့လေးတစ်မြို့ ရောက်ခါနီးမှာ ရထားလမ်းက အကြာကြီးပိတ်နေတယ်။ ကျွန်မအိတ်ထဲက တစ်ရှုးစတွေကလဲ အိတ်နဲ့အပြည့်ပဲ။ အဲဒီအချိန် ကားပြူတင်းပေါက်ကနေကြည့်လိုက်တော့ လမ်းဘေးမှာ မြုနီစပါယ်အမှိုက်ပုံကြီးကို တွေ့လိုက်ပါတယ်။ စိတ်ထဲမှာ အညောင်းပြေဆင်းလမ်းလျှောက်ပြီး၊ ကိုယ့်အမှိုက်ထုတ်လေးလည်း ပစ်ဖို့ စိတ်ကူးပေါ်တာနဲ့ ကားတံခါးကို ဖွင့်ပြီး ဆင်းဖို့အလုပ် ၊ ဒရိုင်ဘာ လှမ်းပြောတယ် "အမရေ ၊ ရထားသံလမ်းပွင့်သွားပြီ၊ မဆင်းနဲ့တော့" တဲ့။ ဒါနဲ့ ကျွန်မလဲ ကားပေါ်ကမဆင်းတော့ပဲ လက်ထဲကိုင်ထားတဲ့ တစ်ရှုးအမှိုက်ထုတ်လေးကိုပဲ အမှိုက်ပုံးကြီးထဲ လှမ်းပစ်လိုက်တာပေါ့နော်။ ပြီးတော့မှ ကားတံခါးကိုပိတ်ပြီး ထိုင်ခုံကို မှီပြီးပြန်ထိုင်လိုက်ပါတယ်။ အဲဒီအချိန်မှာ ကျွန်မနဲ့ကပ်လျက် ဘယ်ဘက်မှာထိုင်နေတဲ့ ဂျပန် အငယ်ကောင်က ရှေ့ကိုပဲ တဲ့တဲ့စိုက်ကြည့်ပြီး ခပ်တိုးတိုးနဲ့ ကျွန်မတစ်ယောက်ပဲ ကြားအောင်ပြောလိုက် တာက “ JICA ကားပေါ်ကနေ အမှိုက်ကို မဆင်မခြင် စွန့်ပစ်တာဟာ ၊ ဂျပန်နိုင်ငံနဲ့ ဂျပန်လူမျိုးများကို စော်ကားတာနဲ့ အတူတူပဲမို့ အပြုအမူကို ဆင်ခြင်ပါ” တဲ့လေ။

အဲဒီ စကားကြားလိုက်ရတဲ့ ကျွန်မဟာ နေရာမှာတင် အသက်ပျောက်သွားမတတ် အသက်လည်း ရှုမရ၊ စကားလည်း မပြောနိုင်၊ ရင်ဘတ်ထဲက တင်းကျပ်တဲ့ ခံစားချက်ဖြစ်ပြီး ကျောက်ရုပ်လိုဖြစ်သွားပါတယ်။ ရှက်လွန်း၊ ဝမ်းနည်းလွန်းလို့ ချက်ခြင်းပဲ အငွေ့ပျံပြီး ပျောက်ကွယ်သွားချင်တဲ့ ခံစားချက်မျိုုးပါ။ ပြောစရာ၊ ဖြေရှင်းစရာ စကားလည်း ရှာမတွေ့ပါ။ ခဏလေးနေမှ သူငါ့ကို နောက်ပြောင်တာများလားဆိုပြီး ပြောသူရဲ့မျက်နှာကို ကြည့်တဲ့ခါ အတည်ပြောတာမှန်း အကဲခတ်နိုင်ပါတယ်။ 

ကျွန်မ အရမ်းကြိုးစားပြီး စကားတစ်ခွန်းပြန်ပြောခဲ့ပါတယ်။ "ခုလိုထောက်ပြတာ ကျေးဇူးတင်ပါတယ်" လို့ပေါ့။ 

ခဏလေးအတွင်း စဉ်းစားမိတာက ထိုင်နေတဲ့အနေအထားအရ အမှိုက်ပုံကို သူ့နေရာကနေ မမြင်နိုင်ပဲ၊ ကျွန်မနေရာကနေသာ မြင်နိုင်တာပါ။ ဒါကြောင့် ကျွန်မအနေနဲ့က အမှိုက်ကို အမှိုက်ပုံတွင်းသာ သေချာစွန့်တာဖြစ်ပေမဲ့ ၊ သူ့အမြင်မှာတော့ ကျွန်မဟာ ကားပေါ်က အမှိုက်ပစ်တဲ့ စည်းကမ်းမဲ့သူပါ။ သူ့အနေနဲ့ နိုင်ငံကြီးသားပီသစွာ ကိုယ့်ခံယူချက်အတိုင်း လူပေါ်မူတည်ပြီး အားနာခြင်းမျိုးမရှိပဲ တိတိကျကျ ထောက်ပြပြောဆိုခဲ့ တာပဲဖြစ်ပါတယ်။ ကျွန်မကိုယ်တိုင် လက်ခံသဘောကျတဲ့ အမူအကျင့်ဖြစ်လို့ သိပ်ပြီးခံစားမနေပဲ ကိုယ့်ကိုကိုယ် ပိုမိုကြိုးစားရအုံးမှာပါလားလို့ပဲ သဘော ထားလိုက်ပါတယ်။

ငါဟာ အမှိုက်ပုံမှာ အမှိုက်ပစ်တာပါလို့ ရှည်ရှည်ဝေးဝေး ရှင်းပြပြောပြလိုခြင်းလည်း မရှိတော့ပါ။ ကြာမြင့်ချိန် စက္ကန့်ပိုင်းလောက်အတွင်း အပြန်အလှန် ပြောခဲ့တာဖြစ်ပြီး၊ အဲဒီ အချိန်ပိုင်းလေးဟာ ကျွန်မအတွက်တော့ ရှက်ရလွန်းလို့ ပူထူပြီး ငရဲရောက်သွားသလိုခံစားချက် ဖြစ်ခဲ့ရတာမို့ ဒီတစ်သက် မေ့လို့မရနိုင်တဲ့ အချိန်ပိုင်းလေးပါ။

ဒီခရီးကနေ အဖွဲ့သားတွေနဲ့ အတူနေကြတဲ့ အိမ်ကိုပြန်ရောက်တော့ ကိုယ့်ဇာတ်လမ်းကို ပြောပြပြီးတဲ့နောက်ပိုင်းမှာ အရင်က အမှိုက်သေချာပစ်ဖို့၊ စည်းကမ်းရှိဖို့ ကိုယ်က ဆုံးမတိုင်း ပြောင်ချော်ချော် လုပ်နေတတ်ကြတဲ့ တပည့်များဟာ  တော်တော်လေးကို အပြုအမူ၊ ခံယူချက်တွေ ပြောင်းလဲသွားကြတာ တွေ့ရတာတော့ "အရှက်ထဲကထွက်တဲ့ အမြတ်" ပါပဲ။ ဂျပန်နိုင်ငံပဲဖြစ်ဖြစ် ဘယ်နိုင်ငံပဲဖြစ်ဖြစ် ဘာကြောင့် တိုးတက်လဲဆိုတော့ လူတစ်ဦးခြင်း တစ်ယောက်ခြင်းမှာ စည်းကမ်းရှိခြင်း၊ တာဝန်ယူတတ်ခြင်း၊ မှားနေတာကို ဝေဖန်ထောက်ပြဖို့ အားနာဝန်လေးနေခြင်းမရှိခြင်းတို့ဟာလဲ  အရေးကြီးတဲ့ နိုင်ငံသားအရည်အသွေးတွေဖြစ်လို့ ဒီလို အရည်အသွေးပြည့်ဝတဲ့ လူတွေအများကြီးနဲ့ တည်ဆောက်ထားတဲ့ နိုင်ငံဟာ သေချာပေါက် တန်ဖိုးရှိပီပေါ့။ ဒီတော့ ကိုယ့်တာဝန်ကလဲ ထောက်ပြဝေဖန်ပေးတဲ့သူကို ကျေးဇူးတင်စိတ်ထားပြီး၊ သင်ခန်းစာယူ ပြုပြင် နေထိုင်တတ်ကြမယ့်သူတွေ လူဦးရေများလာရင်တော့ ကျွန်မတို့နိုင်ငံလည်း တိုးတက်မှာပါ။

အသက်ထွက်မတတ် ရှက်တတ်တဲ့ ခံစားချက်ကို နားလည်နိုင်မဲ့ နိုင်ငံကြီးသား ပီသလိုသူ၊ နိုင်ငံတိုးတက်လိုသူတွေနဲ့ မျှဝေခံစားဖို့ ဒီစာကိုရေးဖြစ်ပါတယ်။ မြန်မာအိုင်ဒေါ ထိုင်ကြည့်ရင်း သီချင်းနဲ့ အဆိုတော်တွေတော့ မမှတ်မိ၊ ကိုယ်မှတ်မိချင်တာကိုပဲ မှတ်နေမိတာပါ။ 

သိန်းသိန်းအောင်

၂၀၁၈ ၊ အောက်တိုဘာလထုတ် ၊ အတွေးအမြင် စာစောင် အမှတ် (၃၁၄) တွင် ဖေါ်ပြပြီး ဖြစ်ပါသည်။

 

 



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  ဆိုရိုးစကား  

" နိုင်ငံဖွံ့ဖြိုးတိုးတက်လာလေလေ အသားစားမှုနှုန်းမြင့်တက်လာလေ ဖြစ်သည် "