မွေးမြူရေးအတွက် အသင့်လျော်ဆုံး အစာကြမ်း(forage) ရွေးချယ်ပေးမယ့် မိုဘိုင်းအက်ပလီကေးရှင်း

04/07/2024 11:00 AM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

အစာနုကုန်ကြမ်း (concentrate) တွေရရှိဖို့ အခက်အခဲဖြစ်လာပြီး ဈေးတွေကြီးလာတာနဲ့အမျှ  အဲဒီအစာနုကို လုံးဝမှီခိုပြီး မွေးမြူရတဲ့ ကြက်၊ ဝက်တိရစ္ဆာန်တွေ (monogastric/simple stomach animals) မွေးမြူဖို့ ခက်ခဲလာပါတယ်။ တွက်ချေမကိုက်တော့ဘူးလို့ဆိုရင်လည်း ရပါတယ်။ ဒီလိုအခြေအနေမှာ အထူးသဖြင့် အသေးစားမွေးမြူရေးသမားတွေအတွက် ရပ်တည်ဖို့ ပိုခက်ခဲလာမှာ သေချာပါတယ်။ 

ဒါပေမယ့်တစ်ဖက်မှာက စားသုံးသူပြည်သူလူထုအတွက် အသားဓာတ်လိုအပ်ချက်က ရှိနေဆဲဖြစ်ပါတယ်။ 

အသေးစားမွေးမြူသူတွေအတွက် ဒီအချိန်မှာ အစာနုဖိုး ကုန်ကျစရိတ်နည်းတဲ့ မွေးမြူရေးလုပ်ငန်းကို ပြောင်းလဲစဉ်းစားကြည့်လာကြဖို့ ရှိပါတယ်။  ကုန်ကျစရိတ် သက်သာတဲ့ အစာကြမ်း (forage) ကို အဓိကကျွေးမွေးပြီး တန်ဖိုးမြင့်တဲ့အသားတွေ ထုတ်လုပ်နိုင်တဲ့ ကျွဲ၊ နွား၊ သိုး၊ ဆိတ်တို့လို စားမြုံ့ပြန်သတ္တဝါမွေးမြူရေးတွေဘက် လှည့်လာကြမလားလို့ တွေးကြည့်မိပါတယ်။ 

အစာကြမ်းကိုမှီခိုတဲ့ မွေးမြူရေးကို ထိရောက်အောင်မြင်အောင် လုပ်နိုင်ဖို့ဆိုရင် မိမိရဲ့ဒေသ၊ မိမိမွေးမြူတဲ့ တိရစ္ဆာန်နဲ့ကိုက်ညီတဲ့ အစာကြမ်းပင်တွေ ရွေးချယ်စိုက်ပျိုးဖို့ ကျွေးမွေးဖို့ လိုအပ်ပါလိမ့်မယ်။ အစာကြမ်းပင် အမျိုးအစား ရာနဲ့ချီရှိပြီး တစ်မျိုးချင်းစီမှာ မတူညီတဲ့ ထုတ်လုပ်မှု၊ ရာသီဥတုဒဏ်ခံနိုင်မှု၊ ရေနဲ့အာဟာရမြေဩဇာ လိုအပ်ချက်၊ ကိုက်နှစ်သက်တဲ့ မြေအမျိုးအစား၊ စိုက်ပျိုးပုံနဲ့ ရိတ်သိမ်းပုံနည်းစနစ်စသည်ဖြင့် ကွဲပြားခြားနားမှုတွေ အများကြီး ရှိနေပါတယ်။ ဒါကြောင့် အစာကြမ်းပင် ရွေးချယ်ရာမှာရော၊ စိုက်ပျိုးရာမှာ အသုံးပြုရာမှာပါ ကျွမ်းကျင်သူတွေရဲ့ အကူအညီ ရယူဖို့ လိုအပ်ပါတယ်။ 

ကျွမ်းကျင်သူတွေရဲ့ အကူအညီရယူဖို့ အခက်အခဲ ရှိနေသူတွေအတွက်တော့ အားကိုးစရာ မိုဘိုင်း အက်ပလီကေးရှင်းလေး (App) တစ်ခုကို မိတ်ဆက်ပေးလိုပါတယ်။ အဲဒီ App ကလေးက မိုဘိုင်းဖုန်းရှိရုံနဲ့ ဘယ်သူမဆို အခမဲ့အသုံးပြုလို့ရတဲ့ "Tropical Forages" ဆိုတဲ့ App ကလေးပါ။ ဩစတေးလျနိုင်ငံ နိုင်ငံတကာစိုက်ပျိုးမွေးမြူ ရေးသုတေသနစင်တာ (Australian Centre for International Agricultural – ACIAR) က ထုတ်လုပ်ဖြန့်ချိထားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံအပါအဝင် အပူပိုင်းဒေသနိုင်ငံတွေမှာ ရှင်သန်ပေါက်ရောက်နိုင်တဲ့ မြက်၊ ပြောင်း၊ လူး၊ ဆပ်၊ ပဲမျိုးဝင် အပင်အမျိုးမျိုး စသည်ဖြင့် အစာကြမ်းပင်တွေအားလုံးအကြောင်းကို တစ်နေရာတည်းမှာ လေ့လာနိုင်သလို လက်တွေ့အသုံးချနိုင်အောင် အချက်အလက်အားလုံးကို ပံ့ပိုးကူညီထားတဲ့ App လေးပဲ ဖြစ်ပါတယ်။ 

တကယ်တော့ ဒီ App လေး မရှိခင်က ပင်ရင်း Website ဖြစ်တဲ့ http://tropicalforages.info မှာ အပူပိုင်းဒေသမှာ စိုက်ပျိုးနိုင်တဲ့ အစာကြမ်းပင်တွေအကြောင်းကို သွားရောက်လေ့လာနိုင်ခဲ့ပါတယ်။ အခုတော့ App အဖြစ်နဲ့မို့ မိုဘိုင်းလ်ဖုန်းထဲထည့်ပြီး အချိန်မရွေး အသုံးပြုလို့ရနေပြီ ဖြစ်ပါတယ်။ App သာ ဖုန်းထဲမှာရှိရင် အင်တာနက်မရှိတဲ့အချိန်မှာပါ သုံးလို့ရနိုင်ပါတယ်။ အသုံးလိုတယ်ဆိုသူများ Google Play မှာ Tropical Forages လို့ ရိုက်ရှာပြီး download ပြုလုပ်နိုင်ပါတယ်။ App မှာ အစိတ်အပိုင်း ၆ ခု ပါဝင်ပါတယ်။ 

Introduction ဆိုတဲ့အပိုင်းမှာ အက်ပလီကေးရှင်းဖြစ်ပေါ်လာပုံ နောက်ခံအကြောင်းအရာတွေနဲ့ အက်ပလီကေးရှင်းအကြောင်းကို ရှင်းလင်းတင်ပြထားပါတယ်။

Using the App ဆိုတဲ့အပိုင်းမှာတော့ အက်ပလီကေးရှင်းကို အသုံးပြုပုံနဲ့ ပတ်သက်ပြီး ရှင်းပြထားပါတယ်။

Glossary မှာတော့ အပူပိုင်းဒေသမှာ ရှင်သန်ပေါက်ရောက်တဲ့ အစာကြမ်းပင်တွေအကြောင်း ရေးသားထားချက်တွေမှာပါဝင်တဲ့ နည်းပညာဝေါဟာရတွေကို ရိုးရှင်းစွာနားလည်နိုင်စေဖို့ အဘိဓာန် သဖွယ် ရှင်းလင်းတင်ပြထားပါတယ်။ 

Contact ဆိုတဲ့အပိုင်းမှာတော့ မိမိတို့သိရှိလိုတာတွေကို ထပ်မံမေးမြန်းနိုင်စေဖို့ Tropical Forages Program ကို ဆက်သွယ်နိုင်မယ့် လိပ်စာတွေကို ဖော်ပြထားပါတယ်။ 

အရေးအကြီးဆုံး အစိတ်အပိုင်း ၂ ခုကတော့ Fact Sheets နဲ့ Selection Tool ဆိုတဲ့ အစိတ်အပိုင်းတွေပါ။ 

Fact Sheets မှာ အစာကြမ်းပင် မျိုးစိတ်တစ်ခုချင်းစီရဲ့ အကြောင်းကို အသေးစိတ် လေ့လာဖတ် ရှုနိုင်ပါတယ်။ 

ကိုယ့်မှာစိုက်ပျိုးစရာ အစာကြမ်းပင်မျိုးစိတ်တစ်ခုရှိထားရင် မစိုက်ခင်၊ ဒါမှမဟုတ် တိရစ္ဆာန်တွေကို မကျွေးမွေးခင် အဲဒီအပင်မျိုးစိတ်ရဲ့အကြောင်း အသေးစိတ်ကို Fact Sheets တွေထဲမှာ ရှာဖွေလေ့လာကြည့်နိုင်ပါတယ်။ 

မျိုးစိတ်တွေရဲ့ နာမည်တွေကို အင်္ဂလိပ်အက္ခရာစဉ်အတိုင်း စီစဉ်ပေးထားလို့ ရှာရတာလွယ်ကူ ပါတယ်။ မျိုးစိတ်နာမည်ကို ရိုက်ပြီးတော့လည်း ရှာဖွေနိုင်ပါတယ်။ အတော်လေးကို ရိုးရှင်း လွယ်ကူတာပါ။ 

မျိုးစိတ်တစ်ခုကို ရွေးချယ်လိုက်ရင် အဲဒီမျိုးစိတ်ဝင်အပင်ရဲ့ ပင်စည်က ဘယ်လို၊ အရွက်က ဘယ်လို၊ အစေ့ကဘယ်လိုစသည်ဖြင့် အပင်နဲ့ ပတ်သက်တဲ့ ဓာတ်ပုံတွေကို တွေ့ ရနိုင်ပါ တယ်။

ပြီးရင်တော့ သိပ္ပံအမည် ဘယ်လိုခေါ်တယ်၊ နေရာဒေသအလိုက် အခေါ်အဝေါ် ဘယ်လိုကွဲပြား တယ်၊ ဘယ်ဒေသတွေမှာ တွေ့ရတယ်၊ ဘယ်လိုပတ်ဝန်းကျင်အခြေအနေမျိုးမှာ စိုက်ပျိုးနိုင် တယ်၊ ဘယ်လိုစိုက်ရတယ်၊ ဘယ်လိုအပင်နဲ့တွဲပြီးစိုက်သင့်တယ်၊ မြေဩဇာအနေနဲ့ ဘယ်အချိန်မှာ ဘာမြေဩဇာကို ဘယ်လောက် ကျွေးမွေးရမယ်၊ ဘယ်လိုရိတ်သိမ်းရမယ်၊ တိရစ္ဆာန်တွေကို ဘယ်လို ကျွေးမွေးရမယ်၊ ဘယ်လို သိုလှောင်သိမ်းဆည်းနိုင်တယ်၊ ဘေးဥပါဒ် အနေနဲ့ ဘာတွေ ဖြစ်နိုင်တယ်၊ မျိုးစေ့ ဘယ်လိုထုတ်ရမယ်စသည်ဖြင့် အကြောင်းအရာ ပေါင်း စုံကို တစ်စုတစ်စည်းတည်း လေ့လာနိုင်မှာ ဖြစ်ပါတယ်။ 

Selection Tool ကတော့ စိတ်ဝင်စားစရာ အကောင်းဆုံးပါ။ မိမိနဲ့အကိုက်ညီဆုံး အစာကြမ်းပင် မျိုးစိတ်ကို ရွေးချယ်ဖို့ အက်ပလီကေးရှင်းက ကူညီပေးမှာ ဖြစ်ပါတယ်။

Selection Tool ထဲမှာ မေးထားတဲ့ မေးခွန်းလေးတွေကို အမှန်ခြစ် ခြစ်ပြီး ဖြေသွားရုံနဲ့ အဆုံးမှာ မိမိနဲ့ အ သင့်တော်ဆုံး အစာကြမ်းပင်မျိုးစိတ်ကို ရွေးချယ်ပေးသွားပါလိမ့်မယ်။ အဲဒီမျိုးစိတ်အကြောင်း အသေးစိတ်ကိုတော့ Fact Sheets မှာ ပြန်လည်ရှာဖွေကြည့်ရမှာပါ။

ဘာအတွက် စိုက်ပျိုးချင်တာလဲ၊ စိုက်ပျိုးမယ့်ဒေသရဲ့ တည်နေရာ (လတ္တီတွဒ်၊ လောင်ဂျီတွဒ်)၊ ပင်လယ်ရေ မျက်နှာပြင်အထက်အမြင့်ပေ၊ မြေအမျိုးအစား၊ မြေဆီလွှာမှာ အာဟာရဓာတ်ရရှိနိုင်မှု၊ မြေရဲ့ချဉ်ငံနှုန်း၊ ရေစီးရေလာ အခြေအနေ၊ မိုးရေချိန်၊ မြေဆီလွှာရဲ့ ဆားဓာတ်ပါဝင်မှုကစလို့ အသေးစိတ်ကို ဖြည့်စွက်နိုင်ပါတယ်။ အချက်အလက် စုံစုံလင်လင်ပေးနိုင်လေလေ၊ မိမိနဲ့ ပိုသင့်တော်တဲ့ မျိုးစိတ်ကို ရွေးချယ်ပေးနိုင်လေလေပါပဲ။ 

မြန်မာ့မွေးမြူသူများအတွက် Tropical Forage အက်ပလီကေးရှင်းလေးရဲ့ အားနည်းချက်ကတော့ မြန်မာဘာသာနဲ့ အသုံးပြုလို့ မရသေးတဲ့ အချက်ပါပဲ။ ဒါပေမယ့် ဘာအချက်အလက်မှမရှိဘဲ စားကျက်တွေ၊ အစာကြမ်း ပင်စိုက်ခင်းတွေကို ရမ်းပြီး ထူထောင်နေတာနဲ့ နှိုင်းစာရင် အက်ပလီကေးရှင်းလေး ရှိနေတာက အတော်ကို အသုံးဝင်တယ်လို့ ဆိုရမှာပါ။ 

မွေးမြူရေးသမား မိတ်ဆွေများအနေနဲ့ အက်ပလီကေးရှင်းလေးကို download ရယူပြီး စမ်းသပ်အသုံးပြု ကြည့်ပါဦးခင်ဗျား။ မိတ်ဆွေတို့ရဲ့ အတွေ့အကြုံနဲ့၊ မှတ်ချက်လေးတွေကိုလည်း ကြားသိလိုလှပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြလိုပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်